30.5 C
Yangon

ခြစားမှု၊ လိမ်လည်မှု၊ အနိုင်အထက်ပြုမှုများနှင့် ကုလသမဂ္ဂ WHO ဆီရီးယားအကြီးအကဲ

Must read

BY MARIA CHENG

ဆီရီးယားနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရုံးဝန်ထမ်းများက ၎င်းတို့၏ အကြီးအကဲသည် ဒေါ်လာသန်းနှင့်ချီ၍ အလွဲလွဲအမှားမှား စီမံခန့်ခွဲထားပြီး အစိုးရအရာရှိများအား ကွန်ပျူတာ၊ ရွှေဒင်္ဂါး၊ ကားများအပါအဝင် တံစိုး လက်ဆောင်များ ပေးအပ်ခဲ့ကာ ပေါ့ပေါ့တန်တန် ဆောင်ရွက်မှုကြောင့် တိုင်း ပြည်တွင် ကိုဗစ်-၁၉ကပ်ရောဂါ ဆိုးဆိုးဝါးဝါး ပျံ့နှံ့ဖြစ်ပွားခဲ့ရကြောင်း စွပ်စွဲပြောဆိုနေကြသည်။

AP သတင်းဌာနကရရှိခဲ့သော လျှို့ဝှက်စာရွက်စာတမ်း၊ လက်ကိုင်ဖုန်းမှတစ်ဆင့် စာတိုပေးပို့မှုနှင့် အခြား စာရွက်ပေါင်း ၁၀၀ကျော်အရ ဆီးရီးယားနိုင်ငံဆိုင်ရာ WHO ကိုယ်စားလှယ် ဒေါက်တာ အက်ဂျီမယ် မဂ်တီမိုဗာ (Akjemal Magtymova) သည် ဆီးရီးယားထိပ်တန်း နိုင်ငံရေးသမားများနှင့် ကန်ထရိုက်များ ချုပ်ဆိုရန် မိမိဝန်ထမ်းများအား အတင်းအကြပ်ဖိအားပေးမှုတွင် ပါဝင်ပတ်သက်ခဲ့ပြီး WHO နှင့် အလှူရှင်ရံပုံငွေများကို အမြဲတလွဲတချော် သုံးစွဲနေသည်ဟု စုံစမ်းစစ်ဆေးသူများကို WHO အရာရှိများက ပြောကြားခဲ့ကြောင်း တွေ့ရှိရသည်။

စွပ်စွဲမှုများနှင့် စပ်လျဉ်းသည့်မေးခွန်းများကို ပြန်လည်ဖြေကြားရန် မဂ်တီမိုဗာက ငြင်းဆိုပြီး “သူသည် WHO ဝန်ထမ်းတစ်ဦး၏ တာဝန်ဝတ္တရားများကို လိုက်နာနေရသဖြင့် သတင်းအချက်အလက်များ ဝေမျှခွင့် မရှိကြောင်း၊ စွပ်စွဲမှုများသည် သူ့ကိုအသရေဖျက်ခြင်းမျှသာ ဖြစ်ကြောင်း” ပြန်လည်ပြောဆို သည်။

အနည်းဆုံး ဝန်ထမ်းတစ်ဒါဇင်ခန့်၏ တိုင်ကြားမှုများကြောင့် နှစ်ပေါင်းများစွာအတွင်း WHO သမိုင်း၌ အကြီးမားဆုံး ဌာနတွင်း စုံစမ်းစစ်ဆေးမှုကြီးတစ်ခု ပေါ်ပေါက်လာပြီး ရံဖန်ရံခါ စုံစမ်းရေးမှူး ၂၀ကျော် အထိပင် ပါဝင်စစ်ဆေးမေးမြန်းလျက်ရှိသည်ဟု ယင်းကိစ္စနှင့် ဆက်နွယ်သောဝန်ထမ်းများကဆိုသည်။ မဂ်တီမိုဗာ အပေါ် စွပ်စွဲချက်များကို စစ်ဆေးနေပြီး ပြင်ပစုံစမ်းရေးမှူးများ၏ အကူအညီကိုလည်း ထည့်သွင်းရယူလျက်ရှိကြောင်း WHO ကအတည်ပြုသည်။

“တစ်ဖက်က ဝန်ထမ်းတွေကို အကာအကွယ်ပေးနေရသလို ဆီးရီးယားနိုင်ငံအခြေအနေနဲ့ အချက်အလက်အမှန် ရနိုင်ဖို့ စိန်ခေါ်မှုတွေ ရှိနေတာကြောင့် နောက်ထပ်ရှုပ်ထွေးမှုတွေနဲ့အတူ ဒီကိစ္စဟာ ရှည်ကြာပြီး ရှုပ်ထွေးတဲ့စုံစမ်းစစ်ဆေးမှုတစ်ခု ဖြစ်ပါတယ်” ဟု WHO ကပြောသည်။ မဂ်တီမိုဗာအပေါ် တိုင်ကြားထားမှုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းနှင့် အကဲဖြတ် သုံးသပ်ခြင်းတို့ ဆောင်ရွက်လျက်ရှိရာ လွန်ခဲ့သောလများအတွင်း တိုးတက်မှုများရှိခဲ့သည်ဟုလည်း ကျန်းမာရေးအဖွဲ့က ဆိုသည်။

“လုံခြုံရေးအခြေအနေ၊ လျှို့ဝှက်ချက်အဖြစ် ထားရှိရေးနဲ့ သင့်တော်မှန်ကန်တဲ့ လုပ်ငန်းစဉ် ရှုထောင့်တွေအရ စွပ်စွဲမှုအသေးစိတ်နဲ့ပတ်သက်လို့ ကျွန်တော်တို့ နောက်ထပ်မှတ်ချက် မပေးနိုင်ပါဘူး” ဟု WHO က ပြောကြားသည်။ စုံစမ်းစစ်ဆေးမှုကို မည်သည့်အချိန်၌ အပြီးသတ်ဆောင်ရွက်မည်ကိုလည်း ၎င်းတို့က အချိန်ဇယားတစ်ခုဖြင့် ပြောပြနိုင်ခြင်းမရှိပေ။

စစ်မက်ဖြစ်ပွားနေခြင်းကြောင့် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းခန့် ဆင်းရဲမွဲတေလျက်ရှိသလို လူဦးရေ၏ ထက်ဝက်ကျော်သည် လူသားချင်း စာနာထောက်ထားမှု အကူအညီများ အလွန်အမင်းလိုအပ်နေသော ဆီးရီးယားနိုင်ငံရှိ WHO ရုံး၏ ယမန်နှစ် ကျန်းမာရေးလုပ်ငန်းဘတ်ဂျက်ခွဲဝေမှုသည် ဒေါ်လာ ၁၁၅ သန်း ခန့်ရှိခဲ့သည်။ ဆီးရီးယားပြည်သူတို့အတွက် ပေးအပ်နေသော ညံ့ဖျင်းသော ဝန်ဆောင်မှုနှင့် WHO ဝန်ထမ်းများအပေါ် မတော်တရော်ဆက်ဆံမှုများရှိကြောင်း စွပ်စွဲမှုများအတွက် လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော စုံစမ်းစစ်ဆေးမှုတွင် အောက်ပါအချက်များကို လေ့လာတွေ့ရှိရသည်-

— ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးရရှိရန် တိုင်းပြည်က ရုန်းကန်နေရသည့်အချိန်၌ မဂ်တီမိုဗာသည် သူ၏အောင်မြင်မှုများကို ဂုဏ်ပြုရန် WHO ရံပုံငွေဖြင့် ဒေါ်လာ ၁၀,၀၀၀ ကျော် ကျခံသုံးစွဲကာ ပါတီပွဲတစ်ခု ဧည့်ခံကျင်းပခဲ့ဖူးကြောင်း ဘဏ္ဍာရေးရှင်းတမ်းများတွင် တွေ့ရသည်ဟု ဝန်ထမ်းများက ပြောဆိုသည်။

— ကမ္ဘာ့ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု ပြင်းထန်နေသည့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ဆီးရီးယား နိုင်ငံရှိ WHO ဝန်ထမ်း ၁၀၀ ကျော်အား အုပ်စုလိုက် ကပြဖျော်ဖြေမှုတစ်ခုကို လေ့လာသင်ယူစေကာ ကုလသမဂ္ဂပါတီပွဲအတွက် ကကွက်များဖန်တီး၍ ရုပ်ရှင်ရိုက်ကူးရန် သူကစေခိုင်းခဲ့ကြောင်း AP က တွေ့မြင်ခဲ့ရသော ဗီဒီယိုဖိုင်နှင့် စာတိုပေးပို့မှုများအရ သိရှိရသည်။

—မဂ်တီမိုဗာသည် ဝန်ထမ်းများကို “သူရဲဘောကြောင်သူများ”၊ “ဉာဏ်ရည်နိမ့်သူများ” ဟု ကြိမ်ဖန် များစွာခေါ်ဆိုဖူးသည်ဟု ဆီးရီးယားအခြေစိုက် WHO လူထုကျန်းမာရေး ကျွမ်းကျင်သူ ၆ ဦးကပြောဆို သည်။ ပို၍စိုးရိမ်စရာကောင်းသည့်အချက်မှာ မဂ်တီမိုဗာသည် ဆီရီးယားစစ်အစိုးရ ထိပ်တန်းနိုင်ငံရေးသမားများကို မျက်နှာသာပေး ဆက်ဆံခဲ့သလို ရုရှားစစ်တပ်နှင့် ခိုးကြောင်ခိုးဝှက် တွေ့ဆုံခဲ့သည်ဟု အရာရှိများက စုံစမ်းရေးမှူးများကို ပြောပြသည့်အချက်ဖြစ်သည်။

အဆိုပါ အပြုအမူများသည် ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်သော WHO ၏ ကြားနေရေးမူဝါဒကို ချိုးဖောက်နိုင်ချေရှိသည့် လုပ်ရပ်များဖြစ်သည်။ အပြစ်ပေးခံရမည်ကိုစိုးရိမ်သဖြင့် ဝန်ထမ်းများက အမည်မဖော်ပြရန် တောင်းဆိုခဲ့ပြီး ဝန်ထမ်း ၃ ဦးမှာ WHO မှ နုတ်ထွက်သွားခဲ့ပြီ ဖြစ်သည်။

WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရီအီးစက်စ် (Tedros Adhanom Ghebreyesus) ထံသို့ မေလက ပေးပို့သည့်တိုင်ကြားစာတစ်စောင်တွင် မဂ်တီမိုဗာသည် “မရေမတွက်နိုင်အောင် များပြားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြုလုပ်ခဲ့ကြောင်း” စွပ်စွဲထားသည့်အပြင် အစိုးရအရာရှိများ၏ အရည်အချင်းမပြည့်ဝသော ဆွေမျိုးများကို အလုပ်ငှားရမ်းခန့်ထားနေသည်ဟု ဆီးရီးယားအခြေစိုက် ဝန်ထမ်းတစ်ဦးက ရေးသားဖော်ပြသည်။

“ဒေါက်တာ အက်ဂျီမယ်ရဲ့ ကြမ်းကြမ်းတမ်းတမ်း နိုင်ထက်စီးနင်းဆက်ဆံမှုတွေက ဆီးရီးယား ပြည်သူတွေကို ကူညီနေတဲ့ WHO ရဲ့စွမ်းဆောင်မှုကို ထိခိုက်ကျဆင်းစေလျက်ရှိပါတယ်။ ဒေါက်တာ အက်ဂျီမယ်က မြှောက်ထိုးပင့်ကော် အားပေးအားမြှောက်လုပ်နေတဲ့ မျက်နှာသာပေးမှု၊ လိမ်လည်မှု၊ အကျင့်စာရိတ္တပျက်ပြားမှုတွေကြောင့် ဆီးရီးယားပြည်သူတွေ ထိခိုက်နစ်နာ ဆုံးရှုံးနေရပါတယ်။ ဒေါက်တာ အက်ဂျီမယ်ရဲ့လုပ်ရပ်တွေက ယုံကြည်မှုကို လုံးဝပျက်ပြားစေသလို အလှူ့ရှင်တွေကို ဂရုမစိုက်ဘဲ ဘေးဖယ်ထုတ်နေခြင်းပဲ ဖြစ်ပါတယ်”ဟု ၎င်းဝန်ထမ်းက ရေးသားသည်။

အဆိုပါဝန်ထမ်း၏တိုင်စာကို တက်ဒရော့စ်က ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။ မေလ၌ WHO ၏ မြေထဲပင်လယ် အရှေ့ပိုင်းဒေသဆိုင်ရာ ညွှန်ကြားရေးမှူးက ခွင့်ခံစားနေသည်ဟု ဖော်ပြထားသော မဂ်တီမိုဗာ၏နေရာတွင် ဆီရီးယားနိုင်ငံဆိုင်ရာ ခေတ္တကိုယ်စားလှယ်တစ်ဦးကို အစားထိုးခန့်အပ်ခဲ့သည်။ သို့သော်ဝန်ထမ်းစာရင်းတွင် သူ့ကို ဆီးရီယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဖော်ပြထားဆဲဖြစ်ကာ ဒါရိုက်တာအဆင့်လစာကို ဆက်လက်ထုတ်ယူ ခံစားနေဆဲဖြစ်သည်။

တာ့ခ်မန်နစ္စတန်လူမျိုးဖြစ်သော မဂ်တီမိုဗာသည် အိုမင်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ ယီမင်နိုင်ငံ ဆိုင်ရာအရေးပေါ် ညှိနှိုင်းရေးမှူးစသည့် နေရာများအပါအဝင် ရာထူးဌာနအများအပြား၌ ယခင်က တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။ ဆီးရီးယားနိုင်ငံဆိုင်ရာ WHO ကိုယ်စားလှယ်ရာထူး၌မူ ကမ္ဘာတစ်လွှား ကိုဗစ် ကပ်ရောဂါပျံ့နှံ့ ဖြစ်ပွားလာသည့် ၂၀၂၀ ပြည့်နှစ်၊ မေလက စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့ (WHO မှာ) လုပ်နေတဲ့အလုပ်က မွန်မြတ်ပါတယ်။ စွမ်းရည်ရှိမှု၊ ကျွမ်းကျင်မှု၊ ရလဒ်ကောင်း များ အောင်မြင်ပြီးမြောက်မှုတွေကတစ်ဆင့် ကျွန်မတို့အပေါ် လေးစားမှုတွေ ရရှိလာကြတာ ဖြစ်ပါတယ်” ဟု ဆီးရီးယားအကြီးအကဲ ရာထူးခန့်အပ်မှုအပေါ် သူက ထုတ်ပြန်ချက်တစ်စောင် ရေးသားသည်။

မဂ်တီမိုဗာသည် ဆီးရီးယားနိုင်ငံ၌ ကမ္ဘာ့ကပ်ရောဂါဆိုးဝါးမှု အခြေအနေမှန်ကို နားလည်သဘောပေါက်ခြင်း မရှိဘဲ လူသန်းပေါင်းများစွာ၏ အသက်ကို အန္တရာယ်ကျရောက်စေခဲ့သည်ဟု ဆီးရီးယားရှိ WHO ဝန်ထမ်းအများအပြားက ဌာနတွင်းစုံစမ်းရေးမှူးများကို ပြောကြားခဲ့သည်။

“ကိုဗစ်-၁၉ ကာလအတွင်း ဆီးရီးယားနိုင်ငံထဲက အခြေအနေဟာ စိတ်ပျက်စရာကောင်းလှတယ်။ ဒါပေမဲ့ WHO က ဆီးရီးယားပြည်သူတွေအတွက် လုံလောက်တဲ့အကူအညီတွေ မပေးအပ်ခဲ့ပါဘူး” ဟု WHO ဝန်ထမ်းဟောင်းတစ်ဦးက ပြောဆိုသည်။ ဆေးဝါးပစ္စည်းထောက်ပံ့မှုတွေကို ဒမတ်စကတ်မြို့တော် တစ်ခုထဲအတွက်သာ အများအားဖြင့် ဦးစားပေးပို့ဆောင်နေခဲ့ပြီး “ဆေးဝါးနဲ့ စက်ပစ္စည်းတွေ ပြတ်လပ်နေတဲ့ ဆီးရီးယားအခြားဒေသတွေဆီကို အကူအညီတွေ မရောက်ရှိခဲ့ပါဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဆယ်စုနှစ်တစ်ခုကျော်လာခဲ့ပြီဖြစ်သော စစ်ပွဲကြောင့် ဆီးရီးယားကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ ယိုယွင်းပျက်စီးလျက်ရှိသည်။ နိုင်ငံတကာက ပေးအပ်သော ကျန်းမာရေးအကူအညီအပေါ် နိုင်ငံက လုံးဝနီးပါး မှီခိုနေရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။

အစိုးရက ထိန်းချုပ်ထားသော ဒေသအတွင်း WHO ရှိနေခြင်းကြောင့် ၎င်းတို့၏ အကူအညီပေးမှုအား အမေရိကန်နှင့် အီးယူတို့က ပိတ်ဆို့အရေးယူထားသော ဒမတ်စကတ်အစိုးရက ဦးဆောင်လမ်းညွှန်ခွင့်ရရှိနေသည်ဟု ဝေဖန်မှုများ မကြာခဏဖြစ်ပေါ်လျက်ရှိသည်။ စစ်ပွဲကြောင့် ဆီးရီးယားနိုင်ငံအတွင်း လူဦးရေ ၇သန်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အများစုသည် အစိုးရထိန်းချုပ်မှု အပြင်ဘက်ဒေသများ၌ ရွက်ဖျင်တဲများဖြင့် နေထိုင်နေကြရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကိုဟန့်တားရန် မိမိတို့ အဖွဲ့အစည်းတစ်ရပ်လုံးက မမောနိုင်မပန်းနိုင် အားသွန်ခွန်စိုက်ကြိုးပမ်းနေကြရသည်ဟု WHO အကြီးအကဲက ပြောဆိုခဲ့လင့်ကစား ကမ္ဘာတစ်လွှား ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့ပွားလာသည့်အချိန်တွင် မဂ်တီမိုဗာ၏ အချို့သောအပြုအမူများနှင့် ရုံးအဖွဲ့အပေါ် ညွှန်ကြားချက်များကို ဝန်ထမ်းများက မေးခွန်းထုတ်ခဲ့ကြသည်။

မဂ်တီမိုဗာသည် WHO ၏ ကိုဗစ်-၁၉လမ်းညွှန်ချက်ကိုပင် မလိုက်နာဘဲ ချိုးဖောက်ခဲ့သည်ဟု WHO ဝန်ထမ်းအနည်းဆုံး ၅ ဦးက စုံစမ်းရေးမှူးများကိုတိုင်ကြားသည်။ အိမ်မှနေ၍ အဝေးရောက် အလုပ်လုပ်ကိုင်ခြင်းကို သူကအားမပေးဘဲ သူကိုယ်တိုင် ကိုဗစ်ကပ်ရောဂါ ကူးစက်ခံထားနေရလျက်ပင် ရုံးသို့လာရောက်ပြီး အစည်းအဝေးများကို နှာခေါင်းစည်းမတပ်ဘဲ တက်ရောက်ခဲ့သည်ဟုဆိုသည်။ သူကတစ်ဆင့် အခြားလူများကို ရောဂါကူးစက်စေခဲ့ကြောင်း WHO ဝန်ထမ်း ၄ ဦးက တိုင်ကြားသည်။

ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု တစ်နှစ်ပြည့်လုနီးနီး ရှိလာသည့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် မဂ်တီမိုဗာသည် ကုလသမဂ္ဂနှစ်ကုန် အခမ်းအနားတစ်ခုအတွက် လူမှုကွန်ရက် စိန်ခေါ်မှုတစ်ရပ်ကြောင့် ရေပန်းစားလာသည့် အဖွဲ့လိုက်ကကွက်တစ်ခုကို လေ့လာသင်ကြားရန် ဆီးရီးယားရုံးအဖွဲ့ကို ညွှန်ကြားခဲ့သည်။ ထိုအချိန်က အရေးတကြီးလိုအပ်မှုမရှိသော လူစုလူဝေးပြုလုပ်မှုများကို ရပ်ဆိုင်းရန် အပါအဝင် ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး နည်းလမ်းများကိုကျင့်သုံးရန် ဂျနီဗာရှိ အကြီးတန်း WHO အရာရှိများက နိုင်ငံများကို အကြံပေးတိုက်တွန်းနေသည့် အချိန်ကာလဖြစ်သည်။

“ဝန်ထမ်းများအနေနဲ့ ကျေးဇူးပြုပြီး ဒီသီချင်းကို နားဆင်ကာ ကကွက်ခြေလှမ်းများကို လေ့ကျင့်ပြီး ကျွန်တော်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ အုပ်စုလိုက်ကပြမှု ဗီဒီယိုထဲမှာ တီးလုံးစည်းချက်တွေနဲ့အညီ ကပြပါဝင် တင်ဆက်လိုက်ကြပါ” ဟု ဆီးရီးယားဝန်ထမ်းအားလုံးသို့ WHO ဆက်ဆံရေးအရာရှိ ရာဖစ်အယ်ဟက်ဘာ(Rafik Alhabbal) ပေးပို့သော အီးမေးလ်တစ်စောင်တွင် ရေးသားထားသည်။ မဂ်တီမိုဗာကလည်း “အကောင်းဆုံး သင်တန်းပို့ချမှု” ဟု ရေးသား၍ YouTube ဝဘ်ဆိုဒ် လင့်ခ် တစ်ခုကို သီးခြားပေးပို့ခဲ့သည်။

WHO စွပ်ကျယ် သို့မဟုတ် အပေါ်အင်္ကျီကို ဝတ်ဆင်ထားသည့်ဝန်ထမ်းများက ဆေးပစ္စည်း သိုလှောင်ထားသော ရုံးများ၊ ဂိုဒေါင်များ၌ “ဂျေရုဆလီမာ စိန်ခေါ်အက (Jerusalema challenge)” ဟု ခေါ်သော ကကွက်တစ်မျိုးဖြင့် ကပြနေသည့် ဗီဒီယိုအများအပြားကို တွေ့ရှိရသည်။ အလက်ပို (Aleppo) မြို့ နှင့် လာတက္ကီးယား (Latakia) ဆိပ်ကမ်းမြို့များတွင် ရိုက်ကူးထားသည့် ဗီဒီယိုများအား “အရမ်းကြည့်ကောင်းပြီး အရမ်းလှတဲ့သူတွေပါပဲ” ဟု မဂ်တီမိုဗာက ချီးမွမ်းခန်းဖွင့်ထားသည်။

တိုင်းပြည်က အဆိုးဝါးဆုံးကိုဗစ်လှိုင်းများနှင့် ရင်ဆိုင်နေရသော အောက်တိုဘာလအရောက်တွင် မဂ်တီမိုဗာသည် ကုလသမဂ္ဂနေ့ အထိမ်းအမှတ်အဖြစ် တင်ဆက်နိုင်ရေး ဝန်ထမ်းများဖြင့် နောက်ထပ် ကကွက်တစ်မျိုးဖန်တီး ကပြမည့် ဗီဒီယိုရိုက်ကူးရန် ရုပ်ရှင်ကုမ္ပဏီတစ်ခုကို ငှားရမ်းခဲ့သည်။ “ကိတ်မုန့် စားပွဲအခမ်းအနား” အပါအဝင် မဂ်တီမိုဗာ၏ ပါတီပွဲသို့ နှာခေါင်းစည်းတပ် မထားသော လူပေါင်း ဒါဇင်နှင့်ချီ၍ တက်ရောက်ခဲ့သလို ပါတီပွဲကျင်းပနေစဉ်အတွင်း လူချင်း ခပ်ခွာခွာနေရမည့် စည်းကမ်းချက်ကိုလည်း လိုက်နာမှုမရှိကြောင်း ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများက ဖော်ပြနေသည်။

အဆိုပါ ကပွဲဗီဒီယိုတစ်ခုကို မဂ်တီမိုဗာက WHO ၏ ဆီရီးယားလူမှု မီဒီယာအကောင့်တွင် ထုတ်လွှင့်ခဲ့သော်လည်း ဝေဖန်မှုအများအပြား ပေါ်ထွက်လာသဖြင့် သူ၏အထက်အရာရှိများက အဆိုပါဗီဒီယိုကို ဖယ်ရှားပစ်ရန် စေခိုင်းခဲ့သည်။ “ ဒီဗီဒီယိုက ရှက်ဖွယ်ကောင်းလှတယ်။ ဒီလို ရိုက်ကူးမယ့်အစား ကျွန်တော်တို့ ပြည်သူတွေရဲ့ ဒုက္ခရောက်နေတဲ့အခြေအနေတွေ၊ တရားမျှတမှုရရှိရေး တောင်းဆိုနေမှု တွေကို WHO က ရိုက်ကူးသင့်ပါတယ်” ဟု ဆီရီးယားထိပ်တန်း အတိုက်အခံ နိုင်ငံရေးသမား အန်းနက်စ် အယ် အက်ဗဒါ (Anas al-Abdah)က ပြောသည်။ သို့သော် မဂ်တီမိုဗာကမူ နောင်တရသည့်လေသံမျိုး ပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။

“အားမလျှော့ဖို့ ကျွန်မသတင်းစကား ပါးလိုပါတယ်။ ကျွန်မတို့မှာ လက်တလော ကပြတင်ဆက်ရမယ့် အရေးကြီးတဲ့ အလုပ်တစ်ခုရှိသလို လူတွေအတွက် ကြီးမားတဲ့တာဝန်တွေလည်း ရှိနေပါတယ်။ ကျွန်မတို့ဟာ တကယ့်ကို အစဉ်အလာကနေကွဲထွက်နေတဲ့ အလုပ်တစ်ခုကို လုပ်နိုင်ခဲ့တာပါ။ ရဲဝံ့မှုတွေနဲ့ ကျွန်မတို့ဂုဏ်တက်ခဲ့ပါပြီ” ဟု ရုံးအဖွဲ့ကို သူကပြောကြားသည်။

ရုံးတွင်း စာရွက်စာတမ်းများ၊ အီးမေးလ်နှင့် စာတိုပေးပို့များကို ကြည့်၍ မဂ်တီမိုဗာလက်အောက်တွင် အခွန်ထမ်းများ၏ ငွေဖြင့်ပံ့ပိုးထားသော WHO ရန်ပုံငွေကို မည်သို့သုံးစွဲနေသည်နှင့် စပ်လျဉ်း၍ အလွန်အမင်း စိုးရိမ်စရာကောင်းနေပြီး ကျန်းမာရေးအကူအညီ အကြီးအကျယ်လိုအပ်နေသော ဆီးရီးယားပြည်သူ ၁၂ သန်းကျော်ကို ကူညီရန် ရည်ရွယ်ပေးအပ်ထားသော အကန့်အသတ်ရှိသည့် အလှူငွေများကို သူက အစဉ်တစိုက် တလွဲတချော် သုံးဖြုန်းနေသည်ဟု ဝန်ထမ်းများက စွပ်စွဲသည်။

စုံစမ်းနေသည့်ဖြစ်ရပ်များအနက် တစ်ခုမှာ မဂ်တီမိုဗာ၏ မိခင်တက္ကသိုလ်ဖြစ်သော Tufts တက္ကသိုလ်က သူ့အား ခေါင်းဆောင်မှုဆုတံဆိပ် ချီးမြှင့်ခဲ့ခြင်းအတွက် ပြီးခဲ့သည့်မေလက ကျင်းပခဲ့သော သူ၏ပါတီပွဲဖြစ်သည်။ ဒမတ်စကတ်မြို့တော်ရှိ အထူးခမ်းနားထည်ဝါသော Four Seasons ဟိုတယ်၌ ကျင်းပသည့်ပါတီပွဲသို့ ဧည့်သည်တော် ၅၀ ဦးခန့်တက်ရောက်ခဲ့သည်။ ထိုပါတီပွဲကျင်းပနေချိန်သည် ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသူဦးရေမှာ ဆီရီးယား လူဦးရေစုစုပေါင်း၏ ၁ ရာခိုင်နှုန်း အောက်တွင်သာရှိနေသေးသည့် အချိန်အခါဖြစ်သည်။

ဟိုတယ်ပြေစာတစ်ခုအရ ဧည့်ခံပွဲ၌ တည်ခင်းသော စားသောက်ဖွယ်ရာများတွင် စင်္ကာပူပုံစံ အမဲသား ဆာတေး၊ ချော့ကလက်၊ ငါးဆုပ်၊ ချိစ်တို့ပါဝင်သော ဆိတ်သားကြော်၊ အသေးစား ငရုတ်ကောင်း ဘာဂါနှင့် ဒေသထွက် မော့တေးလ်အချိုရည်မျိုးစုံတို့ ပါဝင်ကြောင်းတွေ့ရသည်။ အခမ်းအနားကို ကြော်ငြာဗီဒီယို ရိုက်ကူးထုတ်လုပ်ရန် ရုပ်ရှင်ကုမ္ပဏီတစ်ခုကို ငှားရမ်းခဲ့သည်ဟု WHO ဌာနတွင်း အကျဉ်းချုပ် အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

ညနေပိုင်းအစီအစဉ်တွင် ဆီးရီးယားကျန်းမာရေးဝန်ကြီးက အမှာစကားပြောကြားပြီးနောက် ကျွေးမွေး ဧည့်ခံပွဲနှင့် နှစ်နာရီခန့်ကြာမြင့်သော ဂီတဖျော်ဖြေပွဲတို့ဖြင့် ဆက်လက်ဖျော်ဖြေသည်။ အခမ်းအနားသည် ၂၀၂၁ ခုနှစ်အား ကျန်းမာရေးနှင့် စောင့်ရှောက်မှုဝန်ထမ်းများနှစ်အဖြစ် WHO က သတ်မှတ်လိုက်ခြင်းအတွက် စီစဉ်ကျင်းပသည်ဟု မှတ်တမ်းများကဆိုသော်လည်း ညနေခင်း အခမ်းအနားတစ်ခုလုံးသည် ကျန်းမာရေးဝန်ထမ်းများအတွက် မဟုတ်ဘဲ မဂ်တီမိုဗာ တစ်ဦးတည်းအတွက်သာ သီးသန့်ဖြစ်နေသည်ကို တွေ့ရသည်။ စာရင်းဇယားများအရ အဆိုပါဧည့်ခံပွဲ၏ ကုန်ကျစရိတ်စုစုပေါင်းမှာ ဒေါ်လာ ၁၁,၀၀၀ ကျော်ဖြစ်သည်။

ဆီရီးယား၌ တာဝန်ကျသော အခြားကုလသမဂ္ဂ နိုင်ငံခြားသားဝန်ထမ်းများကဲ့သို့ပင် မဂ်တီမိုဗာသည် ဒမတ်စကတ်ရှိ လှလှပပဆင်ယင်ခင်းကျင်းထားသော Four Seasons ဟိုတယ်၌ နေထိုင်ခဲ့သည်။ သို့သော် အခြားဝန်ထမ်းများနှင့် မတူညီသည့်အချက်မှာ သူသည် မြို့တစ်မြို့လုံးကို မြင်ကွင်းကျယ် မြင်နိုင်ပြီး ရေချိုးခန်း၊ အိမ်သာနှစ်ခုနှင့် အခန်းအများအပြားပါရှိသော ကျယ်ပြောသည့် ဟိုတယ် အထူးခန်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂစာရွက်စာတမ်းများအရ သူသည် လျှော့ဈေးဖြင့် တစ်ညလျှင်ဒေါ်လာ ၄၅၀ ကျသင့်သော အဆိုပါအခန်းတွင် ၂၀၂၀ ပြည့်နှစ် ၊ အောက်တိုဘာလ မှ ယခုနှစ် မေလအထိ နေထိုင်ခဲ့ဖွယ်ရှိပြီး ဟိုတယ်အခန်းခမှာ အခြား ကုလသမဂ္ဂ ဝန်ထမ်းများ၏ အခန်းခထက် ၄ ဆကျော် ပိုမိုများပြားနေသည်။ မဂ်တီမိုဗာ နေထိုင်သောအထူးခန်း သည် ပုံမှန်အားဖြင့် တစ်ညလျှင် ဒေါ်လာ ၉၄၀ ခန့် ကျသင့်သည်ဟု ဟိုတယ်ဝန်ထမ်းတစ်ဦးပြောသည်။

ဟိုတယ်ပိုင်ရှင်သည် ဆီးရီးသမ္မတ ဘာရှာအာဆတ် (Bashar Assad) အစိုးရကို ငွေကြေးထောက်ပံ့နေ သည့်အတွက် ၎င်းဟိုတယ်ကို အမေရိကန်နှင့် ယူကေနိုင်ငံတို့က ပိတ်ပင်အရေးယူထားသည်။ ကုလသမဂ္ဂသည် အဆိုပါဟိုတယ်၌ ၂၀၁၄ ခုနှစ်မှစတင်၍ အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော် သုံးစွဲထားသည်ဟု ခန့်မှန်းရရှိသည်။

ဆီးရီးယားနိုင်ငံရှိ ကျန်းမာရေး အဆောက်အအုံများအတွက် WHO ၏ ထောက်ပံ့ကူညီမှုများအပေါ် ခြေရာခံစစ်ဆေးနိုင်စွမ်း မရှိမှုအပေါ် အခြား WHO အရာရှိများက စိုးရိမ်မကင်းဖြစ်နေကြသည်။ ဇန်နဝါရီလအတွင်းက စာပေးစာယူများအရ ဆီရီးယားနိုင်ငံမြောက်ပိုင်းရှိ ကျန်းမာရေးစီမံကိန်းတစ်ခုသို့ ရှောင်တခင်ဝင် ရောက်စစ်ဆေးသည့်အခါ WHO က ပေးအပ်ထားသည့်အရာနှင့် အမှန်တကယ် တွေ့ရှိသည့် အနေအထားအကြား ကွဲလွဲမှုများကို စိုးရိမ်ဖွယ်တွေ့ရှိခဲ့ရကြောင်း ဝန်ထမ်းများက ရေးသားသည်။

၎င်းတို့ ဖော်ထုတ်တွေ့ရှိရသည့် အချက်များမှာ “စစ်ဆေးခဲ့သော ဆေးဝါး ပစ္စည်းအရေအတွက်သည် ပြေစာပါစာရင်းနှင့် မကိုက်ညီခြင်း၊ ဝန်ထမ်းများကို ဆေးဝါးသင်တန်း ပေးအပ်ထားမှု မရှိခြင်း၊ ဘီးတပ်ကုလားထိုင်၊ ချိုင်းထောက်၊ နားကြားကိရိယာများအပါအဝင် ဆေးပစ္စည်းများ ပျောက်ဆုံးနေခြင်း၊ ဆေးဝါးကိရိယာပစ္စည်းများ သိမ်းဆည်းရန် ငှားရမ်းထားသည့် အဆောက်အအုံအများစုမှာ အခွံချည်း ဖြစ်နေခြင်းစသည့် အချက်များဖြစ်သည်။

မဂ်တီမိုဗာ၏ အထက်လူကြီးဖြစ်ပြီး WHO မြေထဲပင်လယ် အရှေ့ပိုင်းဒေသ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ အာမက် အယ်မန်ဒါရီ (Ahmed Al-Mandari) ကလည်း ဆီးရီးယားရုံး၏ အသုံးစရိတ်များကို တာဝန်မယူနိုင်ခြင်းအတွက် သူ့ကို ဆူပူကြိမ်းမောင်းခဲ့သည်။ ယမန်နှစ် အောက်တိုဘာလအတွင်း ပေးပို့ခဲ့သော အီးမေးလ်တစ်စောင်တွင် မဖြေရှင်းရသေးသည့် စာရင်းစစ်ကန့်ကွက်ချက်များနှင့် စည်းကမ်းမလိုက်နာမှု ပြဿနာအများအပြား ရှိနေကြောင်း အာမက် အယ်မန်ဒါရီက သူ့ကိုပြောကြားသည်။

ထို့အပြင် ဆီးရီးယားနိုင်ငံ၌ ငွေကြေးသုံးစွဲမှုဆိုင်ရာ အသေးစိတ် အစီရင်ခံစာများ မပေးပို့သေးဘဲ သတ်မှတ်ပေးပို့ရက်ထက် များစွာကျော်လွန်နေသဖြင့် “ချက်ချင်း အရေးယူဆောင်ရွက်ရန်” ညွှန်ကြားရေးမှူးက သူ့ကိုမှာကြားသည်။ အဆိုပါ အသုံးစရိတ်အစီရင်ခံစာများ မရှိဘဲ ဆီရီးယားနှင့် WHO တို့ သည် ၎င်းတို့ထံ လှူတမ်းထားသည့် ငွေကြေးပစ္စည်းများကို မူလ ရည်ရွယ်ချက်အတိုင်း ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ အလှူရှင်များအား သက်သေအထောက်အထား ပြသနိုင်မည် မဟုတ်ပေ။

မဂ်တီမိုဗာသည် သူနှင့် ပုဂ္ဂိုလ်ရေးပတ်သက်နေသည့် ပစ္စည်းပေးသွင်းသော လုပ်ငန်းရှင်တစ်ဦးအား ဒေါ်လာသန်းပေါင်းများစွာတန်သည့် ပို့ဆောင်ရေးလုပ်ငန်းတစ်ခု အပ်နှံခြင်း အပါအဝင် မေးခွန်းထုတ်စရာ ရှိသော ကန်ထရိုက်အများအပြားတွင် ပါဝင်ပတ်သက်နေသည်ဟု ပစ္စည်းဝယ်ယူရေးလုပ်ငန်းနှင့် သက်ဆိုင်သော WHO အရာရှိ ၃ ဦးက စုံစမ်းရေးမှူးများကို ပြောကြားသည်။ ပုံမှန်အားဖြင့် ဆီရီးယား အစိုးရက ဦးစွာတင်ပြ တောင်းခံရမည်ဖြစ်သော်လည်း ထိုသို့တောင်းဆိုမှုမရှိဘဲ မဂ်တီမိုဗာနှင့် နီးစပ်သော ဝန်ထမ်းတစ်ဦးက ဆေးဝါးများဝယ်ယူရန် ဒေါ်လာ ၂၀,၀၀၀ လက်ခံရယူခဲ့သည်ဟု သတင်းရရှိသည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများအတွက် “အလွန်အဆင့်မြင့်သော ဆာဗာ ကွန်ပျူတာနှင့် လက်ပတော့ကွန်ပျူတာများ”၊ ရွှေဒင်္ဂါးများ၊ ဈေးကြီးမြင့်သော မော်တော်ကားများ အပါအဝင် တံစိုးလက်ဆောင်များ ဝယ်ယူပေးအပ်ရန် မဂ်တီမိုဗာက WHO ရန်ပုံငွေများကို သုံးစွဲခဲ့သည်ဟု အနည်းဆုံးဝန်ထမ်း ၅ ဦးက တိုင်ကြားသည်။ အဆိုပါ စွပ်စွဲချက်များကို AP သတင်းဌာနက အတည်ပြုနိုင်သည့်အနေအထား မရှိပါ။ ထို့အပြင် လောင်စာဆီကဲ့သို့ အခြေခံကုန်ပစ္စည်း များကို ဆီးရီးယားအစိုးရ ထိပ်တန်းအဖွဲ့ဝင်များထံမှ ဈေးနှုန်းအမြင့်ဖြင့် ဝယ်ယူရန် ၎င်းတို့ကို ဖိအားပေးခံရပြီး ထိုသို့မဝယ်ယူပါက ဘေးဖယ်ထားခြင်းခံကြရသည်ဟု WHO ဝန်ထမ်းအများအပြားက ဆိုသည်။

မကြာသေးမီနှစ်များအတွင်း ကုလသမဂ္ဂကျန်းမာရေး ကဏ္ဍအဖွဲ့အစည်း၏ အုပ်ချုပ်ရေးညံ့ဖျဉ်းမှုအတွက် တိုင်ကြားစာ အမြောက်အများပေါ်ထွက်ခဲ့အပြီး WHO ၏ ဆီရီးယားနိုင်ငံဆိုင်ရာ အကြီးအကဲအပေါ် ယခုကဲ့သို့ စွပ်စွဲမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ကွန်ဂိုနိုင်ငံ၌ ၂၀၁၈-၂၀၂၀ ပြည့်နှစ်ကာလ အီဘိုလာကူးစက်ရောဂါ ဖြစ်ပွားနေစဉ်အချိန်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ရှိခဲ့ကြောင်း WHO ခေါင်းဆောင်ပိုင်းထံသို့ သတင်းပေးပို့ခဲ့သော်လည်း ၎င်းတို့က ရပ်တန့်အောင်ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း လွန်ခဲ့သည့်မေလအတွင်း AP က သတင်းတစ်ပုဒ် တင်ပြခဲ့သည်။ နောက်ပိုင်းတွင် WHO ညွှန်ကြားမှုအောက်ရှိ ဝန်ထမ်း ၈၀ ကျော်သည် အမျိုးသမီးများ အပေါ် လိင်အမြတ်ထုတ်ခဲ့ကြကြောင်း စစ်ဆေးရေးအဖွဲ့က ဖော်ထုတ်တွေ့ရှိခဲ့ရသည်။

ထို့အပြင် ဇန်နဝါရီကလည်း WHO ၏ ပစိဖိတ်အနောက်ပိုင်းဒေသ ညွှန်ကြားရေးမှူး ဒေါက်တာ တာကေရှီ ကာစိုင်း (Takeshi Kasai) သည် ဝန်ထမ်းများအား ဆူပူရာ၌ လူမျိုးရေးခွဲခြားသည့် စကားလုံးများသုံးစွဲခဲ့ပြီး အရေးကြီးသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ အချက်အလက်များကို ၎င်း၏ မိခင်နိုင်ငံဖြစ်သော ဂျပန်နိုင်ငံသို့ မလျော်မကန် မျှဝေပေးအပ်ခဲ့သည်ဟု အဆိုပါရုံးရှိ WHO ဝန်ထမ်းများက ပြောဆိုကြောင်း AP က သတင်းတင်ပြခဲ့သည်။ ကနဦးစုံစမ်းမှုများအရ တိုင်ကြားချက် အချို့ကို သက်သေပြုနေသည့်အချက်များ ပေါ်ထွက်ခဲ့အပြီး ဩဂုတ်တွင် WHO က Kasai ကို ရာထူးမှ အပြီးတိုင်ဖယ်ရှားခဲ့သည်။

ဝါရှင်တန်ရှိ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဗဟိုဌာန၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဂျေဗီယာ ဂက်ဇမန်း (Javier Guzman) က WHO မှ မဂ်တီမိုဗာနှင့် စပ်လျဉ်း၍ လတ်တလောစွပ်စွဲချက်များသည် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းပြီး ၎င်းကိစ္စမှာ ထူးခြားဖြစ်စဉ်တစ်ရပ်အဖြစ် တသီးတခြားပေါ်ပေါက်နေခြင်း ဖြစ်ဖွယ်မရှိကြောင်း ပြောဆိုသည်။

“ဒါ စနစ်တစ်ခုလုံးနဲ့ ဆိုင်တဲ့ ပြဿနာဆိုတာ ထင်ရှားပါတယ်။ ဒီလိုစွပ်စွဲမှုမျိုးဟာ WHO ရုံး တစ်ရုံးထဲမှာ ဖြစ်ပွားနေတာမဟုတ်ဘဲ ဒေသပေါင်းစုံက ရုံးတွေမှာ ပေါ်ပေါက်နေတာပါ” ဟု ဂက်ဇမန်းက ပြောသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကမ္ဘာ့ စံနမူနာပြကျင့်ဝတ်သိက္ခာပြည့်ဝသူအဖြစ် အချို့က ရှုမြင်နေသော တက်ဒရော့စ်သည် ကာကွယ်ဆေးထိုးနှံနိုင်မှု မညီမမျှဖြစ်နေခြင်းကို ဝေဖန်ပြစ်တင်ခဲ့သလို ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် ကမ္ဘာ့နိုင်ငံများအား ဆော်ဩနေခဲ့လင့်ကစား အုပ်ချုပ်မှုညံ့ဖျင်းသည့် သတင်းများကြောင့် WHO အပေါ် ယုံကြည်အားကိုးမှုကို ဆိုးဝါးစွာထိခိုက်စေသည်။ မဂ်တီမိုဗာနှင့် ဆီးရီးယားရုံးအကြောင်း မည်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကိုမဆို လူသိရှင်ကြားထုတ်ပြန်ပေးရန် ဂက်ဇမန်းက WHO ကို တောင်းဆိုထားသည်။

စုံစမ်းစစ်ဆေးရေး အစီရင်ခံစာများကို ပုံမှန်အားဖြင့် အများပြည်သူသို့ ဖြန့်ဝေခြင်းမရှိကြောင်း၊ သို့သော် အားလုံးစုစည်း၍ မည်သူမည်ဝါ အတိအကျဖော်ပြချက်များကို ဖယ်ရှားထားသည့် အချက်အလက်များကိုမူ အမှုဆောင်ဘုတ်အဖွဲ့ထံသို့ မျှဝေပေးအပ်ပြီး အများပြည်သူဖတ်ရှုနိုင်ရန် ထုတ်ပြန်ပေးကြောင်း WHO က ပြောကြားသည်။

(AP သတင်းပါ MARIA CHENG ၏ “WHO Syria boss accused of corruption, fraud, abuse, AP finds” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်သည်)။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article