ခင်ဦးရှိ စစ်ဘေးရှောင် မီးဘေးသင့် ကျေးရွာ ၆ သို့ဆန်အိတ် ၁၂၄ အိတ် လှူဒါန်း
ရန်ကုန်၊ ဇန်နဝါရီ ၃၁
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ မီးဘေးသင့် ပြည်သူများအတွက် Mogok Dhamma Trust အဖွဲ့ ဦးဆောင်သောအဖွဲ့က အမိမြေချစ် မေတ္တာရှင်များမှ တဆင့် ဆန်အိတ် ၁၂၄ အိတ်ကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ခင်ဦးမြို့နယ်အတွင်းရှိ စောကြီးကျေးရွာ ၆၆ အိမ် ၊ သနပ်စိန်ကျေးရွာ ၁၂၂ အိမ် ၊ ရွှေကာကျေးရွာ ၉၄ အိမ် ၊ မဒေါင်းကြီးကျေးရွာ ၇၈ အိမ် ၊ လည်ရှို ၃၂၀ အိမ် ၊ မီးဘေးသင့် အိမ်ခြေ ပေါင်း ၆၈၀ အိမ် တို့ကို တစ်အိမ်ထောင်လျှင် ၄ ပြည် နှုန်း ဖြင့် ၂၇၂၀ ပြည်ကို ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ် အင် အားစု (KURDAF) က သက်ဆိုင်ရာ ကျေးရွာ အသီး သီး မှ တာဝန်ခံများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုလှူဒါန်းမှု ဖြစ်မြောက်အောင် ကူညီပေးကြသော ပြည်ပရောက် UK မှ အမိမြေချစ် မေတ္တာရှင်များ ၊ ပြည်တွင်းမှ ကူညီဆောင်ရွက်ပေးကြသော မိတ်ဆွေများ ၊ KURDAF အဖွဲ့များ ဖြစ်ကြသော Khin U Specialforce Organization_KSO, Armed Revolutionary Force – KU , Narapati Local Guerrilla Revolution Force , TIGER – Local People Defence Force. Khin U, KhinU Warrior Force, KhinU Dragon နှင့် အခြား ကူညီကြသော တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူတင်မှတ်တမ်းတင်အပ်ကြောင်း ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ် အင်အားစု (KURDAF)က ပြောဆိုသည်။
ထို့ပြင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင်လည်း လည်ရှိုကျေးရွာ အတွက် ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု မှ ဆန်အိတ် ၅၄ အိတ် လှူတန်းခဲ့ကြောင်း၊ ခင်ဦးနယ်ဒေသခံ ကာကွယ်ရေး မဟာမိတ် အင်အားစု (KURDAF) သည် ဒေသတွင်း တော်လှန်ရေးအင်အားစု ၉ ဖွဲ့ ဖြင့် ဖွဲ့စည်း တည်ဆောက်ထားပြီး စစ်ဘေးရှောင်၊ မီးဘေးသင့် ပြည်သူများ အတွက် ကူညီလျက်ရှိကြောင်း သိရသည်။