တနင်္သာရီတိုင်း၊ ပုလောနှင့် တနင်္သာရီမြို့တို့တွင် CDM ပညာရေး ဝန်ထမ်း များနှင့် ပြည်သူ ၃၀ ဦးထက်မနည်းကို စစ်တပ်က ညအချိန် ဝင်ရောက်ဖမ်းဆီး
ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၈
တနင်္သာရီတိုင်း မြိတ်ခရိုင်ရှိ ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင် ယခု ရက်ပိုင်း အတွင်း CDM ပညာရေး ဝန်ထမ်းများ၊ ပြည်သူများ စုစုပေါင်း လူပေါင်း ၃၀ ဦး ထက် မနည်းကို ညပိုင်း နေအိမ်များတွင် စစ်တပ်က လိုက်လံ ဖမ်းဆီးလျက် ရှိကြောင်း သိရှိရသည်။
စစ်တပ်က ဖေဖော်ဝါရီလ ၂၃ ရက်မှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ ပုလော မြို့ပေါ်နှင့် ရွာအချို့မှ ပြည်သူများကို ညပိုင်း ဝင်ရောက် ဖမ်းဆီး ခဲ့ကြောင်း၊ အလားတူ တနင်္သာရီမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်နှင့် ရွာများကို ပြည်သူများ ကို လည်း ဖမ်းဆီးသွားကြောင်း သက်ဆိုင်ရာမြို့နယ်များက သတင်း ရင်းမြစ် များ ထံမှ သိရ သည်။
ပုလောမြို့ခံ တစ်ဦးက “ပုလောမှာ ဖမ်းဆီးခံရတဲ့ သူတွေ အခုချိန် အထိ ပြန် လွတ်မလာသေးဘူး၊ ထွက် ပြေး တိမ်းရှောင်ခြင်း မရှိဘဲ နေအိမ်မှာ ဆက်နေ ထိုင်နေတဲ့ CDM ပညာရေး ဝန်ထမ်းတွေ အများဆုံးပါတယ်”ဟု ပြောသည်။
လက်ရှိ ပုလောမြို့နယ်က ဖမ်းဆီးခံရသူများ အနက် CDM ပညာရေး ဝန်ထမ်း အချို့သည် PDF အဖွဲ့ကို ငွေကြေး ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင် စီ ၏ စစ်ကြောရေးတွင် အပြင်းထန် ရိုက်နှက် စစ်ဆေးခံနေရကြောင်း အခြား ပုလောမြို့ခံတစ်ဦးက ပြောသည်။
အလားတူ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညပိုင်းတွင် တနင်္သာရီမြို့နယ်၊ ချောင်း ကြီးရပ်ကွက်၊ ချောင်းငယ်ရပ်ကွက်နှင့် လယ်တောင်ယာကျေးရွာတို့တွင် စစ် ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက အငြိမ်းစား ကျောင်း ဆရာမ အပါဝင် ဒေသခံ ၂၀ နီးပါးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောဆို ချက် အရသိရသည်။
“PDF တွေနဲ့ အဆက်အသွယ်ရှိတယ်၊ နိုင်ငံရေး လှုပ်ရှားမှုတွေ ရှိတယ် ဆိုပြီး သံသယနဲ့ လာဖမ်းသွားတာ ဖြစ်တယ်”ဟု တနင်္သာရီမြို့နယ် လယ်တောင် ယာ ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။
တနင်္သာရီမြို့နယ် လယ်တောင်ယာကျေးရွာတွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၅ နာရီ အချိန်တွင် စစ်ကောင်စီခန့် အုပ်ကြီး တစ်ဦး ပစ်ခတ် သတ်ဖြတ် ခံလိုက်ရပြီးနောက် ဖမ်းဆီးမှုများ ဆက်တိုက် ရှိလာခြင်းဖြစ်ကြောင်း၊ ပုလော နှင့် တနင်္သာရီမြို့နယ်တို့တွင် CDM ပညာရေး ဝန်ထမ်းများ အပါဝင် ဒေသခံ ၃၀ ဦးထက် မနည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။
ထို့ပြင်စစ်တပ်က ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ စတင်၍ ပုလောမြို့နယ်တွင် ပုလော၊ ပလ၊ ပလောက်ဆိုပြီး မြို့သုံးမြို့ရှိသည့် အထဲက ပုလောမြို့ကလွဲ၍ ကျန်သော မြို့၊ရွာများကို စစ်ကောင်စီက ဓာတ်ဆီသယ်ယူခွင့် ကန့်သတ် ထား ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပုလောနှင့် တနင်္သာရီတို့တွင် ဒေသခံအများအပြားကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးနေစဉ်။
