မြိုင်မြို့နယ်၊ အိုးဘိုရွာကို စစ်တပ်က မီးရှို့မှုနေအိမ် ၇၀ ကျော်ပြာကျပြီး ပြည်သူ ၁ ဦးကိုဖမ်းဆီးသွား၊ ဒီပဲယင်းရှိ ကျေးရွာ ၂ ရွာကိုလည်း စစ်တပ်က မီးတင်ရှို့နေ
ရန်ကုန်၊ ဒီဇင်ဘာ ၃၀
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အိုးဘိုရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မီးရှို့ရာ နေအိမ် ၇၀ ပြာကျခဲ့ ကြောင်း မြိုင်မြို့-နွေဦးတော်လှန်ရေးအဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်တွင် အိုးဘိုရွာ၌ ညအိပ် တပ်စွဲထားသော အကြမ်း ဖက် စစ်တပ်က ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း သိရ သည်။
” ဒီနံနက် အစောပိုင်းမှာ မီးရှို့ဖျက်ဆီးခံရတာ အိုးဘိုကျေးရွာက ၃ ကြိမ်မြောက် မီးရှို့ဖျက်ဆီး ခံရတဲ့ရွာပါ။ နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ ကနဦးသိရတယ်။ ပြည်သူ ၁ ဦးဖမ်းဆီး ခံရပေမယ့် ပြန်လွှတ်လိုက်လာ ခေါ်သွားလားတော့ မသိရသေးဘူး” ဟု မြိုင်မြို့-နွေဦးတော်လှန်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အိုးဘိုရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ကန်နီ ပျူစောထီး ရွာကို ပြန် လည် ဆုတ်ခွာသွားကြောင်းသိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကြည်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဒီဇင် ဘာလ ၃၀ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကျေးရွာအတွင်း ကျန်ရှိနေသည့် ပြည်သူပိုင် နေအိမ် ၄၀ ခန့် ကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကြည်ဘုရားထွက်ရွာမှ ယင်းတွေကျေးရွာကို ဆက်လက် ပစ်ခတ် ဝင်ရောက်လာပြီး ကျေးရွာကို မီးတင်ရှို့နေကြောင်း သိရသည်။