ရန်ကုန်၊ ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုး မီးရှို့နေသောကြောင့် ပြည်သူ တစ်သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။
ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ်က ဒီပဲယင်း အရှေ့ခြမ်း ကျေးရွာများကို ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေပြီး ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများမှ ပြည်သူ တစ်သောင်းကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
လက်ရှိချိန်တွင် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ ညောင်လှ၊ ဝဲကြီး၊ ကုန်းကြီး၊ နများ ယဉ်ကျေး၊ မူးရိုးကုန်း၊ မရကန်၊ အင်ပင်၊ ကုန်းတဲ အနီးတစ်ဝိုက် ကျေးရွာများနှင့် ရွှေဘို-ဒီပဲယင်းနယ်စပ် ကျေးရွာများမှ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ ပါဝင်သည့် စစ်ကြောင်း တစ်ကြောင်းဖြင့် ဒီပဲယင်း အရှေ့ခြမ်း မရိုးကုန်းကျေးရွာမှ နများယဉ်ကျေး၊ ကုန်းကြီး၊ ညောင်လှ စသော ကျေးရွာများသို့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး နေခြင်းဖြစ်ပြီး ဒေသခံ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
အဆိုပါ ကျေးရွာများမှ စစ်ဘေးရှောင် ပြည်သူများသည် ဘေးလွတ်ရာ ဘုရား၊ ကျောင်း၊ ဇရပ်များတွင် မှီခိုနေထိုင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာ အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။
” စစ်ရှောင် အရေအတွက်က တစ်သောင်းကျော်လောက်ရှိမယ်။ လတ်တလော လိုအပ်ချက်တွေကတော့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ် နေတာပေါ့။ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ကလည်း အရေးပေါ် စားနပ်ရိက္ခာတွေ ပို့ဆောင်ပေးနေတယ်။ အလှူရှင် များအနေနဲ့ စစ်ဘေးရှောင်များအတွက် အတတ်နိုင်ဆုံး ပါဝင်ကူညီပေးကြပါရန် အနူးအညွတ် မေတ္တာ ရပ်ခံအပ်ပါတယ်” ဟု ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
စစ်ဘေးရှောင် ပြည်သူများအား ဆက်သွယ် လှူဒါန်းသောသော အလှူရှင်များအနေဖြင့် ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေး Page Messenger မှတစ်ဆင့် ဆက်သွယ် ကူညီလှူဒါန်းနိုင်ကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။