ရန်ကုန်၊ ဒီဇင်ဘာ ၄
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် မအူရွာကို အကြမ်းဖက် စစ်ကောင်စီဝင်များ ဒီဇင်ဘာလ ၂ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၃၀ ကျော် ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
“အိမ် ၃၀ ကျော်လောင်သွားပါတယ်။ ဆေးခန်းပါသွားပါတယ်။ သူတို့မထွက်သွားခင်က ပြန်လာရှို့မယ်လိုလည်း အော်သွားပါတယ်။ ဒီနေ့တော့ ရွာထဲကျန်တာတွေကို ပြည်သူတွေ လာယူကြတယ်။ “ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
လတ်တလောအချိန်တွင် PDF များမှ အကြမ်းဖက်စစ်ကောင်စီများထောင်ထားသည့် မိုင်းများကို ရှင်းလင်းရေး လုပ်ဆောင်နေကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီဝင်များသည် မအူရွာတွင် တစ်ညအိပ်၍ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဧရာဝတီမြစ်အတိုင်း ကျောက်မြောင်းရွာဘက်သို့ ပြန်ထွက်သွားကြောင်း သိရှိရသည်။