မန္တလေး သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာအောင်အောင်ထွန်းနှင့် အစ်မကို စစ်တပ်က ထောင်ဒဏ် နှစ် ၂၀ ကျော်ချမှတ်ပြီး ငွေသိန်း ၂၀၀ ကျော်၊ ရွှေ ၁ ပိဿာနှင့် ၅ ကျပ်သားကို ပြည်သူပိုင် အဖြစ် သိမ်းဆည်း၊ ရွှေ ၄၀ ကျပ်သားကို စစ်တပ်နှင့်ရဲက ဖြောင်ထား
ရန်ကုန်၊ ဇန်နဝါရီ ၁၉
မန္တလေး၊ သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာ အောင်အောင်ထွန်းနှင့် အစ်မ မဟေမာဦးတို့ကို အကြမ်း ဖက် စစ်တပ်က ထောင်ဒဏ် နှစ် ၂၀ ကျော်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
၂၀၂၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာအောင်အောင်ထွန်းကို စစ်တပ် နှင့်ရဲများက လာရောက်ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၂ (က)နှင့် ပုဒ်မ ၅၀ (ည)တို့ဖြင့် အမှုဖွင့်ခဲ့ကြောင်း၊ ဒေါက်တာ အောင်ထွန်းကို လာဖမ်းစဉ်က အစ်မ ဖြစ်သူနှင့် အဖေဖြစ်သူကိုပါ ဖမ်းဆီးခဲ့ပြီး အဖေဖြစ်သူကို ၁၈ ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဒေါက်တာအောင်အောင်ထွန်းကို ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အစ်မ မဟေမာ ဦးကို ပုဒ်မ ၅၂ (က) နှင့် ပုဒ်မ ၅၀ (ည) တို့ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ကြောင်း သိရသည်။
ဒေါက်တာ အောင်အောင်ထွန်းကို စစ်တပ်က ဖမ်းဆီးစဥ်တွင် ဆေးခန်း ၃ ခန်း၏ အတွင်းပစ္စည်းများ အားလုံးကို ပြည်သူပိုင် အဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်ခဲ့ကြောင်း၊ မိသားစုပိုင် ပစ္စည်းများ ဖြစ် သော ရွှေ ၁ ပိသာနှင့် ၄၅ ကျပ်သား ငွေကျပ်သိန်း၂၀၀ ကျော်တို့ပါ ယူဆောင်သွားကြောင်း၊ ရွှေ ၁ ပိသာနှင့် ၅ ကျပ်သား နှင့် ငွေကျပ်သိန်း၂၀၀ ကျော်ကို ဒေါက်တာအောင်အောင်ထွန်း အမှုရင်ဆိုင်စဥ် အတွင်း ရှာဖွေပုံစံဖြင့် ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့ကြောင်း၊ သက်သေခံဖြင့် တင်သွင်းစဥ်၌ ရွှေ ၄၀ ကျပ်သား ပျောက်ဆုံးခဲ့ကြောင်းသိရသည်။
” မနက်ဖြန်ဆို ဒေါက်တာ အောင်အောင်ထွန်းနဲ့ အမဖြစ်သူ မဟေမာဦးတို့ကို အမိန့်ချတာ ၁ လ ပြည့်သွားပြီ ဖမ်းဆီးစဥ်တုန်းက ဆေးခန်း ၃ ခန်းနဲ့ ပစ္စည်းတွေ အကုန်လုံးကို ပြည်သူပိုင်ဆိုပြီး သိမ်း သွားတယ်။ မိသားစုပိုင်တဲ့ ရွှေ ၁ ပိဿာနဲ့ ၄၅ ကျပ်သား၊ ငွေသိန်း ၂၀၀ ကျပ်ကိုလည်း ပြည်သူ ပိုင်ဆိုပြီးသိမ်းတယ်။ တရားရုံးကို သက်သေခံ စာရင်း အဖြစ်တင်တော့ ရွှေ ၁ ပိဿာနဲ့ ၅ ကျပ်သားပဲ ပါလာတယ်။ ကျန်တဲ့ ၄၀ ကျပ်သားပျောက်သွားတယ်” ဟု တရားရုံးသတင်းရင်းမြစ်က ပြောသည်။
သူရိယဆေးခန်း ၃ ခုဖြစ်သည့် ၃၈ လမ်း ၈၁-၈၂ အကြားရှိ ဆေးခန်း၊ ၃၆ လမ်း ၇၈-၇၉အကြား ရှိ ဆေးခန်း၊ ၅၈ လမ်း၁၀၉-၁၁၀ အကြားရှိ ဆေးခန်းများကို ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- မန္တလေး သူရိယဆေးခန်းတစ်ခုကို အကြမ်းဖက် စစ်တပ်နှင့်ရဲများက ဝင်ရောက် ပိတ်သိမ်းနေစဉ်။
