ရန်ကုန်၊ အောက်တိုဘာ ၂၄
ကချင်ပြည်နယ်၊ ဖားကန့်တွင် ယမန်နေ့ညပိုင်း ၆၂ နှစ်မြောက် KIO နေ့ အထိမ်း အမှတ်အတွက် တေးဂီတ ဖျော်ဖြေပွဲပြုလုပ်နေစဉ် စစ်တပ်က တိုက် လေယာဉ်များဖြင့် ဗုံးကျဲမှု အနုပညာရှင်နှင့်ပြည်သူ ၅၀ နီးပါး ထိခိုက်သေဆုံးသွားကြောင်း ကချင် သတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။
အောက်တိုဘာလ ၂၃ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန် စစ်တပ်က ဂျက်လေ ယာဉ်များဖြင့် ၆၂ နှစ်မြောက် KIO အထိမ်းအမှတ်နေ့ တေးဂီတ ဖျော်ဖြေပွဲအခမ်းအနားကျင်းပနေသည့်အပေါ် ဗုံးကျဲခြင်းဖြစ်ကြောင်း၊ တေးဂီတ ဖျော်ဖြေပွဲတွင် အနုပညာရှင်များ ပြည်သူများ တက်ရောက်ချိန်ဖြစ်ကြောင်း၊ ယင်းသို့ ဗုံးကျဲမှုကြောင့် ကချင် နာမည်ကျော်အနုပညာရှင်တချို့ သေဆုံးခဲ့ကြောင်း သတင်းများရရှိထားပြီး အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
” ဖားကန့် တပ်မဟာ ၉ မှာ သီချင်းဆိုပွဲလုပ်နေတာ။ မနေ့ ည ၉ နာရီလောက်က မအလ တပ်က လေယာဥ်နဲ့ဗုံးကျဲချတာ အနုပညာရှင်တွေ ပြည်သူတွေရော အပါအဝင် ၅၀ ကျော်တော့ ထိခိုက်သေဆုံးမှုရှိတယ်။ စာရင်းတော့ အတိအကျ မသိရသေးဘူး။ ဒဏ်ရာရတာရော၊ သေဆုံးတာရောက ၅၀ ကျော်တယ်လို့ သိရပါတယ်။ ပြည်သူတွေရော အနုပညာရှင်တွေကို အပေါ်က ဗုံးနဲ့ ကျဲချတာပါ ” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။
စစ်တပ်က တေးဂီတဖျော်ဖြေပွဲကျင်းပသည့်နေရာကို စစ်လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် ကချင်တိုင်းရင်းသား နာမည်ကျော် အနုပညာရှင် Lahtaw Zau Ding ပါ သေဆုံးခဲ့သည်ဆိုသော သတင်းများ ရရှိထားပြီး အတည်မပြုနိုင်သေးပေ။
“KIO က အရာရှိအချို့လည်း ထိတယ်လို့ သိရတယ်၊ ဘယ်သူတွေလဲဆိုတာတော့ မသိရသေးဘူး” ဟု KIO နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို ဖုန်းခေါ်ဆိုလျက်ရှိသော်လည်း လက်ခံ ဖြေဆိုခြင်းမရှိပေ။
တေးဂီတဖျော်ဖြေပွဲ ဗုံးကျဲခံရမှုနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ် အသေးစိတ် ထပ်မံ စုံစမ်းလျက်ရှိသည်။