25 C
Yangon

“ပြည်သူလူထုပေါ်ပဲ ပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက်တယ်ဆိုတော့ငြိမ်ချမ်းရေးဘက်မှာ ထိခိုက်နိုင်တာပေါ့။ စစ်ကောင်စီကိုလည်း လူထုက ယုံ ကြည်မှု ရှိမှာ မဟုတ်ဘူးဆိုတော့ မြန်မာနိုင်ငံရဲ့ အရှုပ်တော်ပုံက ပိုပြီးတော့မှ ရှည်နိုင်တယ်”

Must read

By ရန်ကုန်ခေတ်သစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယမန်နေ့ည ၈ နာရီ ၄၀ မိနစ်အချိန် KIO ၆၂ နှစ်ပြည့် အခမ်းအနား အထိမ်း အမှတ် အခမ်းအနားပွဲကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကချင်တိုင်းရင်းသား အနုပညာရှင်နှင့် ပြည်သူ ၅၀ ကျော်သေဆုံးခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ KIA/KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ​ကို ရန်ကုန်ခေတ်သစ် မီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ဗုံးကျဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေ ဘယ်လိုရှိလဲ။ဆေးသွားကုတဲ့ သူတွေလည်း ဆေးကုခွင့်မရဘူးလို့ သိရလို့ပါ။

ဖြေ။ ။ တချို့ဒီကတော့ ဆေးကုသဖို့ပေါ့။ အဲကနေ့ ထုတ်ဖို့ ခွင့်တောင်းထားတာ ရှိပါတယ်။ ရပြီလားတော့ မသိဘူး။ ရတော့ ရလောက်ပါပြီ ဒဏ်ရာရသူ တော်တော်များများပါတယ်ဆိုတော့လေ ဒါပေမယ့် အတိအကျတော့ ကျွန်တော်တို့တော့ မကြားရသေးဘူး။

မေး။ ။ နောက်ဆုံးသေဆုံးနဲ့ ဒဏ်ရာရ အရေအတွက်ကိုရော ဗိုလ်မှူးကြီးတို့ အတည်ပြုနိုင်ပြီလား။

ဖြေ။ ။ မရသေးဘူးဗျ။ မေးတော့မေးကြည့်ထားပါတယ်။ သူတို့လည်း ရှုပ်ခက်နေတဲ့ အခြေအနေဆိုတော့ အရေအတွက်တော့ အကြောင်းကြားတာ မရှိသေးဘူး။

မေး။ ။ တိုက်ခိုက်ခံရတဲ့နေရာက စစ်ရေး ပစ်မှတ်လား အရပ်သားတွေနေတဲ့ ကျေးရွာလား။

ဖြေ။ ။ ကျွန်တော်တို့ တပ်မဟာ ၉ ရဲ့ ဌာနချုပ်နားကတော့ဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်တာကတော့ ပြည်သူလူထုတွေ ရှိတဲ့ နေရာလည်းပါတယ်။ မနေ့က ဂုဏ်ပြုတဲ့နေရာမှာလည်း ပြည်သူ လူထုနဲ့ အားလုံးပူးပေါင်းပြီးတော့မှ နေတဲ့နေရာဖြစ်ပါတယ်။

မေး။ ။ ဒီဖြစ်စဥ်ကြောင့် ရှေ့ဆက် ဘာတွေသက်ရောက်မှုရှိလားမလဲ။

​ဖြေ။ ။ အဲတာအတိအကျတော့ ကျွန်တော်လည်း ပြောမရဘူး။ လူတစ်ဦးတစ်ယောက်ရဲ့ အမြင်နဲ့ ပြန်ပြောမယ်ဆိုရတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ရက်တွေကတော့ ပြည်သူလူထုပေါ်ပဲ ပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက်တယ်ဆိုတော့ ငြိမ်ချမ်းရေးဘက်မှာ ထိခိုက်နိုင်တာပေါ့။ စစ်ကောင်စီကိုလည်း လူထုက ယုံကြည်မှုရှိမှာ မဟုတ်ဘူးဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အရှုပ်တော်ပုံက ပိုပြီးတော့မှ ရှည်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

မေး။ ။ လက်ရှိဖြစ်ပျက်တဲ့ အဖြစ်အပျက်ကြောင့် ငြိမ်းချမ်းရေး ထိခိုက်တယ်ဆိုတာထက် စစ်တပ်ဘက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တာဆိုတော့ နိုင်ငံတကာကိုကော အရေးယူဖို့ တောင်းဆိုတာတွေ ရှိနိုင်မလား။

ဖြေ။ ။ အဲတာကတော့ ဗဟိုကော်မတီဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်မှာပါ။ အခုထိကတော့ ကျွန်တော်တို့ ဘာမှ မကြားသိရပါဘူး။ ဒါကတော့ ဗဟိုကောမတီရဲ့ ဆုံးဖြတ်ချက်ပေါ့။ သူတို့ အစည်းအဝေးမှာ ဘယ်လိုဆုံးဖြတ်လာမလဲပေါ့။ သူတို့နဲ့ပဲဆိုင်မှာပါ။

မေး။ ။ ဒီနေ့ အလံတိုင်လဲ တစ်ဝက်လွှင့်တယ်လို့ သိရပါတယ်။ အဲတာကကော ဘယ်လိုပြောပြလို့ရမလဲ။

ဖြေ။ ။ ဒါကတော့ အဖြစ်အပျက်ကတော့ ကျွန်တော်တို့ ပြည်သူလူထုတွေ ထိခိုက်တာ သေဆုံးတာ ကျဆုံးသွားတာတွေရှိလို့ ကျွန်တော်တို့ ကချင် အလံတော်တွေကို ဂုဏ်ပြုတဲ့ အနေအထားပေါ့။ သူတို့ကို ဝမ်းနည်းကြေကွဲဂုဏ်ပြုဆုတောင်းတဲ့ အနေအထားမျိုးဖြစ်ပါတယ်။

မေး။ ။ ကျဆုံးသွားတဲ့အထဲမှာ အနုပညာရှင်တွေ တေးဂီတအဆိုတော်တွေ လူငယ်တွေတော်တော်များများပါတယ်လို့ သိရပါတယ်။ အဲဒါကော အတည်ပြုနိုင်ပါလား။

ဖြေ။ ။ ပါတယ်လို့ကတော့ အတည်ပြုပြောလို့ရပါတယ်။ ဒါပေမယ့် ဘယ်သူတွေ မည်သူ မည်ဝါတွေ ဘယ်နှစ်ဦးဆိုတာကတော့ ကျွန်တော်တို့ စုံစမ်းနေတုန်း ဖြစ်ပါတယ်။ အဲဒီ အနုပညာရှင်တွေ ပါသွားတာ မှန်ပါတယ်။

ဓာတ်ပုံ- KIO ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူ။

Photo- မြစ်ကြီးနားဂျာနယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article