36 C
Yangon

ခင်ဦးတွင် စစ်တပ်က ကျေးရွာ ၁၂ ခုကို မီးရှို့ခဲ့ပြီး နေအိမ် ၇၇၇ လုံးပြာကျ၊ ကျေးရွာ ၅၇ ခုမှ ပြည်သူများ စစ်ရှောင်နေရပြီး အနွေးထည်နှင့် စောင်များ အရေးပေါ် လိုအပ်နေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် နိုဝင်ဘာလ အတွင်း ကျေးရွာ ၁၂ ခုကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၇၇၇ လုံးပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့မှ နိုဝင်ဘာ ၂၈ ရက်နေ့အထိ အကြမ်းဖက် စစ်တပ် ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်း ၃ ကြောင်းခွဲကာ ကျေးရွာပေါင်း ၁၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၇၇၇ လုံးပြာကျခဲ့ကြောင်း၊ PDF ရဲဘော် ၁၀ ဦး ကျဆုံးခဲ့ပြီး ပြည်သူ ၁၃ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာများမှာ (၁)ပေါင်းလဲကုန်းရွာ နေအိမ် ၁၃၆ လုံးပြာကျ၊ (၂) လက်ပံကြီးရွာ နေအိမ် ၇၃ လုံးပြာကျ၊ (၃)မဒေါင်းကြီးရွာ နေအိမ် ၇၅ လုံးပြာကျ၊ (၄) ရွှေကာရွာ နေအိမ် ၇၀ လုံးပြာကျ၊ (၅) နှဲတွင်းရွာ နေအိမ် ၁ လုံး ပြာကျ၊ (၆) ဆီဆုံလေးရွာ နေအိမ် ၄ လုံးပြာကျ၊ (၇) စောကြီးရွာ ၆၄ လုံး ပြာကျ၊ (၈) သနပ်စိန်ရွာ နေအိမ် ၁၂၀ လုံးပြာကျ၊ (၉) မုံလှရွာ နေအိမ် ၁၁၀ လုံးပြာကျ၊ (၁၀) မြစ်တော်ရွာ နေအိမ် ၇၀ လုံးပြာကျ၊ (၁၁) မြင်းဒေါင်းရွာ နေအိမ် ၃၉ လုံးပြာကျ၊ (၁၂) ဂွေကုန်းရွာ နေအိမ် ၁၅ လုံးတို့ဖြစ်ကြောင်း သိရှိရသည်။

ကျေးရွာများအတွင်း စစ်တပ်က ဝင်ရောက် စီးနင်းသဖြင့် လက်ရှိအချိန်တွင် ခင်ဦးမြို့နယ်၊ ကျေးရွာ ၅၇ မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ​ပြီး အနွေးထည်နှင့် စောင်များ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

” စစ်ဘေးရှောင်တွေအတွက် အနွေးထည်တွေနဲ့ စောင်တွေ အရေးပေါ် လိုအပ်နေပါတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

စစ်ရှောင်ပြည်သူများကို လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် သက်ဆိုင်ရာ နယ်မြေခံ အစည်းအဖွဲ့များနှင့် ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် အာဏာစသိမ်းချိန်မှစ၍ နေအိမ် ၂၆၃၃ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်တပ်က PDF ရဲဘော်နှင့် ဒေသခံ ပြည်သူ ၂၄၁ ဦး ကျဆုံးခဲ့ကြောင်း၊ ပြည်သူ ၁၅၀ ဦးခန့်ကိုလည်း ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article