အာဆီယံ ကြားနေမှုဟူ၍ မရှိ
By David Hutt
ကြားနေရေးမူကို ကျင့်သုံးနေသည်ဟု ဆိုပင်ဆိုငြားသော်လည်း အရှေ့တောင် အာရှနိုင်ငံများအဖွဲ့သည် မြန်မာ့အရေးတွင် ကြားဝင်စွက်ဖက်လျက်ရှိသည်။ သို့သော် ထိထိရောက်ရောက် စွက်ဖက်ခြင်းမျိုးကား မဟုတ်ပေ။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်ထားသော အစိုးရကို ဖြုတ်ချခဲ့သော စစ်တပ်၏ အာဏာသိမ်းမှု နှစ် နှစ်ပြည့်မြောက်ခဲ့သည့် မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ၎င်းတို့အနေဖြင့် မည်သည့်ကိစ္စရပ်များအား ဆောင်ရွက်မည် မဟုတ်ကြောင်းကို ပြီးခဲ့သည့်အပတ်အတွင်း ဆွစ်ဇာလန်နိုင်ငံ Davos မြို့၌ အရှေ့တောင်အာရှဒေသမှ ခေါင်းဆောင်များက ထုတ်ဖော်ပြောကြားရန် ရည်ရွယ်ထားခဲ့ပုံရသည်။
“အခြားအဖွဲ့ဝင်နိုင်ငံများရဲ့ ပြည်တွင်းနိုင်ငံရေးကိစ္စများမှာ ကျွန်တော်တို့ ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိပါဘူး” ဟု ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Anutin Charnvirakul ကပြောဆိုခဲ့သည်။ အာဆီယံ၏ လူသိများသော ကြားဝင်မစွက်ဖက်ရေး မူဝါဒသည် တစ်နေ့ထက်တစ်နေ့ တတိတတိ လျော့ရဲလာသည်။ ပထမဆုံး သိသာထင်ရှားသည့် အပြစ်အနာအဆာမှာ ယင်းမူဝါဒကို ဖီလာဆန့်ကျင်ပြုလျက် အာဆီယံသည် မြန်မာ့အရေးတွင် ဝင်ရောက်စွက်ဖက်နေခြင်းပင် ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအာဏာသိမ်းမှုအပြီး ၃လအကြာမှာပင် အာဆီယံသည် စစ်ကောင်စီနှင့် တူညီဆန္ဒငါးရပ်ဟူသော ငြိမ်းချမ်းရေး အစီအစဉ်တစ်ခုကို သဘောတူညီမှု ရရှိခဲ့သည်။ “မြန်မာပြည်သူများနှင့် ၎င်းတို့၏လူနေမှုဘဝ အကျိုးစီးပွားအတွက် ငြိမ်းချမ်းရေးအဖြေတစ်ရပ် ရရှိရေး ကူညီပံ့ပိုးရန် အာဆီယံ၏ ကောင်းမွန်ပြီး အပြုသဘောဆောင်သော အခန်းကဏ္ဍကို ကျွန်တော်တို့ သိရှိနားလည် အသိအမှတ်ပြုလျက် “တူညီဆန္ဒငါးရပ်” ကို ကျွန်တော်တို့ သဘောတူညီခဲ့ကြသည်” ဟု ၂၀၂၁ ခုနှစ် ဧပြီလ ၂၄က ကျင်းပခဲ့သော အာဆီယံခေါင်းဆောင်များ အစည်းအဝေးအပြီး အာဆီယံဥက္ကဋ္ဌ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
တူညီဆန္ဒ၏ ပထမအချက်အဖြစ် “မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများကို ချက်ချင်းရပ်ဆိုင်းရမည် ဖြစ်ပြီး သက်ဆိုင်သော အဖွဲ့အားလုံးက အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရမည် ဟု ခေါင်းဆောင်းများအားလုံးက သဘောတူညီခဲ့ကြကြောင်း” ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည် (“ရမည်” ဟု စကားလုံးသုံးနှုန်းထားသည်ကို သတိပြုပါ)။ တတိယ အချက်တွင် “အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်သည် စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်များကို ပံ့ပိုးကူညီရမည်” ဟု ရေးသားထားသည်။
လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်သော အင်ဒိုနီးရှားနိုင်ငံမှ အထူးကိုယ်စားလှယ် ဖြစ်လာသော နိုင်ငံခြားရေးဝန်ကြီး Retno Marsudi လက်ထက်တွင်မူ အဆိုပါအခန်းကဏ္ဍမှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။ မည်သို့ပင်ဖြစ်စေ အစောပိုင်းကာလဖြစ်သော ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof လက်ထက်ကတည်းက စေ့စပ်ဆွေးနွေးရန် စစ်ကောင်စီက စိတ်ဝင်စားပါက အာဆီယံသည် မြန်မာ့အရေးအတွက် မည်သည့်ဆွေးနွေးပွဲမျိုး၌မဆို ကြားဝင်ဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ရှိနေခဲ့သည်။
ယခုအခါ အဆိုပါတူညီဆန္ဒငါးရပ်မှာ (မျှော်လင့်ထားသည့်အတိုင်း) လုံးဝအသုံးမဝင်တော့သည့် နီးပါး ဖြစ်သွားကာ အာဆီယံ၏ ရလဒ်မကောင်းသော ကြားဝင်စွက်ဖက်မှု ပုံစံတစ်ခုအဖြစ် ရုပ်လုံးပေါ်လာလျက် ရှိသည်။ သို့သော်အရေးကြီးသည့်အချက်မှာ အာဆီယံသည် မြန်မာ့အကျပ်အတည်းတွင် အနည်းဆုံး အောက်ထစ်အနေဖြင့် တစ်စုံတစ်ခု ကြားဝင်ဆောင်ရွက်ရန် အားထုတ်ခဲ့သည် ဟူသောအချက် ဖြစ်သည်။
အကယ်၍ အာဆီယံအရာရှိအများအပြား ပြောဆိုလေ့ရှိသကဲ့သို့ လုံးဝကြားဝင် မစွက်ဖက်ရေးမူကို အတိအကျ လက်ကိုင်ထားကျင့်သုံးမည်ဆိုပါက အာဆီယံခေါင်းဆောင်များသည် ၂၀၂၁ ခုနှစ်၊ ဧပြီလ တွေ့ဆုံဆွေးနွေးပွဲ၌ အခြားအဖွဲ့ဝင်နိုင်ငံ တစ်ခုအတွင်း ဖြစ်ပွားနေသော ပြည်တွင်းရေး ကိစ္စများအပေါ် ဩဇာလွှမ်းမိုးရန် မိမိတို့ကို မိမိအခွင့်အာဏာ အပ်နှင်းခဲ့ကြလိမ့်မည် မဟုတ်ပေ။
ထို့အပြင် ယခုနှစ် နှောင်းပိုင်းတွင် စစ်ကောင်စီက ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမည် မဟုတ်ကြောင်း မလေးရှားအစိုးရက လူသိရှင်ကြား အတိအလင်း ထုတ်ဖော်ပြောဆိုမှု မျိုးကိုလည်း ထူးထူးခြားခြား တွေ့ရှိလာရပြန်သည်။ အလားတူပင် မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့သော ရက်စက်မှုများအပေါ် အာဆီယံအရာရှိများက ပွင့်ပွင့်လင်းလင်း ပြစ်တင်ဝေဖန်မှုများ ပြုလုပ်လာကြသည်ကိုလည်း တွေ့မြင်နေရသည်။
အခြားတစ်ဖက်တွင်မူ လာမည့်လအတွင်း ထိုင်းနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့က ငါးရက်ကြာ ပူးတွဲ ကျင်းပမည့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM)နှင့် ရေကြောင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူလုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနအား ဖိတ်ကြားထားကြောင်း ယခုအပတ်အတွင်း သတင်းများရရှိသည်။ “အာဆီယံ ဆွေးနွေးပွဲများသို့ တက်ရောက်ခွင့် ပြုသည့်ကိစ္စများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း” အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး Martin Meiners က မြန်မာနောင်းသတင်းဌာနကို ပြောဆိုခဲ့သည်။
တစ်နည်းအားဖြင့် အဆိုပါဖိတ်ကြားမှုကို ပူးတွဲအိမ်ရှင်ဖြစ်သော ထိုင်းနိုင်ငံက ပြုလုပ်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။ ထို့အပြင် စစ်ကောင်စီ အကြီးအကဲဖြစ်သူ မင်းအောင်လှိုင်အား အာဆီယံ၏ အရေးအကြီးဆုံး အစည်းအဝေးများသို့ တက်ရောက်ခွင့်မပြုဘဲ ပိတ်ပင်ထားသော်ငြား အာဏာသိမ်းမှုနောက်ပိုင်း၌ စစ်တပ်အရာရှိများကိုမူ အဆင့်နိမ့် အရာရှိများအစည်းအဝေးသို့ တက်ရောက်ခွင့်ပြုနေဆဲ ဆိုသည့်အချက်ကို သတိပြုသင့်သည်။
အကယ်၍ အာဆီယံက စစ်ကောင်စီ ကိုယ်စားလှယ်အပြင် ပြည်ပရောက် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ကိုယ်စားလှယ်ကိုပါ အစည်းအဝေးသို့ ဖိတ်ကြားမည်ဆိုပါက အဆိုပါဖိတ်ကြားမှုသည် အာဆီယံ၏ ကြားနေရေးမူ ကျင့်သုံးနေမှုကို သက်သေထူနိုင်လိမ့်မည် ဖြစ်သည်။
သို့သော် ပို၍အခြေခံကျကျ အရေးပါနေသောမေးခွန်းတစ်ခုရှိနေသည်။ ၎င်းမှာ ကြားနေရေးမူနှင့် ကြားဝင်မစွက်ဖက်ရေးမူတို့ကို တစ်ပြိုင်နက်တည်း ကျင်းသုံး၍ ဖြစ်နိုင်သလားဟူသော မေးခွန်းဖြစ်သည်။ ဥပမာ လမ်းဘေးတွင် လမ်းလျှောက်သွားရင်း အပြင်းအထန် ထိခိုက်ဒဏ်ရာရထားသော လူတစ်ဦးကို အခြားလူတစ်ဦးက ထိုးကြိတ်ကန်ကျောက်နေသည်ကို သင်တွေ့မြင်နေရသည် ဆိုပါစို့။ ၎င်းရန်ပွဲကို မည်သူက စတင်ခဲ့ကြောင်း သင်မသိပါ။ ဘာကြောင့် ရန်ဖြစ်နေကြသည်ကိုလည်း သင်မသိပါ။ ထိုအချက်က အရေးကြီးချင်မှ ကြီးပေလိမ့်မည်။ ရန်ပွဲကိုရန်တန့်သွားအောင် ကြားဝင်ဟန့်တားရုံ ဟန့်တားပေးဖို့များ သင်စိတ်ကူးဖြစ်မိပါသလား။ ၎င်းမှာ ဖြေရလွယ်သော မေးခွန်းတစ်ခု ဖြစ်သည်။
အလားတူ အခြေအနေတစ်ရပ်ကို ဆက်လက် စဉ်းစားကြည့်ရအောင်။ မှောက်ရက်လဲနေသူကို ပိုမို အားပြင်းပြင်းဖြင့် ထိုးကြိတ်ကန်ကျောက်နိုင်ရန် ရန်ပွဲတွင် ကိုယ်ထိလက်ရောက် ကျူးလွန်နေသူအား အခြားပုဂ္ဂိုလ်တစ်ဦးက အားဖြည့်အချိုရည်တိုက် ကျွေးနေသည် ဆိုကြပါစို့။ မမျှမတဖြစ်နေပုံရသော ယင်းရန်ပွဲ၌ မည်သည့်ဘက်က အနိုင်ရသည်ဖြစ်စေ ငွေအလုံးအရင်း ချီးမြှင့်မည်ဟု ထိုးကြိတ်နေသူကို အဆိုပါ ပွဲလန့်တုန်းဖျာခင်းသူကပင် ပြောပြနေပြန်သည်။ မှန်ပါသည်၊ ရန်ပွဲတွင် မည်သည့်ဘက်ကနိုင်နိုင် ဂရုမစိုက်ဟု ၎င်းတတိယပုဂ္ဂိုလ်က ဆက်လက်ပြောဆိုနေပေလိမ့်မည်။ အထက်ပါဖြစ်စဉ်သည် ကြားနေရေးမူဝါဒ၏ ပြဿနာ အစစ်အမှန်ကို ရှင်းလင်းပြသသည့် အနည်းငယ် ရိုးအီနေသော ဥပမာတစ်ခု ဖြစ်သည်။
ထိုင်း၊ စင်္ကာပူနှင့် မလေးရှားနိုင်ငံများသည် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက် နိုင်ငံများတွင် အပါအဝင် ဖြစ်သည်။ စင်္ကာပူနိုင်ငံသည် အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံ၌ အများဆုံး မဟုတ်လျှင်ပင် အများအပြား ရင်းနှီးမြှုပ်နှံလျက်ရှိသော နိုင်ငံတစ်ခု ဖြစ်သည်။ ယမန်နှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေစဉ် တူညီဆန္ဒငါးရပ်အား လိုက်နာရန် မြန်မာစစ်ကောင်စီကို ကမ္ဘောဒီးယားက တိုက်တွန်းဆုံးမနေသည့် တစ်ရက်တည်းလိုလိုမှာပင် ဖနွမ်းပင်၌ မြန်မာစစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး အောင်နိုင်ဦးနှင့် ကမ္ဘောဒီးယား ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pan Sorasak တို့နှစ်ဦးသားသည် ကုန်သွယ်ရေးစာချုပ်တစ်ခု လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည့် အပြောတစ်ခြား အလုပ်တစ်ခြားအနေအထားကို ကျွန်တော်တို့တွေ့မြင်ခဲ့ရသည်။
ကုန်သွယ်မှု သည် မည်သည့်နည်းဖြင့် ကြားဝင်စွက်ဖက်မှု မဟုတ်ရသနည်း။ စစ်ကောင်စီသည် အာဆီယံလွတ်လပ်စွာ ကုန်သွယ်မှု သဘောတူစာချုပ်များ၏ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်နေဆဲ မြန်မာနိုင်ငံမှ အဓိကအကျိုးအမြတ် ရရှိသော အဖွဲ့အစည်းဖြစ်နေချိန်၌ ကုန်သွယ်မှုသည် အဘယ့်ကြောင့် ကြားဝင်စွက်ဖက်မှု မဟုတ်ရသနည်း ဟု မေးခွန်းထုတ်စရာ ဖြစ်လာလျက်ရှိသည်။
(The Diplomat မဂ္ဂဇင်းပါ David Hutt ၏ “There Is No Such Thing as ASEAN Neutrality” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ David Hutt သည် အာရှလေ့လာမှုများဆိုင်ရာ ဗဟိုဥရောပတက္ကသိုလ် (Central European Institute of Asian Studies (CEIAS)) မှ သုတေသီတစ်ဦးဖြစ်ပြီး The Diplomat၏ ပင်တိုင်ဆောင်းပါးရှင်ဖြစ်ကာ Asia Times ၏ သတင်းထောက်တစ်ဦးလည်း ဖြစ်သည်)။