26 C
Yangon

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်၀တွင် တစ်နေ့တည်း တိုက်ပွဲ ၅ နေရာဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်၀တွင် တစ်နေ့တည်း တိုက်ပွဲ ၅ နေရာဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်း ဆည်းရမိကြောင်း ရခိုင်တပ်တော် AA က နိုဝင်ဘာလ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည် လက်နက်ကြီးများ၊ ဒရုန်းများ၊ ဂျက်တိုက်လေယာဉ်များဖြင့် နေ့၊ ည အချိန်မရွေး ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက်ပြုလုပ်လျက်ရှိသကဲ့သို့ အပြစ်မဲ့ပြည်သူလူထုများအား မတရားဖမ်းဆီးခြင်း၊ ပစ်ခတ်သတ်ဖြတ်နေခြင်းများကိုလည်း ရက္ခိုင်၊ ပလက်ဝဒေသများ၌ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း၊ နိုဝင်ဘာလ (၈) ရက်နေ့ တစ်ရက်တည်း၌ပင် ရက္ခိုင်၊ ပလက်ဝဒေသရှိ နေရာ (၅) ခု၌ တိုက်ပွဲများ အသီးသီးဖြစ်ပွားခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၈ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ခေါင်းလောင်းချောင်းရွာအနီးတွင် တပ်မ (၅၅) လက်အောက်ခံ တပ်ဖွဲ့ဝင်များ၊ လက်နက်ခဲယမ်းများပါဝင်သော စစ်ကောင်စီ၏ စစ်သုံး ဇက်သင်္ဘော (၁) စီး နှင့် ၎င်းဇက်သင်္ဘောနှင့်အတူ လေကြောင်းမှ လုံခြုံရေးပါလာသော ရဟတ် ယာဉ် ၁ စီးကို နေရာ ၂ ခုမှ ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း၊ ဇက်သင်္ဘောအား ကြီးကြီးမားမားထိရောက်မှုမရှိခဲ့သော်လည်း ဇက်သင်္ဘော ပေါ်တွင် ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်၊ သေဆုံးမှုရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၈ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၃၉ မိနစ်အချိန် အမ်းမြို့နယ်၊ ကဇူးကိုင်းရွာအနီးတွင် စစ်ကောင်စီတပ်က ဝင်ရောက်လာသော ကြောင့် (၄၅) မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန် မောင်တောမြို့နယ်၊ ဝက်ကျိန်း(မြို)ရွာအနီးတွင် စစ်ကောင်စီ၏ တပ်မ (၇၇) နှင့် ကြိမ်ချောင်း နခခ (၇) တို့ ပူးပေါင်းစစ်ကြောင်းက AA နယ်မြေများကို ထိုးစစ်ဆင် တိုက်ခိုက်လာ သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နိုဝင်ဘာလ (၈) ရက်နေ့၊ ညနေ ၄ နာရီ ၃၅ မိနစ်အချိန်တွင် အမ်းမြို့နယ်၊ ဟင်းရွက်ရွာအနီး စစ်ကောင်စီ၏ ခမရ ၃၀၈ /၃၅၄ ပူးပေါင်းစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ ယင်းနေ့ မွန်းလွဲ ၂ နာရီ ၃ မိနစ်အချိန် ပလက်ဝမြို့နယ်၊ ပကာဝရွာအနီး၌လည်း နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က မြေပုံမြို့နယ်၊ ကြိုးကြာပြင်ကျေးရွာ၏မြောက်ဖက်၊ မီတာ (၈၀၀) ခန့်ရှိ ယိုးချောင်းဗျူဟာကုန်း နှင့် အမ်းမြို့နယ်၊ စွိချောင်းကျေးရွာအနောက်ဘက် စွိချောင်းဗျူဟာကုန်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ သေဆုံးသူ (၁၀) ဦးခန့်နှင့် ဒဏ်ရာရရှိသူအချို့ရှိခဲ့ပြီး ရန်သူ့စစ်အသုံးအဆောင်ပစ္စည်းအချို့၊ လက် နက် ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း AAက ထုတ်ပြန်ပြောဆိုထားသည်။

ဓာတ်ပုံ- AA တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article