မြိုင်တွင် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၇ ဦးသေဆုံး၊ စစ်တပ် ရိက္ခာပို့ ယာဥ်တန်းကိုပါ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
ရန်ကုန်၊ မတ် ၄
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၇ သေဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၄ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် မြိုင်မြို့ အရှေ့ မြောက်ဘက်ရှိ ပေါက်ပြင်း ကျေးရွာအနီးတွင် မိုင်းပွိုင့် ၃ လုံးဖြင့် ကင်းပုန်းဝတ် နေသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းသိရသည်။
မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် သံပုရာခြံကျေးရွာအနီးတွင် အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများကို မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး လဲကျ သွားသော်လည်း သေဆုံးခြင်း ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း၊ မွန်းလွဲ ၂ နာရီ ၃၇ မိနစ်တွင် မြို့ပြင်စျေးဝန်းအတွင်း ထောင်ထားသည့် ပေပါမိုင်းအနီး ရောက်ရှိလာသည့် စစ်သားနှင့် ပျူစောထီး ၈ ဦးကို ပေပါ မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ၆ ဦးပွဲချင်းပြီးသေဆုံးကာ ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်
ထို့ပြင် ကန်နီမြို့နယ်ရှိ ပျူစောထီးကျေးရွာကို ရိက္ခာပို့သည့် အကြမ်းဖက် စစ်တပ် ယဉ်တန်းကို ဒရုန်းဖြင့် ဗုံးသီးဟ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိမှု အတည်မပြုနိုင်သေးကြောင်း၊ ယင်းတိုက်ခိုက်မှုကို မြိုင် ပကဖ မှ ဗိုလ်လင်းမြွေမှ ဦးဆောင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မြိုင်မြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

