သရက်ချောင်း၊ ညောင်ဇင်ရွာမှ ပျူစောထီး ၁ ဦး ပစ်သတ်ခံရပြီးနောက် စစ်တပ်က ကျေးရွာ စာသင်ကျောင်းကို မီးရှို့ဖျက်ဆီး
ရန်ကုန်၊ ဖေဖော်ဝါရီ ၃
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာတွင် ပျူစောထီး ၁ ဦးပစ်ခတ်ခံပြီးနောက် စစ်တပ်က ကျေးရွာ စာသင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ညောင်ဇင်ရွာတွင် နေထိုင်သည့် ပျူစောထီး အဖွဲ့ဝင် အောင်နိုင်ဦးကို အမည်မသိ သေနတ်သမားက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးသွားကြောင်း၊ ပျူစောထီး အဖွဲ့ဝင် အောင်နိုင်ဦး သေဆုံးပြီးနောက် အကြမ်းဖက် စစ်တပ်က ညောင်ဇင်ရွာရှိ အထက ကျောင်းကို မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“ညောင်ဇင်ကျေးရွာ အထက ကျောင်းကို ဒီနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်မှာ စစ်ခွေးတွေ မီးရှို့သွားခဲ့ပါတယ်။ စာသင်ကျောင်းနဲ့ အနီးအနားမှာ တပ်စွဲထားတဲ့ စစ်ခွေး စစ်ဆေးရေးဂိတ်က စစ်ခွေးတွေက မီးရှို့ဖျက်ဆီးသွားတာ ဘာကြောင့် မီးရှို့တယ်ဆိုတာတော့ မသိရသေးဘူး။ ဒီနေ့ နံနက်က ပျူစောထီး ၁ ဦး ရှင်းလင်း ခံလိုက်ရတဲ့ ကိစ္စနဲ့ ပတ်သက် နေမလားမသိဘူး။ ဘယ်အဖွဲ့အစည်းက ရှင်းလင်း လိုက်တယ်ဆိုတာတော့ မသိရသေးဘူး။ ထားဝယ် ဘက်ကနေ စစ်ခွေး ကား ၁ စီးလူအပြည့်နဲ့ ဆင်းလာတယ်လို့ သိရပါတယ်။ ဒေသခံ ပြည်သူတွေကတော့ စိုးရိမ်နေကြတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။