မြန်မာပြည်သူများနှင့်အတူ ဆက်ရပ်တည်မည်ဟု အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ဝါရှင်တန်ဒီစီ NUG ၏နိုင်ငံခြားရေးဝန်ကြီးဌာနရုံးဖွင့်ပွဲတွင် အသိပေး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဖွင့်လှစ်လိုက်ပြီး ယင်းရုံးဖွင့်ပွဲတွင် မြန်မာပြည်သူများနှင့်အတူ အမေရိကန်က ဆက်လက်ရပ်တည်မည်ဟု အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya က ပြောဆိုသည်။
“အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေး လိုလားတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အတူ ရပ်တည်နေပါတယ်။ အမေရိကန်အနေနဲ့ မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းမှုတွေအတွက် ခိုင်မာတဲ့ မိတ်ဖက် အဖြစ် ဆက်လက်ရပ်တည်နေပါတယ်” ဟု အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya က သူ၏ တွစ်တာလူမှုကွန်ရက်မှ တစ်ဆင့် NUG ရုံးဖွင့်ပွဲနှင့်ပတ်သက်၍ သတင်းထုတ်ပြန်သည်။
NUG ၏ ဝါရှင်တန်ဒီစီ နိုင်ငံခြားရေးရုံးဖွင့်ပွဲ အခမ်းအနားသို့ NUG နိုင်ငံခြား ရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့ တက်ရောက်ခဲ့ပြီး အမေရိကန်အစိုးရဘက်မှ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်