27 C
Yangon

အကြမ်းဖက်စစ်တပ်က လွိုင်ကော်မြို့နယ်၊ ဝါရီကောခူကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ဒဏ်ရာရပြီး တစ်ဦး စိုးရိမ်ရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၆

ကရင်နီပြည်နယ်တွင် စစ်ကြောင်းထိုး ကျူးကျော်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ဝါရီကောခူကျေးရွာကို အောက်တိုဘာလ ၂၆ ရက် ယနေ့နံနက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရပြီး တစ်ဦးမှာ စိုးရိမ်ဒဏ်ရာရကြောင်း သတင်းရရှိသည်။

လက်နက်ကြီး ထိမှန်မှုကြောင့် ဝါရီကောခူကျေးရွာရှိ ဒေါ်မူဟိုက် အသက် ၄၅ နှစ်၊ ဦးတို အသက် ၄၆ နှစ် နှင့် ကိုကမီးယိုပု အသက် ၂၅ နှစ်တို့ ဒဏ်ရာရရှိခဲ့ပြီး ဦးခေါင်းတွင် လက်နက်ကြီး ကျည်ဆံအစ ထိမှန် ဒဏ်ရာရသော ကိုကမီးယိုပုမှာ စိုးရိမ်ရကြောင်း ရွှေလွိုင်ကော်ပရဟိတ အသင်းထံမှ သိရှိရသည်။

“သူတို့က မိသားစုဝင်တွေပါ၊ အခု လွိုင်ကော်ဆေးရုံမှာ ကုသနေပါတယ်” ဟု ရွှေလွိုင်ကော်ပရဟိတအသင်း အတွင်းရေးမှူးက ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယနေ့နံနက် ၃ နာရီမှ စတင်ကာ လက်နက်ကြီးများဖြင့် ဝါရီကောခူကျေးရွာအတွင်းသို့ ၁၅ မိနစ်ခန့် တစ်ကြိမ်ဖြင့် စုစုပေါင်း လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အောက်တိုဘာလ ၂၃ ရက် ညပိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည်တစ်လုံးသည် နေအိမ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ မိခင်နှင့် ဖခင် ဖြစ်သူ သေဆုံးခဲ့ပြီး အသက် ၈ နှစ်အရွယ်နှင့် ၆ လသားအရွယ် သားနှစ်ဦး၌လည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် မိုးဗြဲ-လွိုင်ကော်လမ်းရှိ နေရာအတော်များများကို ထိမ်းချုပ်ထားပြီး အနီးဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article