ဒီးမော့ဆိုမြို့နယ်တွင် ကျောင်းသား ကျောင်းသူ ၂၀၀ ကျော် ကျောင်းဆင်းပွဲနှင့် လက်မှတ်အပ်နှင်းခြင်း အခမ်းအနားပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၃၀
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ကျောင်းသူ ကျောင်းသား ၂၀၀ ကျော်ကို ၂၀၂၂ ပညာသင်နှစ်ကြားကာလ ပညာသင်ကြားရေးကျောင်းဆင်းပွဲနှင့် EOCD လက်မှတ်အပ်နှင်းခြင်း အခမ်းအနားတစ်ရပ်ကို ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၉နာရီမှ ၁၂ နာရီအထိကျင်းပခဲ့ကြောင်း သိရှိရသည်။
လေယာဉ်သံနှင့် ဗုံးသံ အမြှောက်သံကြား၊လက်နက်ကြီးနှင့် လက်နက်ငယ်သံကြား၊ တိုက်ပွဲကြို တိုက်ပွဲကြားထဲမှ ဆရာ ဆရာမများနှင့် ကလေးငယ်များမှ ကြိုးစားပညာသင်ကြားခဲ့ရခြင်းဖြစ်ပြီး ကျေးရွာရှိ ဆရာတော်နှင့်အတူ ဘာသာရေးခေါင်းဆောင်များ၊ရပ်မိရပ်ဖများ၊ လူငယ် လူရွယ်များနှင့်အတူ ပညာရေးဌာနမှ ဆရာ ဆရာမများပါပူးပေါင်းပါဝင်ပြီး လူဦးရေ ၅၀၀ ဝန်းကျင်ခန့်ဖြင့် လက်မှတ်အပ်နှင်းခြင်းအခမ်းအနားကိုပြုလုပ်ခဲ့ကြောင်း၊ ကျောင်းသူ ကျောင်းသားငယ်များကို အုပ်ကပ်စီးမုန့်စားပြိုင်ပွဲ၊စပါးလုံးကောက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွတ်ပြိုင်ပွဲနှင့် ကစားနည်းမျိုးစုံကျင်းပပေးခဲ့ကြောင်း၊ ကျောင်းသားမိဘများနှင့် တက်ရောက်လာသည့် ရပ်မိရပ်ဖများကို အမဲသားဟင်း၊ဝက်သားဟင်း၊ ရိုးရာအထောင်းနှင့် ထမင်းထုပ်ပေါင်း ၄၅၀ နှင့် ကျောင်းသားမိဘများကို ကံစမ်းမဲမျိုးစုံ ပစ္စည်းအစုံအလင်ကို ကျေးလက်မြေအဖွဲ့မှ မဲနှိုက်ခိုင်းပြီး တက်ရောက်လာသူများကိုလှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။