20 C
Yangon

Breaking News- ဖားကန့် ဂီတပွဲကို လေယာဉ်ဖြင့် ဗုံးကျဲချခဲ့သော ပိုင်းလော့ ၅ ဦး၏ အမည်များ ရရှိ၊ လူ ၂၀၀ ခန့် စုဝေးနေသော အခမ်းအနားကို ဗုံးကျဲရမည်ကို ကြိုတင်သိရှိ ဗုံးကျဲချ အောင်ပွဲခံ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ KIO ၆၂ နှစ်ပြည့်အခမ်းအနားကို ဗုံးကျဲချခဲ့သူ စစ်တိုက်လေယာဉ်မှူး ၅ ဦး၏ အမည်စာရင်းများကို ရန်ကုန်ခေတ်သစ်ကရရှိထားပြီး အဆိုပါ စစ်တိုက်လေယာဉ်မှူး ၅ ဦးသည် အထူးစစ်ဆင်ရေးအဖြစ် လူ ၂၀၀ ခန့် စုဝေးနေသော အခမ်းအနားတစ်ခုကို ဗုံးကျဲချရမည်ကို ကြိုတင် သိရှိခဲ့ကြကြောင်း လေတပ်သတင်းရင်းမြစ် များထံမှ သိရှိရသည်။

ဖားကန့်တွင် KIO အရာရှိများ၊ ဝန်ထမ်းများ၊ ပြည်သူများ၊ အနုပညာရှင်များ စုစုပေါင်း ၈၀ ဦးကျော်သေဆုံးပြီး ၁၀၀ နီးပါး ဒဏ်ရာရရှိသော ဗုံးကျဲမှုကို မန္တလေး၊ တံတားဦး လေတပ်စန်းမှ စခန်းမှူး၊ လေယာဉ်မှူး ၅ ဦးက အဓိက လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

တံတားဦး လေတပ်စခန်းတွင် အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး အထူးစစ်ဆင်ရေးနေ့အဖြစ် သတ်မှတ်ထားခဲ့ကြောင်း၊ ယင်းနေ့တွင် YAK-130 လေယာဉ်များကို စစ်ဆေးခြင်း၊ လက်နက်တပ်ဆင်ခြင်း၊ လေယာဉ်များ အစမ်းပျံသန်းခြင်းများ လုပ် ဆောင်ခဲ့ပြီး ယင်းနေ့ ည ၈ နာရီ ၄၀ မိနစ်တွင် KIO အခမ်း အနား ဂီတပွဲကို ဗုံးကျဲချခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အထူးစစ်ဆင်ရေး ဆောင်ရွက်ရန် တံတားဦး လေတပ်စခန်းမှူး ဗိုလ်မှူးကြီး သိန်းထူးနှင့် အမှတ် ၆၂ အုပ်မှူး ဗိုလ်မှူး ရဲဇော်နိုင်က လေယာဉ်ပျံသန်းမှုနှင့် ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်သူ ပိုင်းလော့ များကို ရွေးချယ်ခဲ့ကြကြောင်း သိရှိရသည်။

ဖားကန့် KIO တည်ထောင်ခြင်း အခမ်းအနားကို ဗုံးကျဲချခဲ့ကြသူ ဂျက်တိုက်လေယာဉ်ပိုင်းလော့ ၅ ဦးမှာ-

၁-ဗိုလ်မှူး ရဲဇော်နိုင် ( YAK-130 အမှတ် ၆၂ အုပ်မှူး)
၂-ဗိုလ်မှူး နေဝင်းကျော်
၃-ဗိုလ်မှူး သက်လင်းမောင်
၄-ဗိုလ်မှူး မင်းစိုးကျော်
၅-ဗိုလ်မှူး တင်ကိုကို (ဗိုလ်ကြီးမှ ဗိုလ်မှူးရာထူး မကြာခင်ကမှ တိုးထားသူ)
တို့ဖြစ်ကြသည်။

“အောက်တိုဘာလ ၂၃ ရက်နေ့ က အထူးစစ်ဆင်ရေးနေ့ အဖြစ် သတ်မှတ်ပြီး ဗုံးကျဲချခဲ့တာပါ။ အထူးစစ်ဆင်ရေးဆိုပြီး မနက်ပိုင်းထဲက ပြင်ဆင်နေခဲ့ကြတာ။ ည ၈ နာရီကျော်ကျော်မှာ လေယာဉ် ၃ စီး တက်သွားခဲ့တယ်။ အထူးစစ် ဆင်ရေး အရေးကြီးတယ်လို့ပဲပြောပြီး တက်သွားကြတာ။ ဗုံးကျဲစစ်ဆင်ရေး ပြန်လာပြီးချိန်မှာ လူ ၂၀၀ လောက် သေသွားပြီဆိုပြီး ဗမ ရဲဇော်နိုင်၊ ဗမ မင်းစိုးကျော် ၊ ဗမ သက်လင်းမောင် ၊ ဗမ နေဝင်းကျော် ၊ဗမ တင်ကိုကို တပ်ထဲမှာ သတင်းဖြန့် အောင်ပွဲခံတော့တာပဲ။ အကုန်လုံးကို ပျော်နေကြတာ”ဟု လေ တပ် သတင်းရင်းမြစ်က ပြောသည်။

လူ ၂၀၀ ခန့် တက်နေသည့် အခမ်းအနားကို စစ်တပ်လေယာဉ်ဖြင့် ဗုံးကျဲချရမည်ကို ပိုင်းလော့များ၊ တံတားဦးလေတပ်စခန်းမှ စခန်းမှူး ဗိုလ်မှူးကြီး သိန်းထူးတို့ ကြိုတင် သိရှိပြီး အထူးစစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့ကြခြင်းဖြစ် ကြောင်း သိရှိရသည်။

“တံတားဦးလေတပ်စခန်း စခန်းမှူး ဗိုလ်မှူးကြီးသိန်းထူး လက်အောက်မှာ တိုက်လေယာဉ် အမှတ် ၆၂ အုပ်၊ အမှတ် ၆၄ အုပ်ရှိတယ်။ အရင် ၆၂ အုပ်မှူး ဒုတိယဗိုလ်မှူးကြီး ဇော်မြင့်ထွန်းက ဖရဲသီးကိစ္စနဲ့ ဟုမ္မလင်းကို အပြောင်းခံလိုက်ရတော့ ဗိုလ်မှူးရဲဇော်နိုင်က ၆၂ အုပ်မှူးဖြစ်လာတယ်။ ၆၄ အုပ်မှူးက ဒုဗိုလ် မှူးကြီး ရဲဦး ပါ။ ၆၂ အုပ်က YAK-130 တွေကို ၆၂ အုပ်ကပဲ မောင်းရတာ။ ဖားကန့် ဗုံးကျဲတဲ့ အထူးစစ်ဆင်ရေးနေ့က ၆၂ အုပ်မှူးနဲ့ စခန်းမှူးက အားလုံးကို စီမံတာပါ”ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ အထူးစစ်ဆင်ရေးနေ့တွင် YAK-130 ၃ စီးက အဓိက စစ်ဆင်ရေး တာဝန်ဖြင့် ပျံသန်း ဗုံးကျဲ ချခဲ့ပြီး အရန် YAK-130 ၂ စီးက ပိုင်းလော့များနှင့်အတူ အသင့်ရှိနေခဲ့ရကြောင်း လေတပ်သတင်းရင်းမြစ်က ပြောသည်။

ယခင်က တံတားဦးလေတပ်သည် လေတပ်ဆွယ်အဆင့်သာ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် လေတပ်စခန်း (စစ်ဆင်ရေးဇုန်) အဖြစ် သတ်မှတ်လာကြောင်း၊ ယခင်က တံတားဦးလေတပ်စခန်းမှ ပိုင်းလော့၊ အင်ဂျင်နီယာ များအပါအဝင် အသုတ်လိုက် မှော်ဘီလေတပ်ထံသို့ အလှည့်ကျ သွားရောက် တာဝန်ထမ်းဆောင် ရကြောင်း၊ ယခုအခါ တွင် တံတားဦးကပင် တိုက်ရိုက် ဗုံးကျဲမှုများ လုပ် ဆောင်သည့် စစ်ဆင်ရေးဇုန် လေတပ်ဖြစ်လာကြောင်း၊ မှော်ဘီလေတပ်၏ လုံ ခြုံရေးအခြေအနေသည် စိတ်မချရဘဲ တံတားဦးလေတပ်က မှော်ဘီထက်စာလျှင် ပိုမိုလုံခြုံ၍ စစ် ဆင်ရေးဇုန်အဖြစ်ပြောင်းလဲသတ်မှတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အမှတ် ၆၂ အုပ်မှူးအဖြစ် ဗိုလ်မှူး ရဲဇော်နိုင် (ဇနီးဒေါ်စုဝေထွန်း)က လေတပ်ရဲ့ အားအကိုးရဆုံး ပိုင်းလော့ပဲ။ ဗိုလ်မှူး နေဝင်းကျော်က သူ့မိန်းမ ဒေါ်သော် တာထွန်း ငွေတိုးချေးစားတဲ့ ပိုက်ဆံကိစ္စတွေကြောင့် ရာထူး တိုးနှစ်အလျှော့ခံရတဲ့ အရေးယူမှု ခံထားရတယ်။ စစ်ဆင်ရေးဇုန်ဖြစ်လာတော့ အရေးပါမှုတွေကလည်း ပိုများလာတယ်။ နေရာပိုရ လုပ်ပိုင်ခွင့်ပိုရ လေယာဉ်ဆီပိုခိုးခွင့်ရလာတာ” ဟု လေတပ်သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိ တံတားဦးလေတပ်စခန်း(စစ်ဆင်ရေးဇုန်)သည် ရခိုင်ပြည်နယ်၊ ကချင် ပြည်နယ်ကို အဓိကထား ဗုံးကျဲမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

(ပိုင်းလော့ ၅ ဦးနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို https://t.me/khitthitnews တွင် ဖတ်ရှုနိုင်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article