ရန်ကုန်၊ အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မြောက်ခြမ်း၊ ဘန့်ဘွေးကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက အောက်တိုဘာ ၂၈ ရက် ယနေ့နံနက်၌ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဘန့်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကို မုံရွာခရိုင် အမှတ် ၁ တပ်ရင်း၊ တပ်ခွဲ ၄ SRAF၊ Shadow၊ သံမဏိ Force MPDF၊ ကနီ Revolution Force နှင့် မဟာမိတ်တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် နံနက် ၅ နာရီ ၄၈ မိနစ်မှ ၆ နာရီကျော်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့၏ ထိခိုက်သေဆုံးမှု စာရင်းကို ကနဦးမသိရှိရသေးဘဲ ကာကွယ်ရေးရဲဘော်တစ်ဦးမှာ လက်လုပ် လက်နက်ကြီး ချွတ်ယွင်းမှုကြောင့် အနည်းငယ် ဒဏ်ရာရကြောင်း SRAF က သတင်းထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၇ ရက် ယမန်နေ့တွင် ပုလဲမြို့နယ်အတွင်းသို့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မုံရွာခရိုင် တပ်ရင်း ၁၊ တပ်ခွဲ ၄ SRAF က ထုတ်ပြန်ထားသည်။
ဓါတ်ပုံ – SRAF တပ်ဖွဲ့ဝင်များ (ပုံအဟောင်း ဖြစ်ပါသည်)