ရန်ကုန်၊ ဒီဇင်ဘာ ၆
လောင်းလုံးမြို့နယ်တွင် ကျောင်းသား လူငယ်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ယုံကြည်ချက်ကြောင့် သေဒဏ် ချခံထားရသည့် ကျောင်းသား၊ ပြည်သူများနှင့် အတူ ရပ်တည်ကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။
“အကြမ်းဖက်စစ်အုပ်စုဟာ အပြစ်မဲ့ကျောင်းသားပြည်သူတွေကို မတရားဖမ်းဆီးကာ သက်သေခိုင်လုံမှုမရှိဘဲ မတရားပုဒ်မတပ် သေဒဏ်အမိန့်ချမှတ်တာတွေကို ဆက်တိုက်ပြုလုပ်လာပါတယ်။ တစ်ဖက်တွင်လည်း နိုင်ငံတဝှမ်းက ကလေးငယ်တွေပါမချန် တိုင်းရင်းသားပြည်သူတွေကို နေ့စဥ်နဲ့အမျှ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နေတဲ့အပြင် နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးနေပါတယ်။ ဒါဟာ သူတို့အာဏာတည်မြဲရေးအတွက် အင်အားကောင်းလာတဲ့ လူထုတော်လှန်ရေးကို ဦးချိုးလိုတဲ့အတွက် ကျောင်းသားပြည်သူတွေကို ရန်သူလိုသဘောထားပြီး တိုက်ခိုက်လာတာပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကျိုးစီးပွားအတွက် ကျောင်းသားပြည်သူတွေရဲ့ဘဝတွေကို နင်းချေဖျက်ဆီးပစ်ဖို့ ဝန်မလေးတဲ့ အဲလိုအကြမ်းဖက် အာဏာရူးစစ်ဘီလူးတွေကို အမြစ်ဖြတ် တော်လှန်ဖို့မှတစ်ပါး အခြားမရှိ” ဟု သပိတ် စစ်ကြောင်းတွင် ပါဝင်သည့် လူငယ်တစ်ဦးက ပြောဆိုသည်။