27 C
Yangon

နွေဦးတော်လှန်ရေးကို ဖိနှိပ် ဖျက်ဆီးဖို့ အကြမ်းဖက်စစ်အုပ်စုက လူမှုကွန်ရက်တွေကို အဓိက အသုံးပြု ဝါဒဖြန့်ချိရေးစစ်ပွဲ ဆင်နွှဲ

Must read

နွေဦးတော်လှန်ရေးကို ဖိနှိပ် ဖျက်ဆီးဖို့ အကြမ်းဖက်စစ်အုပ်စုက လူမှုကွန်ရက်တွေကို အဓိက အသုံးပြု ဝါဒဖြန့်ချိရေးစစ်ပွဲ ဆင်နွှဲ

By ဘမောင်

နွေဦးတော်လှန်ရေးမှာ တက်ကြွစွာပါဝင်နေကြတဲ့ ပြည်သူတွေရဲ့ အသံကို ဖုံးကွယ် ဖိနှိပ်ဖို့ စစ်အုပ်စုဟာ ဝါဒဖြန့်ချိရေးအဖြစ် လူမှုကွန်ရက်ပေါင်းစုံကို အားကုန်သုံးပါတယ်။ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ပျောက်ကွယ်အောင် အမြစ်ဖြတ် သုတ်သင်တယ်။

ပြည်သူတွေရဲ့ အတွေးအမြင်တွေ ထုတ်ဖော်ခွင့်မရအောင် ဖမ်းဆီး နှိပ်စက် ပစ္စည်း ဥစ္စာတွေ သိမ်းယူတယ်။ လူတွေကို နာမည်ဆိုး တံဆိပ်ကပ်ပြီး အကြောက်တရား ဖြစ်အောင်လုပ်တယ်။ သူတို့ အသုံးများတဲ့ စကားလုံးများကို စုဆောင်းဖော်ပြလိုက်ပါတယ်။

အာဏာရှင် စနစ်ကို လိုလားနှစ်သက်သူများ၏ အပြင်းပြဆုံးဆန္ဒကို ပြောပါဆိုရင် မိမိကို လူအများက ရိုကျိုး ဦးညွတ် စေလိုခြင်းဖြစ်ပါတယ်။ မိမိပြောသမျှကို ဟုတ်ကဲ့ဆို တာကလွဲပြီး မကြားချင်ဘူး။ မိမိနှင့် အယူအဆ မတူသူတဲ့အသံတွေကို တိတ်စေလိုတယ်။

မိမိကို ဆန့်ကျင်တဲ့အသံတွေ ပိတ်စေရန် / တိတ်စေရန် / ဆိတ်စေရန် ထိုအသံများဟာ လူ့ကျင့်ဝတ်နှင့် မညီတဲ့ အသံများ ၊ စိတ်ရင်း စေတနာကြောင့် မဟုတ်ပဲ ငွေကြေးအကျိုးအမြတ် တစ်စုံတရာကြောင့် ခပ်ရိုင်းရိုင်းပြောရလျှင် သူများခိုင်းလို့ သူများမြှောက်ပေးလို့ ပြောတဲ့ အသံများအဖြစ် ဒါမှမဟုတ် ၊ မိမိတို့ လူမျိုး၊ ယဥ်ကျေးမှု ၊ ဘာသာ သာသနာတို့ကို ထိခိုက်ပျက်စီးစေမည့်အသံများအဖြစ် ပုံဖော်တတ်ကြပါတယ်။

နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီဘက် က စကားလုံးများစွာ ဖန်တီးသုံးစွဲလာခဲ့တယ်။ စကားလုံးတွေကို အုပ်စုခွဲကြည့်ရင်တော့ သူများခိုင်းလို့လုပ်တဲ့သူ ၊ ဘာသာဖျက် / သာသနာဖျက် ၊ မိန်းမယုတ် ၊ တိရစ္ဆာန် ရယ်လို့ပဲ တွေ့ပါတယ်။ စကားလုံးတွေဟာ စိတ်ရဲ့ ပြတင်းပေါက်တွေဖြစ်တယ် ဆိုတဲ့ စကားပုံရှိတယ်။ စစ်လော်ဘီများ အသုံးပြုများတဲ့ စကားလုံးများကို ကြည့်ရင်တော့ သူတို့ စိတ်ဓါတ်ဘယ်လောက်အောက်တန်းကျ ၊ အမြင်ကျဥ်းတယ် ၊ အစွန်းရောက်တယ် ၊ မဟာဖိုဝါဒ ကျင့်သုံးကြတယ်ဆိုတာ ကွက်ကွက်ကွင်းကွင်းမြင်နိုင်ပါတယ်။

ဒါပေမယ့် သူတို့ သုံးလိုက်တဲ့ စကားလုံးများဟာ သူတို့ရည်ရွယ်တဲ့အတိုင်းတော့ အမြဲ မဖြစ်ပါဘူး။ ကိုယ့်ရှူးကိုယ်ပတ် ၊ ကိုယ်ဘက် ပြန်လှည့်ကြသလို ၊ ဆန့်ကျင်ဖက် သက်ရောက်မှုတွေ ဖြစ်သွားတာကိုလည်း တွေ့ရပါတယ်။

သတင်းမီဒီယာတွေဆိုရင် – ဒေါ်လာစား မီဒီယာ ၊ မီဒီညာ တဲ့။ သတင်းမီဒီယာများ၊ သတင်းဌာနများကို အနောက်နိုင်ငံတွေရဲ့ ထိန်းချုပ်ခံတွေ၊ အနောက်နိုင်ငံတွေက ပေးကမ်းတဲ့ ဒေါ်လာငွေတွေ နဲ့ လည်ပတ်နေရပြီး သူတို့ သဘောကျ သတင်းတွေရေးနေရသူ၊ ဝါဒဖြန့်နေသူ တွေလို့ ဆိုချင်တာပေါ့။

ဒေါ်လာစားမီဒီယာဆိုတဲ့ အသုံးအနှုန်းကို မဲဆွယ်ကာလမှာရော ၊ အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့ ကာလတွေမှာပါ စစ်တပ်လိုလားသူများက တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြတာပေ့ါ။ ခက်တာက မီဒီညာလို့ ပြောတိုင်း မြဝတီ ၊ မြန်မာ့အသံနဲ့ သူတို့ လက်ဝေခံ အမည်ခံ ပုဂ္ဂလိက မီဒီယာတွေပဲ လူတွေက မြင်ယောင်နေကြတာတော့ ခက်တယ်။

နာမည်ကို အာလုပ်သံပြုပြီးလည်း ခေါ်တတ်ကြသေးတယ်။ ခေတ်သစ် ကို ခွေးသစ် ၊ မဇ္စျိမ ကို မျောက်ဇိမ စသဖြင့်ပေါ့။ ဒါပေမယ့် စကစ ဘက်ကလည်း ခေတ်သစ် နာမည်နဲ့ ပုံဖျက်မီဒီယာတွေ ထောင်ကြတော့ သူတို့ ရှုးသူတို့ ပတ်လို့ ပြောရမလား ၊ သူတို့ခမျာ ခွေးသူခိုး လို့ ပြည်သူအကြား အမည်တွင်ပါလေရော။

ဆရာ/ဆရာမနဲ့ ကျောင်းသား/သူတွေ CDM လုပ်ကြတော့ စစ်ကောင်စီက ကျောင်းတွေအတင်းပြန်ဖွင့် ၊ အတင်းပြန်တက်ခိုင်း လုပ်ခဲ့ကြတယ်။ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ကြသူတွေက ကျောင်းကို ပြန်မသွားပဲ တောင့်ခံခဲ့ကြတယ်။ ဒီလို အာခံမှုကို နှိမ်ချ ချင်တော့ အမျိုးသမီးတွေ ကျောင်းတက်တာကို တားမြစ်တဲ့ အစွန်းရောက် တာလီဘန်တွေနဲ့ တတန်းတည်းလဲထားချင်တယ်၊ သူတို့ ဘယ်လိုပြိုင်ပြိုင် မနိုင်တဲ့ NLD ပါတီကိုလဲ ချိုးနှိမ်ချင်တဲ့အခါ ကျောင်းမတက်ပဲ သပိတ်မှောက်သူတွေကို တာနီဘန်လို့ နာမည်တပ်ပြီး တိုက်ခိုက်ကြပါတော့တယ်။

နောက်ပြီးတော့ သူတို့က ဘွဲ့ပေးတာ ဝါသနာပါတယ်ဗျ၊ ဘွဲ့ယူတာလဲ ဝါသနာပါတယ်။ ကိုယ်တိုင်က အရည်အချင်း ရွေးစေ့မျှ မရှိတဲ့အခါ ရှိရှိသမျှ ဘွဲ့တွေ အကုန်တပ်မှ တန်ဖိုး ရှိသယောင်ယောင် ခံစားကြရတာကိုး။ ဒါပေမယ့် တစ် ယောက်တည်း ၊ လူတစ်စုတည်း ဘွဲ့တွေသိမ်းကျုံးယူနေရင်လဲ ဘယ်သူမှ မထောက်ခံဘူးဆိုတာ သိနေတော့ သူခိုး သေဖော်ညှိ ဆိုသလို ကမ္ဘေ့ကမ္ဘာက သေလွန်ပြီးသော သူတွေပါမကျန် ဘွဲ့တွေတန်းစီပေးပြီး အမှုတွဲတော့ပါပဲ။

ငွေကုန်ကြေးကျ များတာကတော့ သူတို့အတွက် လွယ်ပါတယ်။ ပိုက်ဆံရိုက်စက်ကြီးတွေ ထားတာ ဘာလုပ်ဖို့တုန်း။ ရှိရှိသမျှ အဖေ ၊အဖိုး ၊ ဘေး ပါမကျန် ဘွဲ့တဆိပ်တွေပေးပြီး နင်တို့နဲ့ ငါနဲ့ တတန်းတည်းပဲ လို့ သေဖော်ညှိလိုက်တာ သမိုင်းကြောင်းကောင်းခဲ့သူတွေပါမကျန် အကုန် ခွေးဖြစ်တာပါပဲ။ လည်ပတ်လေးတွေ ကိုယ်စီနဲ့။

ဘွဲ့ပေးတဲ့နေရာမှာ သူတို့ကို ဆန့်ကျင်သူတွေကိုလည်း ချန်မထားပါဘူး။ ဆန့်ကျင်တော်လှန်သူတွေကို အကြမ်းဖက် pdf ၊ အကြမ်းဖက် လက်နက်ကိုင်၊ အကြမ်းဖက် ပါတီ၊ အကြမ်းဖက် .. အကြမ်းဖက် နဲ့ သူတို့ကို ဆန့်ကျင်သူများရဲ့ ရှေ့မှာ အကြမ်းဖက် ဆိုတဲ့ နာမဝိသေသန ကို မထည့်မနေရ ထည့်ထည့်ဆိုလိုက်ကြတာ ခုဆို မြန်မာပြည်နှင့်တကွ အရပ်ရပ်နေပြည်တော်ကပါ သူတို့ က အကြမ်းဖက် လို့ ဆိုလိုက်ရင် ဓမ္မဘက်တော်သား လို့ အလိုအလျောက် သိကုန်ကြတဲ့အပြင် အဂ္ဂမဟာ ဘာညာ ဘာညာ တို့ ၊ ဝဏ္ဏကျော်ထင် ဘလင် ဘလင် တို့ဆို သူခိုး ၊ ဓားမြ သေဖော်ညှိ မှန်း အော်တို အနက်ပေါက်ကုန်ကြရော။

အကြမ်းဖက် အားပေး ဆိုတဲ့ စကားလုံးကတော့ ပြည်သူ့လှုပ်ရှားမှုကို ထောက်ခံကြသူတွေကို ဖမ်းဆီးနှိပ်စက်ဖို့ ၊ အိုးအိမ် ပိုင်ဆိုင်မှုတွေကို အတင်းအဓမ္မ သိမ်းဆည်းဓမြတိုက်ဖို့ ဖန်တီးသုံးစွဲတဲ့ စကားလုံးဖြစ်ပါတယ်။ စစ်လော်ဘီ တယ်လီဂရမ််ချန်နယ်တွေကနေ အကြမ်းဖက်အားပေးဆိုပြီး တင်လိုက်သမျှ လူတွေကို ကြည့်ရင် စီးပွားရေးလုပ်ငန်းရှိသူ ၊ ပစ္စည်းဥစ္စာ အတော်အတန် စုဆောင်းမိသူတွေချည်း ဖြစ်နေတတ်ပါတယ်။ မတင်စေချင်ရင် ဘယ်လောက်ပေးဆိုပြီး အရင်စျေးညှိတာတွေလည်း ပေါ်ပေါ်ထင်ထင်ပါပဲ။ အကြမ်းဖက်အားပေးဆိုပြီး နာမည်အတပ်ခံရရင် ငွေညှစ်ချင်လို့ ၊ ပစ္စည်းသိမ်းချင်လို့ ဆိုတာ အော်တို သိပေတော့။

ဘာသာ ၊သာသနာဆိုတာ အရင်တုန်းကဆို မြန်မာပြည်သူတို့ အသည်း စွဲစကားလုံးပေါ့။ စစ်အုပ်စု ဆန့်ကျင်သူဆို မွတ် ၊ ဝက်မစား ၊ ခွေးနီပိန်း သို့ ခနပ ၊ ၇၈၆ မိစ္ဆာ ၊ ဘင်(ဘကုန်း) ၊ ကုလားအုပ် ဆိုတဲ့ စကားကို ရေလဲသုံးပြီး တိုး တက်တဲ့ ၊ နိုင်ငံတကာကို ဝင်ဆန့်တဲ့ ၊ အမြင်ကျယ်တဲ့ လူတွေကို ဘာသာခြား ၊ မိစ္ဆာ လက်ဝေခံ ဆိုပြီး တိရစ္ဆာန်နဲ့ ယှဥ်တွဲ တိုက်ခိုက်တဲ့ အခေါ်အဝေါ်တွေ နဲ့ နှိမ်ချပြီး ခေါ်ဝေါ်ကြတယ်။

ရတဲ့ လခနဲ့မှ မလိုက် နောက်ဆုံးပေါ် ကားကြီးတွေ ၊ နန်းတော်တမျှ ထည်ဝါတဲ့ တိုက်ကြီးတွေ များစွာ ပိုင်ကြတဲ့ စစ်ဗိုလ်ချုပ်ကြီးများဟာ ဘာသာရေးအဆောက်အအုံတွေ ဖျက် ၊ ရွာတွေမီးရှို့ ၊ ဘုန်းတော်ကြီးတွေကို ရိုက်နှက် သတ်ဖြတ်နေကြပေမယ့် သူတို့ကိုယ် သူတို့တော့ သာသနာပြုလို့ မြင်စေချင်ကြတယ်။ သူတို့နောက်လိုက်တွေ က ခိုးသမျှ ၊ ဆိုးသမျှ ၊ သတ်သမျှ ဖြတ်သမျှကို ဖုံးမရတဲ့အခါ သူတို့ လုလိုက် သတ်လိုက်ကြသူများက ဗုဒ္ဓဘာသာ/ သာသနာကို တိုက်ခိုက်နေကြသူများအဖြစ် ပုံဖော်ဖို့ ကြိုးစား ဝါဒဖြန့်ကြတာပါပဲ။ အဲ့ဒီလိုနဲ့ပဲ အထက်ပါ စကားလုံးတွေဟာ သူတို့ ပါးစပ်ကထွက်တာနဲ့ ဆန့်ကျင့်ဖက် အဓိပ္ပါယ် ပေါက်ကုန်ကြတော့တာပါပဲ။ အမျိုးဘာသာ လို့ ပြောလိုက်ရင် ပြည်သူတွေက ခပ်လှမ်းလှမ်းခွာသွားကြတော့တာပဲ။

“၂၁ ရာစုမှာ မွတ်ဆလင်တွေက ကမ္ဘာကို သိမ်းတော့မယ်” ဆိုတဲ့ ခြောက်လုံးလှန့်လုံးကို အခြေခံထားတာပါ။ အဲ့ဒီခြောက်လုံးကို အသုံးပြုပြီး ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်ခဲ့ကြသလို တန်ပြန်တဲ့အနေနဲ့ ၉၆၉ စကားလုံးကို ၂၀၀၃ ခုနှစ်မှာ အမျိုးသားရေး အစွန်းရောက် ဘုန်းကြီးတပါးဖြစ်တဲ့ ယခု သီရိပျံချီ ဘွဲ့ရ ဝီရသူက ပြန့်နှံ့အောင် စဖြန့်ခဲ့ပါသေးတယ်။

၂၀၁၂ ခုနှစ်မှာ မော်လမြိုင်မြို့က မြနန်းကျောင်း ဘုန်းကြီးတွေက ပြန်လည် အဲ့ဒီ စကားလုံးကို ထပ်မံ အသက်သွင်း ဝါဒဖြန့်ခဲ့ပြီး ယခုထိတိုင် ပြောဆိုနေကြဆဲ ပါပဲ။ ထင်သာမြင်သာတာကတော့ မြန်မာနိုင်ငံ နေရာတော်တော်များများမှာ ဘာသာရေးအဓိကရုဏ်းတွေ ဖြစ်ပြီး နိုင်ငံအရှက်ရခဲ့ရတာ ပါပဲ။

ဘင်(ဘ) ကတော့ လူမျိုးတုဥ်းသတ်ဖြတ်မှုနဲ့ သက်ဆိုင်နေပါတယ်။ ဘင် တို့ ဘကုန်း တို့ဆိုတာ ရိုဟင်ဂျာလူမျိုးစုကို ရည်ညွှန်းတာပါ။ အာဏာသိမ်းစစ်တပ်နှင့် ဝန်းရံထောက်ခံသူတွေက ရိုဟင်ဂျာဆိုတဲ့ လူမျိုးစုဖြစ်တည်မှုကို ငြင်းပယ်ပြီး သူတို့ဟာ ရခိုင်ပြည်နယ်အတွင်း ကျူးကျော်ဝင်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂလီများသာ ဖြစ်ပါတယ်လို့ သုံးနှုန်း ခေါ်ဝေါ်ပါတယ်။

လူအမြောက်အများ သေကြေ ထွက်ပြေးကြရတဲ့ ၂၀၁၇ အရေးအခင်းကြီးနောက်ပိုင်းမှာ ဘင်္ဂါလီဆိုတဲ့ အသုံးအနှုန်းဟာ လူမျိုးစု တစု၏ ဖြစ်တည်မှုကို ငြင်းပယ်ရာမှာ အသုံးပြုနေတယ်ဆိုတာ တွေ့ရှိရပြီးနောက် ဖေ့ဘွတ်ခ်ပလက် ဖောင်းကနေ ဖယ်ချခံရသလို အဆိုပါစကားလုံး ပါဝင်တဲ့ ရေးသားချက်တွေကို လူအများဆီမရောက်အောင် ကန့်သတ်ထိန်းချုပ်မှုတွေ လုပ်လာတဲ့အတွက် စကားလိမ်နဲ့ ဘင် သို့ ဘကုန်း လို့ ရေးသားလာကြတာပါ။

ကုလားအုပ် ဆိုတဲ့ အသုံးအနှုန်းကလည်း နှစ်ဖက် ခွ အဓိပ္ပါယ်ရတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ တိုင်းရင်းသားအချင်းချင်း တိုက်နေရင် ကုလား က ဖြတ်အုပ်သွားလိမ့်မယ်။ သို့မဟုတ် ကုလားအုပ် ပုံပြင်ထဲကလို ကုလားအုပ်က ခေါင်းဝင် ကိုယ်ဆန့်နဲ့ နောက်ဆုံး တဲပိုင်ရှင်က တဲပြင်ရောက်သွားသလို လူမျိုးခြားများက နောက်ကွယ်က ကြိုးကိုင်ပြီး နောက်ဆုံးမှာ ကိုယ့်နိုင်ငံ အချုပ်အခြာအာဏာကို ဆုံးရှုံးရလိမ့်မယ် ဆိုတဲ့အဓိပ္ပါယ် နှစ်ခွရပါတယ်။

အထူးသဖြင့် အစ္စလာမ်ဘာသာဝင်များ နှင့် အိန္ဒိယနွယ်ဖွားများကို အဲ့လို ရည်ညွှန်းခေါ်ဝေါ်ကြပါတယ်။ စစ်အာဏာ သိမ်းရန်ကြိုးပမ်းခဲ့တဲ့ ကာလတစ်လျှောက် အစ္စလာမ်ဘာသာဝင်များ နှင့် အိန္ဒိယနွယ်ဖွားများမှ တော်လှန်ရေးတွင် ပါဝင်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲများ၊ လက်နက်ကိုင်တိုက်ပွဲများမှာ သူတို့ ပုံတွေ ပါလာရင် ၊ လူမှုကွန်ရက်ပေါ် ပြန့်နှံ့လာလျှင် အခြားသူများထက် ပိုပြီး ဖိနှိပ်ပြောဆိုခံရပါတယ်။

နောက် အသုံးအနှုန်းတစ်ခု ရှိသေးတယ်။ ဖွတ်တက်ရင် ပြည်ပျက်တယ် ဆိုသကိုး ၊ ဖွတ်ပဒက်ဆိုတဲ့ နာမည်ကလဲ တွဲလုံး ဖြစ်သေးတာကိုး။ ဒီတော့ ပီဒီအက်ဖ်လေးတွေကို ပဒက်လို့ နာမ်နှိမ်ပြီးခေါ်ကြတယ်။ တိရစ္ဆာန်အဖြစ် နှိမ့်ချချင်သလို ဒင်းတို့ကြောင့် ပြည်ပျက်တာလို့ အငှားဗိုက်နဲ့ ဓါးထိုး ခံချင်သေးတာ။ သို့သော်လည်း သူတို့ အာစက်လျှာစက်က ဘင်ဘုတ်ငရဲ က ခွေးသေကောင်ပုပ်လို ပုပ်အက်နံစော်နေလေတော့ သူတို့ကြောင့် ပဒက်ဆိုတာ ပြည်သူ့ဘက်တော်သား မှန်း ကလေးအဆုံး ခွေးအဆုံး သိကြပြီး သူတို့ကို ပြည်ဖျက် ဖွတ်များဖြစ်ကြောင်း အော်တို အန်ဒါစတွတ်ကုန်ကြတာပါပဲ။

အမျိုးသမီးတွေအပေါ် စော်ကားအောက်တန်းကျတာကတော့ အမြင်ကျဥ်း မဟာဖိုဝါဒီတွေ အဖြစ် သိသာထင်ရှားတဲ့ ပြယုဂ်ပါပဲ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူတို့ နည်းမျိုးစုံနဲ့ နာမ်နှိမ်အခံရဆုံး အမျိုးသမီးကြီးပါပဲ။၊ ကုလားကုန်း ၊ ကုလားအားပေး ၊ ကုလားမယား ဆိုတဲ့ နာမည်အမျိုးမျိုး ကိုသုံးပြီး ဆယ်စုနှစ်နဲ့ချီ ပြီး စော်ကားခံရသူပါပဲ။ ၂၀၂၁ ကျတော့ ရွှေမိ ဆိုတာတစ်လုံးတိုးလာပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာ ၆ သိန်းနှင့် အကယ်ဒမီရွှေ ၇ ပိဿာပေးခဲ့ကြောင်း ထွက်ဆိုချက် ဗွီဒီယိုဖိုင်ကို ၂၀၂၁ ခုနှစ်အတွင်းက စစ်တပ် သတင်းစာရှင်းလင်းပွဲမှာ ပြသခဲ့တယ်။ ထွက်ဆိုချက်ဗွီဒိယို ထွက်လာပြီးနောက်ပိုင်းမှာ ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် ၅၄ အတွင်းကနေ ရွှေချောင်းနှင့် ဒေါ်လာများ ဖမ်းမိတယ် ဆိုတဲ့ သတင်းတုတွေကို စစ်တပ်လိုလားသူများဘက်က ဖေ့ဘွတ်ခ် နှင့် တယ်လီဂရမ် ချန်နယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေခဲ့ကြတယ်။ အဲ့ဒီအချိန်ကစပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရွှေမိ ဆိုပြီး ရည်ညွှန်းလာကြတာပဲ။

သူတို့ကို ဆန့်ကျင်တဲ့ မိန်းကလေးတွေဆို ကုလားကုန်းလို့ သမုတ်လိုက်တာပါပဲ။ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အခြား ဘာသာဝင်များ (အဓိကအားဖြင့် အစ္စလာမ်ဘာသာဝင်များ) နှင့် ရင်းနှီးခင်မင်သူတွေ ၊ ချစ်ကြိုက်လို့ လက်ထပ်ထိမ်းမြှားကြသူ အမျိုးသမီးတွေကို ကုလားကုန်းလို့ မိုက်မိုက်ရိုင်းရိုင်း ပြောလိုက်တာပဲ။ ခါးအောက်ပိုင်း အသုံးအနှုန်းတွေနဲ့ အမျိုးသမီးတွေကို အမြဲယှဥ်တွဲ ပြီး သုံးတတ်တဲ့ အောက်တန်းကျမှုကို ထမင်းစားရေသောက် သုံးနှုန်းနေမှုက သူတို့ရဲ့အောက်တန်းကျတဲ့ စရိုက်ကိုလည်း ဘွင်းဘွင်းကြီး မြင်စေပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်သူများမှာ အမျိုးသမီးများကလည်း ရှေ့တန်းက ပါဝင်ကြပါတယ်။ လက်နက်ကိုင်တော်လှန်ရာမှာလည်း အမျိုးသမီးတွေက နောက်ဆုတ်မနေခဲ့ကြပါဘူး။ ဒီလို အမျိုးသမီးတွေကို အပျော်မယ်ခံ လို့ နှိမ်ချ နာမည်တပ်ကြပါသေးတယ်။ လွတ်မြောက်နယ်မြေကို ရောက်နေကြတဲ့ အမျိုးသမီးတွေဆိုရင် လိင်ပိုင်းဆိုင်ရာ စော်ကားနှိမ့်ချသည့် အရေးအသားများ၊ အသုံးအနှုန်းများကို စစ်တပ်လိုလားသူများက မြိန်ရေရှက်ရေ ပြောဆိုဖြန့်ဝေ ကြပါတယ်။

တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အမျိုးသမီးများဟာ အမျိုးသားများ လိင်စိတ်အာသာပြေအောင် ဖျော်ဖြေကြသူများသာ ဖြစ်ကြောင်း စော်ကားပြောဆိုကြတာပါ။ ကျားမတန်းတူညီမျှရေးကို အလေးထား လာတဲ့ ဒီကနေ့ ကမ္ဘာကြီးမှာ စစ်တပ်နှင့် အပေါင်းအပါများဟာ ဘယ်လောက်တောင် အမြင်ကျဥ်းမြောင်း အောက်တန်းကျတယ်ဆိုတာ သူတို့ သုံးနှုန်းတဲ့ စကားလုံးများက ဖော်ပြနေကြပါတယ်။

မြေဆွေး၊ ဓါတ်မြေဩဇာ ဆိုတဲ့ အသုံးအနှုန်းကို နှစ်ဖက် လက်နက်ကိုင်တပ်များနှင့် ၎င်းတို့ကို ထောက်ခံတဲ့ အုပ်စုများအကြား အပြန်အလှန်ခေါ်ဝေါ်သုံးစွဲကြတဲ့ စကားလုံးများဖြစ်ပါတယ်။ ဒီနေ့တော့ မြေဆွေး ဘယ်နှအိတ် ဆိုရင် ဘာဆိုလိုတယ်ဆိုတာ အလွယ်တကူသိကြပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ လူမှုကွန်ယက် စာမျက်နှာဟာ စစ်လော်ဘီတွေ ကျယ်ကျယ်ပြန့်ပြန့် နေရာယူပြီး ဆန့်ကျင်ဖက်အသံတွေကို တိုးတိတ်အောင် အွန်လိုင်းမှာရော မြေပြင်မှာပါ ချိတ်ဆက် လုပ်ဆောင်နေကြပါတယ်။ ၎င်းတို့ကို ဆန့်ကျင်သူတွေရဲ့ ပို့စ်တွေ ၊ ကွန်မန့်တွေ သာမက သတင်းမီဒီယာတွေအောက်မှာ မှတ်ချက်ရေးသူတွေ ၊ react ပေးသူတွေကိုပါ လိုက်လံ ဖော်ထုတ်အရေးယူပြီး အသံတိတ်အောင်လုပ်နေသလို သူတို့ရဲ့ ညစ်ထေးအောက်တန်းကျလှတဲ့ အသုံးအနှုန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လူထုကြားထဲရောက်အောင် Facebook (meta) ၊ တယ်လီဂရမ် ၊ Tiktot ၊ Youtube စတဲ့ လူမှုကွန်ယက်မီဒီယာတွေကို ပုံအောအသုံးပြုပြီး မျိုးဆက်တစ်ခုလုံးကို ဝါဒမှိုင်းဖြန့်နေကြပါတယ်။

Facebook (meta) ပေါ်မှာတော့ ဝါဒဖြန့် အကောင့်တွေကို ဖယ်ရှားတာ ၊ reach ချပြီး လူအများမတွေ့နိုင်အောင် လုပ်တာ တွေ လုပ်ပါတယ်၊ ဒါပေမယ့် လော်ဘီတွေ အသုံးများတဲ့ Telegram နဲ့ Tiktot မှာတော့ အဲ့လို အရေးယူမှုတွေ မရှိတဲ့အတွက် ၎င်းတို့ကျက်စားရာ နေရာဖြစ်နေပါတယ်။

လူမှုကွန်ရက်မီဒီယာဆိုတာ ဗဟုအတွေးအခေါ်များ ကျက်စားရာနေရာဖြစ်သင့်တယ်။ သုံးစွဲသူများရဲ့ အခြေခံ လူ့ရပိုင်ခွင့်တွေဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးရမယ့် နေရာဖြစ်ပါတယ်။ သို့သော် မြန်မာနိုင်ငံလို စစ်အာဏာရှင် များအုပ်စိုးနေတဲ့ နေရာမှာတော့ စစ်လော်ဘီများဟာ လူမှုကွန်ယက်မီဒီယာ စည်းကမ်းတွေကို အသုံးချနိုင်တဲ့အပြင် လက်နက်အားကိုးနဲ့ မြေပြင်မှာပါ ပြည်သူတို့ရဲ့ အသက်၊ အိုးအိမ် ၊ စည်းစိမ်များကို အသာစီး ယူဖျက်ဆီး နေကြဆဲပါ။

မြန်မာနိုင်ငံ က သာမာန်ပြည်သူတွေ နဲ့ သတင်းမီဒီယာများရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို အကာအကွယ်ပေးဖို့ လူမှုကွန်ရက်မီဒီယာတွေအနေနဲ့ ပိုမိုအားထုတ်သင့်ပါတယ်။ စကားလုံးတွေကို word bank ထဲထည့်ပြီး AI က ထိုင် Ban နေတာမျိုးကတော့ အလုပ်မဖြစ်နိုင်ဘူး လို့ သတိပေးပါရစေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article