ရန်ကုန်၊ ဒီဇင်ဘာ ၉
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်ကို ဌာနကြီး ၅ ခု၊ စစ်တိုင်း ၃ ခု၊ စစ်ဒေသ ၃ ခုဖြင့် ထူထောင်ပြီး စစ်ဒေသမှူးများအဖြစ် တိုင်းရင်းသားတော်လှန်ရေးတပ်များမှ စစ်ဘက် ခေါင်း ဆောင်များက တာဝန်ယူထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် က တရားဝင် အသိပေးမိန့်ခွန်းပြောဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်ကို အောက်တိုဘာ ၁၀ ရက်နေ့တွင် စတင် ဖွဲ့စည်းထူထောင်ခဲ့ပြီး ဖြစ်သော အသိပေးညွှန်ကြားချက် တစ်စောင်ကို ဝန်ကြီးဌာနက ရဲဘော်များထံ ဖြန့်ဝေပေးပို့ထားပြီးဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ ဌာနကြီး (၅) ခု ပါဝင်ပြီး၊ ၅ ချောင်းထောက်ပုံစံဖြင့် ဖွဲ့စည်းထားကြောင်း၊ ဌာနကြီး ၅ ခုအနေဖြင့်-
(၁) စစ်ဆင်ရေးဌာန
(၂) စစ်ထောက်လှမ်းရေးဌာန
(၃) စစ်ရေးဌာန
(၄) စစ်ထောက်ဌာန
(၅) ပြည်သူ့လုံခြုံရေးဌာန တို့ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။
ဌာနအလိုက် ဌာနခွဲများ ပူးပေါင်းပါဝင်ပြီး စစ်ဦးစီးရုံးက တိုက်ရိုက်တာဝန်ပေးဆောင်ရွက်သည့် အထူး ရုံးများလည်း ပါဝင်ကြောင်း၊ စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူနှင် ပူးပေါင်းလာသည့် CDM အရာ ရှိနှင့် ရဲဘော်များက ကျွမ်းကျင်မှုနှင့် အတွေ့အကြုံအပေါ်မူတည်ပြီး သက်ဆိုင်ရာဌာန၊ ဌာနခွဲတွေမှာ ပါဝင်တာဝန်ထမ်းဆောင်နေကြပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၏ အသိပေး မိန့် ခွန်း တွင် ပြောဆိုထားသည်။
PDF တပ်မတော်တွင် စစ်ရုံးချုပ်၊ မြောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်း စစ်တိုင်း ၃ ခုဖြင့် မြေပြင်တပ်ရင်းတပ်ဖွဲ့များ ရှိလာပြီ ဖြစ်ကြောင်း၊ တပ်မတော်တစ်ရပ်၏ ဦးရေးထောက် လုပ်ငန်းများကို သက်ဆိုင်ရာဌာနအလိုက် စစ်ရုံးချုပ်၊ စစ်တိုင်းများနှင့် မြေပြင် တပ်ရင်းတပ်ဖွဲ့ များအကြား ပုံမှန်ဆက်သွယ်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ဆိုသည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ ပူးပေါင်းဖွဲ့စည်းသည့် စစ်ဒေသ ၃ ခု ရှိနေပြီး စစ်ဒေသမှူးများအဖြစ် မဟာမိတ် EROs များ၏ စစ်ဖက်ထိပ်တန်းခေါင်းဆောင်များ တာဝန်ယူထားကြောင်း၊ စစ်ဆင်ရေးဆောင်ရွက်သည့် အခါ စစ်ဒေသမှူးများဦးဆောင်သည့် စစ်ဒေသကွပ်ကဲရေး တာဝန်ရှိသူအဆင့်ဆင့်၏ ဦးဆောင် ကွပ် ကဲမှုကို ခံယူကြရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
PDF စစ်ရုံးချုပ် သည် Chain of Command တည်ဆောက်မှုတွင် ပိုပြီး စနစ်တကျရှိလာပြီဖြစ်ပြီး စစ်ရေးအတွေ့အကြုံရှိပြီးသား ခေါင်းဆောင်များ၏ ဦးဆောင်မှုနှင့် ဆင်နွှဲတဲ့ စစ်ဆင်ရေးအစီ အစဥ် များသည် ဗျူဟာမြောက် ပိုပြီး ထိရောက်အောင်မြင်မှုရှိလိမ့်မည်ဖြစ်ကြောင်း၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်နှင့် စည်းမျဥ်းစည်းကမ်းများကို အတိအကျလိုက်နာခြင်းသည် PDF တပ်မတော်၏ ဂုဏ် ဖြစ်ကြောင်း၊ PDF တပ်မတော်၏ အနာဂတ်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက တရားဝင် အသိပေးမိန့်ခွန်းပြောဆိုထားသည်။