35 C
Yangon

စစ်ကိုင်းတွင် ရုရှားထုတ် စွမ်းအားမြင့် Kamov KA-29 Helix ဟု ယူဆရသည့် ရဟတ်ယာဉ် တစ်စင်း အသုံးပြုမှု စတင်မြင်တွေ့ရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်က သယ်ယူပို့ဆောင်ရေးနှင့်တိုက်ခိုက်ရေး နှစ်မျိုးသုံး ရုရှားထုတ် စွမ်းအားမြင့် Kamov KA-29 Helix ဟု ယူဆရသည့် အမျိုးအစား ရဟတ်ယာဉ်တစ်စင်း အသုံးပြုမှု စတင်မြင်တွေ့ရကြောင်း စစ်ဘက်လေ့လာသူတချို့က‌ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာအုပ်စုကို စစ်တပ်က ရဟတ် ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်အင်အား ၂၀၀ ခန့်ကို သယ်ယူပို့ဆောင်ခြင်းများ လုပ်ဆောင်ခဲ့ရာ ဒေသခံများက ရဟတ်ယာဉ်များ ပျံသန်းမှုကို ဓာတ်ပုံမှတ်တမ်းများ ရိုက်ကူးပြီး မီဒီယာများသို့ ပေးပို့ခဲ့ရာ မီဒီယာများတွင်လည်း ဖော်ပြကြောင်း၊ ယင်းဓာတ်ပုံများတွင် ထူးထူးခြားခြား သယ်ယူပို့ဆောင်ရေးနှင့်တိုက်ခိုက်ရေး နှစ်မျိုးသုံး ရုရှားထုတ် Kamov KA-29 Helix ဟုယူဆရသည့် အမြီးတို အမျိုးအစား ရဟတ်ယာဉ်တစ်စင်းပါဝင်လာသည်ကိုတွေ့ရကြောင်း စစ်လက်နက်ကျွမ်းကျင်သူ သတင်းရင်းမြစ်က ပြောသည်။

” ယင်းမာပင်မှာ တိုက်ခိုက်ရေးလုပ်တဲ့ အမြီးတိုရဟတ်ယာဉ်တစ်စီးပုံ တွေ့ရတယ်။ အဲဒါက Kamov KA-29 Helix တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်ဖို့များပါတယ်။ အဲဒီ ရဟတ်ယာဉ်က ပန်ကာ ၂ ထပ်ဖြစ်တယ်၊ နောက်အမြီးမှာ ပန်ကာမပါလို့ ထိန်း သိမ်း ရကောင်းပါတယ်။ မီးခိုး၊ ဖုန်ဒဏ်တွေကိုခံနိုင်ရည်မြင့်ပါတယ်။ ရဟတ်ယာဉ် အတွင်းခန်းမှာ စစ်သည် ၁၆ ဦး တင် ဆောင်နိုင်ပြီး တစ်နာရီကို ၂၇၀ ကီလိုမီတာနှုန်းနဲ့ အကွာအဝေး ကီလိုမီတာ ၁၀၀၀ နီးပါးပျံနိုင်လို့ နယ်မြေတစ်ခုအတွင်းမှာ တစ်ရွာဝင်တစ်ရွာထွက်အချိန်ပေးပျံနိုင်တယ်။ အမြင့် မီတာ၅၀၀၀ အထိ ပျံတက်နိုင်လို့ လက်နက်ငယ်နဲ့ လှမ်းပစ်လို့မရဘူး။ တပ်ဆင်ထားတဲ့ လက်နက်က ပြောင်း ၄ လုံးတွဲ ၇ ဒသမ ၆၂ မမ စက်သေနတ်မှာ ကျည် ၁၈၀၀ တောင့် ပါ လို့ မြေပြင်ပြစ်မှတ်တွေကိုသေသေချာချာချိန်ပစ်လို့ရသလို အကြာကြီးလည်းပစ်နိုင်တယ်။ စက်သေနတ်ရဲ့ထိရောက် တဲ့အကွာအဝေးက မီတာ ၁၀၀၀ ဖြစ်ပါတယ်။ ၃၀ မမ စက်အမြောက်တလက်လည်း ကျည် အတောင့် ၂၅၀ နဲ့တပ်ထားပြီး အကွာအဝေး မီတာ၂၀၀၀ ကိုတိကျစွာပစ်ခတ်နိုင်တယ်။ အဲဒီပစ်ခတ်မှုက အဝေးဆုံးမီတာ ၄၀၀၀ အထိ ရောက် ပါတယ်။ ရဟတ်ယာဉ်အပြင်မှာလက်နက်တပ်ဆင်တဲ့ Hard point ၄ နေရာပါသေးလို့ တင့်ဖျက် ဒုံးကျည်၊ လောင်ချာအစရှိတာတွေ တပ်ဆင်ပစ်လို့ရပါသေးတယ်။ ခြုံငုံပြောရရင် မြေပြင်ပြစ်မှတ်တွေကိုလေကြောင်းအသာစီးယူပြီး အသေးစိတ်စိတ်တိုင်းကျ ပစ်ခတ်ဖို့အတွက် Kamov KA-29 Helix ရဟတ်ယာဉ်တွေကို ရုရှားဆီက လျှို့ဝှက် ဝယ် သုံးတယ်လို့ ယူဆရပါတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ရုရှားထံမှ ရေတပ်သုံး Ka 27 ရဟတ်ယာဉ်များ ဝယ်ယူရန် ဆွေးနွေးမှုများ ရှိခဲ့သော်လည်း ဝယ် ယူခဲ့သည်ဆိုသော သတင်းများ မထွက်ရှိခဲ့ကြောင်း၊ လက်ရှိတွင်လည်း Kamov KA-29 Helix ဟု ယူဆရသည့် ရဟတ် ယာဉ်ကိုလည်း ဝယ်ယူသည်ဆိုသော သတင်းများ ထွက်ပေါ်ခြင်းမရှိဘဲ စစ်ကိုင်းဒေသ စစ်ဆင်ရေးတွင် ရုတ်တရက် တွေ့မြင်ရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဖရီးဂိတ် ရေငုပ်သင်္ဘောဖျက် ရေတပ်သုံး Ka27 ရဟတ်ယာဉ်တွေ ဝယ်ဖို့ဆွေးနွေးခဲ့ဖူးပေမယ့် နိုင်ငံတကာသတင်းတွေအပါ အဝင် စစ်ဖက်သတင်းတွေမှာလည်း မြန်မာပြည်မှာရောက်နေကြောင်းမသိရဘူး။ တပ်တော်ဝင်တာလည်းမရှိလို့ ယင်းမာပင်မှာ တွေ့ရတဲ့ ရဟတ်ယာဉ်က အခုရက်ပိုင်းမှ ရောက်လာတာတွေ ဖြစ်နိုင်ပါတယ်။ အခုတွေ့ရတာက ရေပြင်မဟုတ်ဘဲ ဖုန်ထူတဲ့အညာမြေဝေဟင်မှာဖြစ်လို့ Ka27 မဟုတ်ဘဲ မျိုးကွဲ Ka 29 Helix ဖြစ်နိုင်တယ်လို့ပြောတာပါ။ စစ်ကိုင်းနဲ့ မြေပြန့်ဒေသကို အားထည့် ချေမှုန်းဖို့ လက်နက် စနစ်အသစ် တွေပိုသုံးမယ့်သဘောလို့ ယူဆရပါတယ်။ နောက်တစ်ခါ တရုတ်ဆီကနေလည်း တိုက်လေ ယာဉ် အသစ်တွေထပ်ဝယ်နေတာတွေ့တယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ဆက်လက်ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article