30 C
Yangon

“ယန်းပဲလက်မှသည် ဆလိုင်းတင်မောင်ဦး အစပြုလို့ သွေးမအေးသင့်သော တော်လှန်ရေး “

Must read

By မောင်း

“ကိုယ် တိုက်ခိုက်နိုင်စွမ်းရှိတဲ့ မိစ္ဆာရန်သူမျိုးကို ကိုယ်က အမြဲတိုက်ခိုက်နေရမယ်”

သမိုင်းဝင် ကျောင်းသား လူငယ်တစ်ဦးဖြစ်သော ယန်းပဲလက် (Jan Palach) ရဲ့ နောက်ဆုံး စကားတစ်ခွန်းပါ။ ယန်းပဲလက် ဆိုတာကတော့ ချက်ကိုစလိုဗက်ကီးယား နိုင်ငံသား လူငယ်လေး ဖြစ်ပါတယ်။

သူဟာ ဆိုဗီယက် (ရုရှား)တို့ရဲ့ ကျူးကျော်သိမ်းပိုက်ထားမှုအပေါ် ဆန့်ကျင်တော်လှန်ဖို့အတွက် သွေးအေးလာတဲ့ ချက်နိုင်ငံသားတွေကို အသက်ပေးပြီး လှုံ့ဆော်ခဲ့တဲ့ လူငယ်တစ်ဦးပဲ ဖြစ်ပါတယ်။

၁၉၆၈ ခုနှစ်မှာ ဆိုဗီယက် (ရုရှား)စစ်တပ် ဦးဆောင်တဲ့ ဝါဆောစာချုပ်အဖွဲ့ဝင်တပ်တွေဟာ ချက်ကိုစလိုဗက်ကီးယားနိုင်ငံကို သိမ်းပိုက်နိုင်ဖို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ကျူးကျော်စစ်ဟာ အလွန်အမင်းမြန်ဆန်ပြီး မျှော်လင့်မထားတဲ့ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခြင်းမျိုး ဖြစ်တာမို့ ကျူးကျော်သူတွေက အောင်ပွဲဆင်ခဲ့ကြတယ်။ ချက်ကိုစလိုဗက်ကီးယားနိုင်ငံအနေနဲ့ ဒေသတွင်း ဆိုဗီယက်ကို ရန်သူလို့ မထင်ဘဲ ညီအစ်ကိုရင်းသဖွယ် မှတ်ယူခဲ့ကြတာပါ။

အခုလို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်သိမ်းပိုက်ခံရခြင်းကို မဟာသစ္စာဖောက်မှုကြီးလို့ ခံစားနေခဲ့ကြတဲ့ ချက်ကိုစလိုဗက်ကီးယား ပြည်သူတွေက ခါးသီးစွာ အသံတိတ် တော်လှန်တုံ့ပြန်ခဲ့ကြပါတယ်။ ဒါပေမဲ့ အင်အားအလွန်ကြီးတဲ့ ဆိုဗီယက်ရဲ့ စစ်အုပ်ချုပ်ရေး အောက်မှာ ၆လကြာနေထိုင်ခဲ့အပြီးမှာတော့ လူ့အဖွဲ့အစည်းအတွင်းရှိ လူအများစုဟာ ဖြစ်ပေါ်လာတဲ့ အခြေအနေသစ်ကို မရှောင်လွှဲနိုင်တဲ့ အနေအထားအဖြစ် စတင်လက်သင့်ခံလာကြပြီး စစ်တပ်တစ်ပိုင်း အစိုးရသစ်နဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ အစပျိုးလာခဲ့ကြပါတယ်။ ဒါပေမဲ့ ဒါဟာ လူအားလုံးက ပူးပေါင်းလာကြခြင်းတော့ မဟုတ်ခဲ့ပါဘူး။

သမိုင်းဝင် ကျောင်းသားလူငယ်တစ်ဦးဖြစ်တဲ့ ယန်းပဲလက် (Jan Palach) ကတော့ လူ့အဖွဲ့အစည်းအတွင်းမှာ စိတ်သဘောထား ပြောင်းလဲသွားကြပုံနဲ့ မိမိနိုင်ငံငယ်ကလေးရဲ့ မျှော်လင့်ချက်ကင်းမဲ့မှုနဲ့ တဖြည်းဖြည်း ဝါးမျိုခံလာရမှုကို လက်မခံနိုင်၊ မခံစားနိုင်အောင် ဖြစ်ခဲ့ရမှုနဲ့အတူ သူရဲ့ ရည်ရွယ်ချက်တွေဟာ နာကျင်ထိခိုက်ဖွယ်ကောင်းလှအောင် ရှင်းလင်းပြတ်သားလာခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံက ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဖိနှိပ်ညှင်းဆဲ ခံနေရမှုကို ဆန့်ကျင်တဲ့အနေနဲ့ ကိုယ့်ကိုကိုယ်မီးရှို့ သေကြောင်းကြံစည်ခဲ့တဲ့ ဘုန်းတော်ကြီး သစ်ကွမ်ဒု (Thích Quảng Đức) ရဲ့ လမ်းစဥ်ကို အတုယူလျက် ယန်းပဲလက် (Jan Palach) ဟာ အားအင်ချိနဲ့လာပြီး လေးလံထိုင်းမှိုင်းနေတဲ့ ချက်ကိုစလိုဗက်ကီးယား ပြည်သူတွေကို လှုပ်နှိုးဖို့အတွက် အဆုံးစွန်သော လမ်းကိုလျှောက်လှမ်းခဲ့ပါတယ်။

ဒါကတော့ ရက်စက်စွာ ဖိနှိပ်နေတဲ့ စစ်တပ်တပိုင်း အစိုးရကို ချက်ပြည်သူတွေ ထကြွပုန်ကန် တော်လှန်လာကြစေဖို့အတွက် သူဟာ ချက်နိုင်ငံ ပရက်ဂ်မြို့တော်၏ရဲ့ နှလုံးသည်းပွတ် မြို့လယ်ခေါင်တည့်တည့် ၁၉၆၉ ခုနှစ် ၊ဇန်နဝါရီ ၁၆ ရက်နေ့ နေ့လည်ခင်းအချိန်အခါမှာ သူ့ရဲ့ကိုယ်ပေါ်ကို ဓာတ်ဆီလောင်းချကာ မီးရှို့ပြပြီး အဆုံးစွန်သော တော်လှန်ခြင်းကို ပြသခဲ့ပါတယ်။ ၎င်းကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြပြီး သုံးရက်ကြာ ဝေဒနာအပြင်းအထန် ခံစားရပြီးနောက် ကွယ်လွန်သွားခဲ့ပါတယ်။

ချက်နိုင်ငံသာမက အရှေ့ဥရောပနိုင်ငံများတွင်ပါ ယခင်မရှိခဲ့ဘူးတဲ့ မိမိကိုယ်ကို မီးရှို့ကာ ဆန္ဒပြမှုအပြီးမှာတော့ ချက်နိုင်ငံသားတွေဟာ ယန်းပဲလက်ကို လွတ်လပ်မှုနဲ့ ဒီမိုကရေစီအရေးအတွက် စတေးမှုအဖြစ်နဲ့ ရဲ့ဝံ့စွန့်လွှတ် အနစ်နာခံတဲ့ လူသားတစ်ယောက်အဖြစ် ၎င်းကို အမှတ်ရနေကြဆဲပဲ ဖြစ်ပါတယ်။

မိမိတို့ထက် အင်အားကြီးမားလွန်းတဲ့ ရန်သူနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချက်နိုင်ငံသားတွေဟာ အကြောက်တရားနဲ့ ရန်သူကို တော်လှန်ပုန်ကန်ရင်း အချိန်ကြာလာတာနဲ့အမျှ အနည်းငယ် သွေးအေးသွားကာ နိုင်ငံဟာ ပုံမှန်အတိုင်း ပြန်ဖြစ်လာတာကြောင့် ယန်းပဲလက်ဟာ မိမိကိုယ်ကိုမိမိ မီးရှို့ သတ်သေပြခဲ့သည်အထိ ဘ၀နဲ့ အသက်ကိုပေးကာ ချက်ပြည်သူတွေကို လှုပ်နှိုးလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ယန်းပဲလက် (Jan Palach) က သူရဲ့ တောင်းဆိုချက်တွေကို စာတစ်စောင်ရေး၍ ချန်ထားရစ်ခဲ့ပြီး၊ ၄င်းရဲ့ တောင်းဆိုချက်တွေကို မဖြည့်ဆည်းပေးပါက ၎င်းကဲ့သို့ အားလုံးလိုက်၍ ကိုယ့်ကိုကိုယ် မီးရှို့သတ်သေကြမည့်အဖွဲ့တစ်ခု ရှိနေကြောင်း စာထဲမှာ ဖော်ပြထားပါတယ်။ ဆေးရုံကုတင်ပေါ်မှာ သေမင်းနဲ့ နပန်းလုံးရင်း သေအံ့မူးမူးဖြစ်နေတဲ့အချိန်မှာ ဆရာဝန်တွေက မည်သည့်ရည်ရွယ်ချက်ကြောင့် ကိုယ့်ကိုကိုယ် မီးရှို့သတ်သေဖို့ ကြိုးစားရတာလဲ လို့ မေးမြန်းမှုအပေါ် ၎င်းက ချက်ကိုစလိုဗက်ကီးယားကို ဆိုဗီယက်တို့ သိမ်းပိုက်ထားမှုကို ဆန့်ကျင်ကြောင်း၊ လွတ်လပ်စွာပြောဆိုခွင့်ကို ပေးအပ်ရမှာဖြစ်ပြီး ကျူးကျော်သိမ်းပိုက်ထားသူတွေရဲ့ ဖိနိုပ်အုပ်ချုပ်မှုတွေကို အဆုံးသတ်ဖျက်သိမ်းပေးဖို့ တောင်းဆိုကြောင်း၊ ရှင်းလင်းပြတ်သားစွာ ထုတ်ဖော်ပြောဆိုသွားခဲ့တဲ့ Jan Palach ရဲ့ လုပ်ရပ်ကို (ထိုစဉ်က) ချက်ကိုစလိုဗက်ကီးယားတစ်နိုင်ငံလုံးက ရင်နင့်စွာခံစားခဲ့ရသလို ထိတ်လန့်တုန်လှုပ်ခြင်းကြီးစွာ ဖြစ်ခဲ့ကြရပါတယ်။

သူ့ရဲ့စာထဲမှာပါတဲ့ အုပ်စုလိုက် သတ်သေမဲ့သူများရှိကြောင်း ခြိမ်းခြောက်ရေးသားချက်မှာ မဟုတ်မှန်သော်လည်း ချက်ကိုစလိုဗက်ကီးယားနှင့် ပိုလန်နိုင်ငံတို့မှ အမျိုးသား အများအပြားဟာ နောက်ပိုင်းနှစ်တွေမှာ ၎င်းကဲ့သို့ မီးရှို့၍ သေကြောင်းကြံ ကန့်ကွက်မှုများ ပြုလုပ်လာခဲ့ကြတာ တွေ့ရပါတယ်။

ထိုစဉ်ကတည်းက မိမိ အနိုင်မရနိုင်တဲ့ ရန်သူနှင့် ရင်ဆိုင်တွေ့ကြုံရတဲ့အခါ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် မိမိအသက်ကိုစတေးရန် ထိုက်တန်သလား ဆိုတဲ့ မေးခွန်းက ချက်သမ္မတ နိုင်ငံငယ်လေးအတွင်း ယန်းပဲလက် (Jan Palach) ကို အကြောင်းပြုဆက်နွယ်ကာ ဆက်လက် ပြောစမှတ် ပြုနေကြဆဲပဲ ဖြစ်ပါတယ်။ အစိုးရတွေပြောင်းသွားခဲ့တယ်။ လူထုအမြင်များလည်း ပြောင်းလဲနေဆဲဖြစ်တယ်။ ဒါပေမဲ့ ယန်းပဲလက် (Jan Palach) ရဲ့ ကိုယ့်ကိုကိုယ် မီးရှို့စတေးခဲ့မှုအပေါ် သွေးအေးသွားခြင်း၊ မေ့ပျောက်သွားခြင်း၊ မသိကျိုးကျွံ့ပြုလိုက်ခြင်းများ ချက်ပြည်သူများအကြား လုံးလုံးလျားလျား ဖြစ်ပေါ်ခဲ့ခြင်း မရှိပေ။

ကံအကြောင်းမလှစွာပဲ ချက်ကိုစလိုဗက်ကီးယားနိုင်ငံဟာ ၁၉၈၉ ခုနှစ် အထိတိုင်အောင် ဆိုဗီယက်ရဲ့ သိမ်းပိုက်ခံနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေခဲ့ပါတယ်။

သေချာတာကတော့ မိမိထက် အင်အားအဆမတန်ကြီးမားတဲ့ ရန်သူကို မိမိရဲ့ အသက်ကို စတေးပြီး တော်လှန်သွားခဲ့တဲ့ ယန်းပဲလက် ရဲ့ အဆုံးစွန်ထိသော တော်လှန်ရေးစိတ်ဓတ် မျိုးစေ့ဟာ ချက်နိုင်ငံသားတွေဆီမှာ သံမှိုစွဲကပ်ထားခဲ့သလို ကျန်ရှိနေမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

အထူးသဖြင့် သူ့နှုတ်က ထွက်ကျလာသော နောက်ဆုံးဝါကျတစ်ကြောင်းက မျှော်လင့်ချက်ထားရှိရေးနဲ့ အောင်ပွဲခံနိုင်မဲ့ အလားအလာအမြင်များကို ရည်ညွှန်းပြောဆိုသွားခဲ့ပါတယ်။ သူ့ကိုတွေ့ဆုံမေးမြန်းခဲ့တဲ့ ဆရာဝန်က အသံဖမ်းစက်နဲ့ ဖမ်းယူထားတဲ့ ကျေးဇူးကြောင့် ခပ်တိုးတိုးမှာကြားသွားတဲ့ ယန်းပဲလက် (Jan Palach) ရဲ့ စကားသံကို ယနေ့တိုင် ကြားခွင့်သာနေဆဲ ဖြစ်ပါတယ်။

“ကိုယ်တိုက်ခိုက်နိုင်စွမ်းရှိတဲ့ မိစ္ဆာရန်သူမျိုးကို ကိုယ်က အမြဲတိုက်ခိုက်နေရမယ်”

ဒါတွေက သမိုင်းမှာ ဘယ်လိုမှ ဖျောက်ဖျက်လို့မရတဲ့ အရာတွေဖြစ်ပြီး လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ပုံစံနဲ့ အလားသဏ္ဍာန် တူညီမှုလေးတွေလည်း ရှိနေပါတယ်။

အာဏာရှင် မင်းအောင်လှိုင်ရဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ၂ နှစ်ကျော် ကြာမြင့်လာချိန်၊ အညာဒေသနဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်မီးများ လောင်ကျွမ်းနေပေမယ့် မြို့ကြီးတွေမှာတော့ ပုံမှန်နီးပါး လည်ပတ် လှုပ်ရှားလျှက် ရှိလာတာ တွေ့ရပါတယ်။

ဒါဟာ စစ်တပ်ရဲ့ မတရား အုပ်ချုပ်မှုအောက်မှာ နေသားကျသွားပြီလားဆိုတဲ့ စိုးရိမ်စိတ်ကို ဖြစ်စေပါတယ်။

မြန်မာ့သမိုင်းမှာလည်း တချိန်က ထိုနည်းတူစွာ ကြုံခဲ့ဖူးတာတွေလည်းရှိပါတယ်။ ၁၉၆၂ နဲ့ ၁၉၈၈ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တစ်ပါတီအာဏာရှင်နဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ပြည်သူတွေဟာ အခက်အခဲပေါင်းများစွာကြားမှာ နှစ်ပေါင်းများစွာနေထိုင်ရင်း ဖြတ်သန်းခဲ့ရပါတယ်။

အဲ့ဒီ့အချိန်ကာလမျိူးတွေမှာတောင် မြန်မာ့သမိုင်းမှာ ချက်နိုင်ငံသား ယန်းပဲလက်လို ကျောင်းသားလူငယ်မျိူးတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ထိုလူငယ်တွေထဲက တဦးကတော့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့လို့ ဖမ်းဆီးခံရပြီး ၁၉၇၆ ခုနှစ် ဇွန်လမှာ ထောင်အတွင်း မတရားကြိုးပေး သတ်ဖြတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးပဲ ဖြစ်ပါတယ်။

“မင်းတို့ ငါ့ခန္ဒာကိုယ်သာ သတ်လို့ရမယ်၊ ငါ့ရဲ့ယုံကြည်ချက်နှင့် ရပ်တည်ချက်ကိုတော့ ဘယ်တော့မှ သတ်လို့ရမယ် မဟုတ်ဘူး၊ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်နိုင်ဘူး”

ဒီစကားလုံးတွေကတော့တော့ ကြိုးပေးအသတ်မခံရမီ “အာဏာရှင်ကို လုံး၀ဒူးမထောက်ဘူး” ဆိုတဲ့ သတင်းစကားကို ကျောင်းသားလူငယ် ဆလိုင်းတင်မောင်ဦး ရဲ့ရင့်စွာ ပြောကြားခဲ့တာပါ။

လက်ရှိမှာလည်း အာဏာရှင်ရဲ့ ဖမ်းဆီးနိုပ်စက် သတ်ဖြတ်မှုတွေကြောင့် ဖမ်းဆီးခံနေရတဲ့၊ မြင့်မြတ်စွာ ကျဆုံးခဲ့ရတဲ့ နွေဦးတော်လှန်ရေးက သူရဲကောင်းများစွာ ဆလိုင်းတင်မောင်ဦးပေါင်း များစွာရှိနေပါသေးတယ်။

သူတို့တတွေရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် အောင်ပွဲကတော့ အလှမ်းဝေးနေဆဲပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အင်အားကြီးမားလွန်းတဲ့ တိုင်းတပါးသား စစ်အာဏာရှင်ကို ယန်းပဲလက်ရဲ့ အသက်ကို စတေးပြီး အဆုံးစွန် ဆန့်ကျင်ခဲ့မှုမှသည် အာဏာရှင်ကို နောက်ဆုံးအချိန်ထိ ဒူးမထောက် လက်မမြှောက်ဘူး ဆိုတဲ့ ဆလိုင်းတင်မောင်ဦးရဲ့ ဘာမထီဟန် သမိုင်းဝင် စကားတို့ကို အစပြုလို့ သူရဲကောင်းအသီးသီးတို့ရဲ့ သွေးချွေး ပေးဆပ်မှုတွေဟာ၊ တချိန်မှာတော့ စစ်အာဏာရှင်ကို အမြစ်ပြတ်သည်ထိ၊ လုံးဝကျရှုံးသွားစေသည်အထိ ရောက်အောင် ပို့ဆောင်ပေမဲ့ တော်လှန်ရေး မျိုးစေ့တွေ ဖြစ်လာမည် ဆိုတာကတော့ အသေအချာပင်။

အချုပ်အားဖြင့် ခေတ်အဆက်ဆက် မပြီးပြတ်သေးတဲ့ စစ်အာဏာရှင်ဖြုတ်ချရေး ကြိုးပမ်းမှုတလျောက် လက်ရှိနွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရောက်ရှိနေတယ်လို့ ဆိုရင် မမှားပါဘူး။ ဒါကြောင့်မို့လည်း စစ်အာဏာရှင်ကို အမြစ်ပြတ် ဖြုတ်ချနိုင်ရေးအတွက် အာဏာရှင်တွေကို သတ္တိရှိရှိ အဆုံးစွန်ထိ ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ သုရဲကောင်းများနဲ့ လက်ရှိမှာလည်း ရွပ်ရွပ်ချွန်ချွန် ဆက်လက် တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းများကို ဂုဏ်ပြုလျက် နွေဦးတော်လှန်ရေး အစပိုင်းမှာ လူတွေရဲ့ ပါးစပ်ဖျားမှာ ခွန်အားအပြည့်နဲ့ သီဆိုခဲ့တဲ့ “အလိုမရှိ” သီချင်းလေးနဲ့ ဂုဏ်ပြုရင်း အခုဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ်။ !!!!! စစ်အာဏာရှင်ကို အဆုံးထိ တော်လှန်ကြ … အမြစ်ပြတ် ချေမှုန်းကြ ……

“အနိုင်မရခင် သွေးတွေရဲ့နေမှ ….. ”
“အမှန်တရားအတွက် ရဲရင့်ဖို့လိုပြီ ….. “
“အမှန်တရားကို ရရင်ရ၊ ပြန်မရရင် အဆုံးထိ သွားမှာပါ” …….

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article