ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် မသူတော်ချင်း သတင်းလွေ့လွေ့ မြန်မာစစ်တပ်နှင့် ရုရှားတို့၏ ပုလင်းတူ ဘူးဆို့ ဆက်ဆံရေး
ရန်ကုန်၊ မတ် ၁၄
ရုရှားနိုင်ငံ၏ ယူကရိန်းကျူးကျော်စစ် အခြေအနေနှင့် မြန်မာနိုင်ငံတွင် စစ်တပ်က တရားမဝင် အာဏာသိမ်းပြီးနောက်ပိုင်း ရုရှား-မြန်မာ ဆက်ဆံရေးအကြောင်းများကို လူ့အခွင့်အရေးနှင့် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ Igor Blazevic နှင့် ရုရှား၊ ယူကရိန်းနှင့် အရှေ့ဥရောပရေးရာ ကျွမ်းကျင်သူ Ondrej Soukup တွေ့ဆုံဆွေးနွေးမှုကို ပြန်လည်ဖော်ပြပါသည်။
အဆိုပါ ဆွေးနွေးမှုအတွင်း မြန်မာစစ်ကောင်စီအတွက် ရုရှားက စစ်ရေး၊ သံတမန်ရေးနှင့် စီးပွားရေး အကူအညီများ မည်မျှ အမှန်တကယ်ပေးနိုင်စွမ်းရှိ/ မရှိ၊ ရုရှားစောင့်ကြည့်ရေးနှင့် ဝါဒဖြန့်ချိရေး နည်းပညာများက မြန်မာစစ်တပ်အတွက် မည်မျှအသုံးဝင်၊ မဝင်နှင့် စစ်ကောင်စီ၏ နူကလီးယား ရည်မှန်းချက်များအား ရုရှားက အမှန်တကယ် ကူညီနိုင်ခြင်း ရှိ၊ မရှိ စသည့်မေးခွန်းများကို Ondrej Soukup က ပြန်လည်ဖြေကြားထားသည်။
အီဂေါ ။ အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ကို လက်နက်ရောင်းချဖို့နဲ့ သံတမန်ရေးအရ ထောက်ခံ အားပေးဖို့ ပူတင်ရဲ့ရုရှားက အဆင်သင့်ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ ဒီကနေ့ ရုရှားဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့စစ်ပွဲမှာ လုံးဝအချိန်ကုန်နစ်မြုပ်နေတာ တစ်နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီ။ အခုအချိန်မှာ စစ်ကောင်စီကို ထောက်ပံ့ကူညီဖို့ ရှရှားမှာ အစွမ်းအစ ရှိနေဆဲပဲလား၊ ဒီလိုကူညီဖို့ရာကော သူတို့ စိတ်ဝင်တစား ဖြစ်နေတုန်းပဲလား။
ဆိုးကူးပ် ။ ၂၀၂၁ ခုနှစ်တုန်းကတော့ တော်လှန်ရေးကို ချေမှုန်းနေတဲ့ မြန်မာစစ်ကောင်စီအတွက် အင်အားကြီးမားတဲ့ ရုရှားက ခေတ်မီလက်နက်တွေ ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ထင်မြင်ခဲ့ကြတယ်။ ရုရှား-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ရုရှားက အကာအကွယ် ပေးနိုင်လောက်အောင် အင်အားကြီးပြီး စိတ်ချယုံကြည်ရတဲ့ အစ်ကိုကြီးတစ်ယောက်လိုပေါ့။ ယူကရိန်းစစ်ပွဲ တစ်နှစ်ကျော်လာတဲ့နောက် ဒီချိန်ခွင်လျှာ အနေအထား ပြောင်းလဲလာနေတယ်။
ပထမဆုံးအချက်က ရုရှားစစ်တပ်ဟာ လူအများစု ထင်ထားသလောက် အင်အားမကြီးလှဘူးဆိုတဲ့ အချက်ပဲ။ ရုရှားစစ်လက်နက်ပစ္စည်းတွေဟာ သူတို့ပြောသလောက်ကြီး မကောင်းတာ ကျွန်တော်တို့ တွေ့လာရတယ်။ အခုဆို ရုရှားနိုင်ငံဟာ သူတို့စစ်မက်ရေးရာမှာ မြန်မာဆီက အကူအညီတွေ လိုအပ်လာနေပြီ။ ဆိုဗီယက်ခေတ်အချိန်အခါက ခဲယမ်းမီးကျောက်တွေ အကြီးအကျယ် သိုလှောင်နိုင်ခဲ့ပေမဲ့ အခု ရုရှားမှာ လက်နက်တွေ ပြတ်လပ်လာတယ်။
အထူးသဖြင့် အမြောက်ဆန်တွေ မရှိတော့ဘူး။ နွေရာသီ ထိုးစစ်ကာလတုန်းက လက်နက်ကြီးကျည်တွေ သူတို့ အလွန်အမင်း သုံးစွဲခဲ့ကြပြီးပြီ။ တချို့ခန့်မှန်းချက်တွေအရ တစ်နေ့ကို အမြောက်ကျည် ၂ သောင်းအထိ အသုံးပြုခဲ့တယ်လို့ဆိုတယ်။ ဒီလောက် ဖြုန်းအားကြီးမားတဲ့ စစ်တပ်ဟာ ဘယ်လောက်ပဲ ခဲယမ်းတွေ သိုလှောင်ထားပါစေ၊ ရေရှည်မှာ လုံလောက်နိုင်မှာမဟုတ်ဘူး။
အခုဆို ရုရှားဟာ အမြောက်ဆန်တွေရဖို့ တစ်ကမ္ဘာလုံး ပတ်ရှာနေရပြီ။ ရုရှားဟာ မြောက်ကိုရီးယားကနေ အမြောက်ကျည်တွေ ဝယ်ယူနေပြီး၊ အီရန်ဆီကလဲ ဝယ်ကောင်း ဝယ်ယူနိုင်တယ်။ ခင်ဗျားတို့မှာ အမြောက်ကျည်ဆံ အပိုလေးများ မရှိဘူးလားရယ်လို့ မြန်မာဗိုလ်ချုပ်ကြီးတွေကို အကယ်၍များ ရုရှားက မေးလာမယ်ဆိုရင် ကျွန်တော်အံ့အားသင့်မိမှာ မဟုတ်ပါဘူး။
တကယ်တော့ လွတ်လပ်တဲ့ မြန်မာပြည်တွင်း မီဒီယာတစ်ခုရဲ့ အဆိုအရ ဒီကိစ္စမျိုး တကယ်ရှိနေပြီလို့ သိရတယ်။ မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေး လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံတွေက ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းတွေ ဝယ်ယူရေး ဆွေးနွေးဖို့ ရုရှားစစ်ဖက်ကိုယ်စားလှယ်တွေ နေပြည်တော်ကို ရောက်ရှိနေတယ်လို့ တလောက သတင်းထဲမှာ ဖော်ပြထားတယ်။
ဒါပေမဲ့ တခုသတိချပ်ရမှာက ရုရှားမှာ လက်နက်ခဲယမ်းတွေ လိုအပ်နေတယ်ဆိုတာ ရုရှားက မြန်မာနိုင်ငံကို စစ်လက်နက် ထောက်ပံ့နိုင်မှာ မဟုတ်ဘူးလို့ အဓိပ္ပာယ် မသက်ရောက်ပါဘူး။ ရုရှားမှာ ဆူခွိုင်း(Sukhoi)လေယာဉ်နဲ့ ယက်(Yak) လေ့ကျင့်ရေး စစ်လေယာဉ်တွေ အလုံအလောက် ရှိတယ်။ ဒီလေယာဉ်တွေကို ရုရှားက မြန်မာနိုင်ငံကို ဆက်လက် ပေးအပ်နိုင်သလို မြန်မာလေယာဉ်မှူးတွေနဲ့ စစ်အရာရှိတွေကိုလည်း ဆက်ပြီးလေ့ကျင့် သင်ကြားပေးနိုင်ပါတယ်။
ဒီလိုလေယာဥ်တွေကို အသုံးပြုနိုင်ဖို့အတွက် အတွေ့အကြုံရှိပြီးသား မြန်မာလေယာဉ်မှူးတွေကို ရုရှားနိုင်ငံအတွင်း ၆လလောက် ပုံမှန်လေ့ကျင့်သင်ကြားပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ရုရှားက သင်တန်းနည်းပြတွေ နည်းပညာကျွမ်းကျင်သူတွေကိုလည်း မြန်မာနိုင်ငံကို စေလွှတ်ပေးနေတယ်။ ရုရှားမှာ အခြေခံသင်တန်းတွေ ပို့ချပြီးပြီ၊ လေယာဉ်အသစ်တွေကိုလည်း ပေးပို့ပြီးပြီဆိုရင် မြန်မာနိုင်ငံမှာ အားလုံးအဆင်ပြေ ချောမွေ့စေဖို့နဲ့ နည်းပညာကျွမ်းကျင်သူတွေ မှန်မှန်ကန်ကန် အလုပ်လုပ်နိုင်ဖို့ရာ အထူးသင်တန်းနည်းပြတွေကို စေလွှတ်ရပြန်တယ်။ အများအားဖြင့် အဲ့ဒီသင်တန်းဆရာ တွေဟာ မြန်မာနိုင်ငံမှာ ၂ လကနေ ၆ လအထိ နေထိုင်ကြရပါတယ်။
တင့်ကားတို့ သံချပ်ကာကားတို့ရဲ့ အနေအထားနဲ့တော့ မတူဘူးပေါ့။ ရုရှားမှာ လေယာဉ်တွေ အလုံအလောက် အများအပြားရှိနေပြီး နောက်ထပ်လည်း သူတို့ တိုးမြှင့်ထုတ်လုပ်နေတယ်။ ဒါပေမဲ့ သူတို့ရဲ့ တင့်ကားနဲ့ သံချပ်ကာကား အမြောက်အများကတော့ ယူကရိန်းမှာ ဖျက်ဆီးခံခဲ့ရတယ်။ အကယ်၍ မြန်မာစစ်တပ်အနေနဲ့ တင့်ကားတွေ၊ တခြားကြည်းတပ်သုံး ယာဉ်တွေ ဝယ်ချင်သပဆိုရင် ရုရှားက ရောင်းပေးလိမ့်မယ်လို့ ကျွန်တော်မထင်ဘူး။ ယူကရိန်းမှာ အသုံးပြုနိုင်တဲ့ ပစ္စည်းတစ်ခုခုကို မြန်မာက ဝယ်ယူချင်တယ်ဆိုရင် ရုရှားက ရောင်းချမှာ မဟုတ်ပါဘူး။
အီဂေါ ။ မြန်မာနိုင်ငံမှာ ရုရှားရဲ့ ပါဝင်ပတ်သက်မှုက တရုတ်အတွက် စိုးရိမ်စရာ ဖြစ်လာနိုင်သလား။
ဆိုးကူးပ် ။ ကနေ့ခေတ်မှာ အာဏာရှင်အစိုးရတွေအကြား မဟာမိတ်ဆန်ဆန် ဖြစ်လာတယ်။ သူတော်ချင်းချင်း သတင်းလွေ့လွေ့ဆိုတဲ့ သဘောမျိုးပေါ့။ သူတို့က တစ်ယောက်နဲ့ တစ်ယောက် မယှဉ်ပြိုင်ဘူး၊ တစ်ယောက်ကို တစ်ယောက်ကူညီတယ်။ အမေရိကန်ပြည်ထောင်စု ဒါမှမဟုတ် အနောက်နိုင်ငံတွေရဲ့ ဩဇာလွှမ်းမိုးမှုကို ဖယ်ရှားရေးလိုဟာမျိုးမှာ သူတို့တတ်နိုင်ရင် ကူညီပေးတယ်။ အရှေ့တောင်အာရှဒေသဆိုင်ရာ ရုရှားရဲ့ ယေဘုယျ နိုင်ငံရေးမူဝါဒက တရုတ်ကို ဒေါသမဖြစ်စေရေးပဲ။
သူတို့ရဲ့အမြင်အရ မြန်မာဆိုတာ တရုတ်ဩဇာအဝန်းအဝိုင်းထဲမှာ ရှိနေတယ်၊ ဒါကြောင့် ဘေဂျင်းရဲ့ အကျိုးစီးပွားကို ဆန့်ကျင့်မယ့် ဘယ်လိုအရာမျိုးမှ သူတို့မလုပ်ဘူးပေါ့။ ရုရှားအဖို့ မြန်မာပြည်ထက် ပိုအရေးကြီးတဲ့ပြဿနာတွေ ယူကရိန်းမှာရှိနေတယ်။ မြန်မာစစ်တပ်နဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်မှုတွေ သူတို့လုပ်မှာ မဟုတ်ဘူး။ ဒီလိုလုပ်ဖို့ ရုရှားမှာငွေကြေးရင်းမြစ်၊ အချိန်နဲ့ စိတ်ပါဝင်စားမှုတွေ လုံးဝ မရှိပါဘူး။
အီဂေါ ။ လက်ရှိမှာ ရုရှားဟာ မြန်မာစစ်အစိုးရအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်မယ့် ဒါမှမဟုတ် နည်းပညာတွေ ပေးအပ်မယ့် နိုင်ငံတစ်ခု ဖြစ်လာနိုင်သလား။
ဆိုးကူးပ် ။ အရင်ခေတ်တွေတုန်းကကော အခုလတ်တလော ကာလတွေမှာပါ ရုရှားရဲ့ အစိုးရတစ်ပိုင်း ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့အကြောင်း ကြားမိတယ်။ ဒါတွေ အောင်အောင်မြင်မြင် ဖြစ်လာမယ်လို့ ကျွန်တော် မယုံကြည်ဘူး။ ကရင်မလင်ရဲ့ ခေါင်းထဲမှာ ယူကရိန်းစစ်ပွဲဟာ အချိန် ကြာမယ်ဆိုတာပဲ ရှိတယ်။ ဒီလိုအချိန်ကြာမယ့် စစ်ပွဲမှာ တဖြည်းဖြည်း အင်အားယုတ်လျော့လာမှာ ဖြစ်တဲ့အတွက် သာမန်ရုရှားပြည်သူတွေ အပါအဝင် အားလုံးအတွက် သူတို့ကြိုတင် ပြင်ဆင်နေကြတယ်။ နောက်ပြီး ရုရှားပြည်သူတိုင်းကိုလည်း ဒီအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် မျှော်လင့်ထားတယ်ပေါ့။
ယူကရိန်းစစ်ပွဲ မတိုင်မီကတည်းက မြန်မာနိုင်ငံမှာရှိတဲ့ ရုရှားရင်းနှီးမြှုပ်နှံမှုက အတော့်ကို နည်းပါးလှတယ်။ တကယ်အကောင်အထည် ပေါ်လာတဲ့ စီမံကိန်းခပ်ကြီးကြီးရယ်လို့ ကျွန်တော်တစ်ခုမှ သတိမထားမိဘူး။ ဒါကြောင့် ရုရှားရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ စစ်ကောင်စီကို အထောက်အကူ ပြုလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။
ဒါပေမဲ့ ဒီလိုပြောလိုက်လို့ ရုရှားက မြန်မာစစ်ကောင်စီနဲ့တွဲပြီး အလုပ်မလုပ်တော့ဘူးလို့လဲ မဆိုလိုဘူး။ အစိုးရအဖွဲ့အစည်းတွေ သိပ်လာတာ မဟုတ်ဘဲ အစိုးရကျောထောက်နောက်ခံနဲ့ ပုဂ္ဂလိကအဖွဲ့တွေ ပိုဝင်လာတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။ ထုံးစံအတိုင်းဆိုရင် စစ်သင်တန်းဆရာတွေ စေလွှတ်တာမျိုး ဖြစ်နိုင်တယ်။
ပုဂ္ဂလိက ကန်ထရိုက် စစ်တပ်ကဏ္ဍဟာ တရားဝင် ပြဋ္ဌာန်းထားတဲ့ ဥပဒေမရှိသမို့ တရားမဝင်ဘူး ဆိုပေမဲ့ ရုရှားမှာ အတော်ခေတ်စားလာနေတယ်။ ရုရှား ပုဂ္ဂလိက ကန်ထရိုက်စစ်တပ်တွေ မြန်မာနိုင်ငံမှာ လှုပ်ရှားဆောင်ရွက် လာမယ်လို့ ကျွန်တော်ယူဆမိတယ်။
အိုင်တီကဏ္ဍမှာလည်း အလားတူပါပဲ။ လွန်ခဲ့တဲ့ ၈နှစ်-၉နှစ် လောက်ကတည်းက အင်တာနက်ကို ထိန်းချုပ်ဖို့ ကရင်မလင်က ကြိုးပမ်းနေခဲ့တာ။ Facebook တို့ Twitter တို့လို့ ကြီးမားတဲ့လူမှုကွန်ရက် အများစုကို ရုရှားက ပိတ်ပင်ထားတယ်။ အင်တာနက်မှာ ဖိနှိပ်တဲ့ လုပ်ငန်းတွေအတွက် ရုရှားအစိုးရကို အကူအညီပေးဖူးတဲ့ အတွေ့အကြုံ အများအပြားနဲ့ ရုရှားအိုင်တီကုမ္ပဏီတွေ ဒုနဲ့ဒေး ရှိနေတယ်။
ခြေရာခံ ဆော့ဖ်ဝဲအပိုင်းမှာလည်း ထိုနည်းလည်းကောင်းပဲ။ စစ်တပ်ပြိုကွဲအောင် ဆောင်ရွက်မှုကို တားမြစ်တဲ့ဥပဒေတစ်ခု ရုရှားမှာပြဋ္ဌာန်းထားတယ်။ လူမှုကွန်ရက်တွေမှာ စစ်တပ်ဖြိုခွဲရေးအကြောင်း ရေးတဲ့ပို့စ်တွေကို ခြေရာခံပြီး ဘယ်သူရေးတာလဲဆိုတာ ဖော်ထုတ်တဲ့စနစ်ကို ရုရှားအိုင်တီကုမ္ပဏီတွေ ရေးဆွဲထားတယ်။
ဒါ့အပြင် မျက်နှာမှတ်မိတဲ့ စနစ်တစ်ခုကိုလည်း ရုရှားအိုင်တီပညာရှင်တွေ တီထွင်ဖန်တီးထားတယ်။ မော်စကိုမှာဆိုရင် ကင်မရာ ၂ သောင်းကျော် တပ်ဆင်ထားတယ်။ အတော်အားကိုးရတဲ့ စောင့်ကြည့်စနစ် တစ်ခုပေါ့။ ဥပမာ ပူတင်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတစ်ခု စနေနေ့က ဖြစ်ပွားခဲ့တယ် ဆိုပါစို့။ အဲ့ဒီ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတစ်ဦးဟာ တနင်္လာနေ့ကျတော့ မက်ထရိုရထားစီးပြီး အလုပ်လာစဉ် လမ်းမှာ ဒီစနစ်က သူ့မျက်နှာကို မှတ်မိပြီး ရဲကိုလှမ်းခေါ်ပြီး အဖမ်းခံရတာမျိုး ဆောင်ရွက်ပေးနိုင်တယ်။
ဒီဆော့ဖ်ဝဲကို ပုဂ္ဂလိက ကုမ္ပဏီက ရေးသားပြီး ရုရှားအစိုးရကို ရောင်းချထားတာပါ။ အဲ့ဒီကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံကို ရောင်းချဖို့ ဘယ်လိုအဟန့်အတားမျိုးမှ မရှိဘူး။ ဒါပေမဲ့ ဒီကိစ္စမှာ ရုရှားရဲ့ သက်ရောက်မှု တစ်ခုတည်းကိုပဲ ကျွန်တော် ဇာချဲ့ပြီးမပြောလိုဘူး။ ဘာကြောင့်လဲဆိုတော့ စောင့်ကြည့်ဆော့ဖ်ဝဲ၊ အင်တာနက်ပိတ်ဆို့မှု နည်းလမ်း၊ မျက်နှာမှတ်မိတဲ့ ဆော့ဖ်ဝဲ စတဲ့အပိုင်းတွေမှာ တရုတ်နည်းပညာက ရုရှားထက်ပိုလို့တောင် ကောင်းမွန်နေပြီး တခြားနိုင်ငံတွေဆီ တင်ပို့ရောင်းချနေတာမို့လို့ ဖြစ်ပါတယ်။ ဥပမာ အာရှအလယ်ပိုင်းမှာဆိုရင် ကာဂျစ်စတန်နဲ့ ကာဇက်စတန်နိုင်ငံတွေဆီ တရုတ်က ဒီနည်းပညာကို ရောင်းချထားတယ်။ ဒါကြောင့် ရုရှားကော တရုတ်ပါ မြန်မာစစ်ကောင်စီအတွက် စောင့်ကြည့်ရေး နည်းပညာတွေ ရောင်းချပေးနိုင်ကြတာ ဖြစ်ပါတယ်။
အီဂေါ ။ ရုရှားရဲ့ ဝါဒဖြန့်ချိရေးနဲ့ သတင်းမှားဖြန့်ဝေရေး နည်းပညာတွေကကော ဘယ်လိုရှိပါသလဲ။
ဆိုးကူးပ် ။ ပူတင်ရဲ့ ရုရှားမှာ လူမှုကွန်ရက် မီဒီယာကိုအသုံးချပြီး လူတွေကို ဩဇာလွှမ်းမိုးတဲ့ ထိရောက်တဲ့ နည်းပညာတွေရှိပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ရာထောင်ချီတဲ့အကောင့်တွေ ဖွင့်လှစ်ပြီး ကိုယ်ပေးချင်တဲ့ သတင်းစကားကို ပူးပေါင်းကြံစည် တွန်းအားပေးတဲ့ နည်းပညာနဲ့ အတွေ့အကြုံတွေ သူတို့မှာရှိတယ်။
ထရိုးလ် ဖက်ထရီ (Troll Factory) အကြောင်း ခင်ဗျားတို့ ကြားဖူးမှာပေါ့။ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရရှိအောင် လူတွေအပေါ် အဲ့ဒီအဖွဲ့က ဘယ်လိုဩဇာလွှမ်းမိုးခဲ့သလဲ ဆိုတာလဲ သိကြလိမ့်မယ်။
လွန်ခဲ့တဲ့ ခုနစ်နှစ်က ဖြစ်ပွားခဲ့တဲ့ကိစ္စပေါ့။ ဒီကြားကာလမှာ သူတို့အများကြီး တိုးတက်လာခဲ့ပြီ။ အဲ့ဒီအချိန်တုန်းက လူပေါင်းရာနဲ့ချီပြီး တစ်နေရာထဲမှာ စုဝေးလို့ လူမှုကွန်ရက်ပေါ်မှာ အလိုရှိတဲ့ မှတ်ချက်(Comments)တွေ ပူးပေါင်းကြံစည် ရေးသားခဲ့ကြတာ။
အခုတော့ လူကရေးတဲ့ မှတ်ချက်ကို ကွန်ရက်မျိုးစုံမှာ ရာနဲ့ချီပြီး ဖွင့်ထားတဲ့ အကောင့်တွေကတစ်ဆင့် စက်ရုပ်တွေက ပျံ့နှံ့အောင် ဖြန့်ဝေပေးကြတာ။ လူအစစ်တွေကတော့ ဘယ်လိုသတင်းစကားကို ဦးတည်ချက်ထားမလဲဆိုတာ အတွက်သာ အလုပ်လုပ်ကြပြီး စာအမြောက်အများ ဖြန့်ဝေတဲ့ ကျန်အပိုင်းကိုတော့ စက်နဲ့ အလိုအလျောက် လုပ်နေကြပြီ ဖြစ်ပါတယ်။
သူတို့က ဘယ်လိုသတင်းစကားမျိုးတွေ ပါးတတ်ကြသလဲ။ အများအားဖြင့် သူတို့ရည်ရွယ်ချက်က ပစ်မှတ်ထားတဲ့ လူ့အဖွဲ့အစည်းကို မြေလှန်ပြောင်းလဲရေးနဲ့ သွေးကွဲစေရေးပါပဲ။ လူ့အဖွဲ့အစည်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကွဲပြားမှုတွေကို သူတို့က ကျွမ်းကျွမ်းကျင်ကျင် အသုံးချပြီး ပိုမိုပြင်းထန် ပေါက်ကွဲလာအောင် သွေးထိုးလှုံ့ဆော်ပေးကြတယ်။
ဥပမာ စိန့်ပီတာစဘတ်က ဒီ Troll Factory အဖွဲ့ဟာဆိုရင် အမေရိကန်ပြည်ထောင်စုမှာ Facebook ပေါ်က လက်ယာစွန်းအကောင့်နဲ့ အဖွဲ့တွေကော၊ လက်ဝဲစွန်းအကောင့်နဲ့ အဖွဲ့တွေမှာပါ တစ်ပြိုင်နက်တည်း ဝင်ရောက်လှုပ်ရှား ဆောင်ရွက်ခဲ့ကြတယ်။ လက်ယာစွန်း လူဖြူအုပ်စုထဲမှာ လူမည်းတွေ ကြီးစိုးနေကြောင်းရေးရင် လက်ယာစွန်းသမားတွေ ဒေါသထွက်ကြမှာ သူတို့နားလည်ထားတယ်။ တခြားအဖွဲ့မှာလည်း အလားတူ တစ်ဖက်နဲ့တစ်ဖက် အယုံအကြည်မဲ့စရာ၊ ဒေါသဖြစ်စရာ၊ သွေးကွဲစရာ ပို့စ်တွေကို ရေးသားဖြန့်ချီကြတယ်။
ဒီ Troll Factory ကုမ္ပဏီပိုင်ရှင်နဲ့ အခုယူကရိန်းစစ်ပွဲမှာ ဝင်ရောက်တိုက်ခိုက်နေတဲ့ ဝဂ်နာအုပ်စု (Wagner Group) ဆိုတဲ့ ကြေးစား ပုဂ္ဂလိကစစ်ရေးအဖွဲ့ရဲ့ ပိုင်ရှင်ဟာ တစ်ဦးတည်းပါ။ ၂၀၁၄ ခုနှစ်အတွင်း ယူကရိန်းအရေးမှာ ပါဝင်ပတ်သက်ခဲ့ပြီးနောက် Wagner အုပ်စုဟာ ဆီရီးယားနဲ့ လစ်ဗျားမှာ ဆက်လက်တိုက်ခိုက်ခဲ့တယ်။ အခု သူတို့ ယူကရိန်းကို ပြန်ရောက်နေကြပြီ။ ဒီအဖွဲ့ဟာ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ဆူဒန်နဲ့ အခြား အာဖရိကနိုင်ငံ အချို့မှာလည်း လှုပ်ရှားနေကြတယ်။
အနည်းဆုံး လစ်ဗျား၊ ဆူဒန်နဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံ ၃ ခုမှာ ဒီကြေးစားတပ်ဖွဲ့ဟာ ပြည်တွင်း လုံခြုံရေးတပ်ဖွဲ့တွေကို လေ့ကျင့်သင်တန်းပေးရုံသာမကဘဲ အဲဒီနိုင်ငံက သူတို့ကို ဖိတ်ခေါ်တဲ့ အစိုးရတွေအတွက် ပြည်သူ့ဆက်ဆံရေးနဲ့ ဝါဒဖြန့်ချိရေး ကျွမ်းကျင်သူတွေကိုပါ ခေါ်ဆောင်လာကြတာ တွေ့ရတယ်။
ဒီအုပ်စုက ငွေရေးကြေးရေးအရ တစ်စိတ်တစ်ပိုင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တယ်။ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အထောက်အပံ့အချို့နဲ့ လုပ်ငန်းဆောင်ရွက်ကြတယ်။ လက်နက်ခဲယမ်း အားလုံးကို အစိုးရဆီကနေ ရရှိပါတယ်။ ဒါပေမဲ့ ကျန်တာတွေအတွက်တော့ ကိုယ့်ဘာသာ ငွေကြေး ရှာဖွေတယ်။ ဥပမာ ဆီရီးယားမှာဆိုရင် ရေနံမြေတွေကို ကာကွယ်ဖို့ အစိုးရဆီကနေ သူတို့ လိုင်စင် ရယူခဲ့တယ်။ ဗဟိုအာဖရိက သမ္မတနိုင်ငံမှာတော့ စိန်အရောင်းအဝယ်လုပ်ငန်းမှာ သူတို့ပါဝင် လုပ်ကိုင်နေကြပါတယ်။
ဒီပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေမှာ အဓိကပါဝင်ပတ်သက်သူတွေဟာ ရုရှကာကွယ်ရေးဝန်ကြီးဌာနနဲ့ ထောက်လှမ်းရေးက ပုဂ္ဂိုလ်တွေနဲ့ အငြိမ်းစား အရာရှိတွေဖြစ်ကြပြီး ဒီလိုကုမ္ပဏီတွေမှာ လုပ်ကိုင်လို့ ကရင်မလင်ရဲ့အကျိုးကို ဆောင်ရွက်ခြင်းကြောင့် ငွေကြေးဆုလာဘ်တွေ ရရှိနေတာ နှစ် ၂၀လောက် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
===============
(အီဂေါ ဘလေဇက်ဗစ်သည် ပရက်ခ်အရပ်ဖက်အဖွဲ့ဗဟိုဌာနမှ အကြီးတန်းအကြံပေးဖြစ်သည်။ ၂၀၁၁ မှ ၂၀၁၆ ခုနှစ်အထိ မြန်မာနိုင်ငံတွင် ပညာရေးစီမံကိန်းအစီအစဉ် (Educational Initiatives Program) ၏ ဒါရိုက်တာနှင့် ကထိကဌာနမှူးအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
အွန်ဒရေး ဆိုးကူးပ်သည် စီးပွားရေးသတင်းစာ တစ်စောင်ဖြစ်သော ဟော့စပိုဒါအော့စကဲ နိုဗိုင်အန်ဝိုင် (Hospodarske noviny) မှ ချက်လူမျိုး သတင်းထောက် တစ်ဦးဖြစ်ပြီး ရုရှား၊ ယူကရိန်းနှင့် အရှေ့ဥရောပ ရေးရာများအကြောင်း နှစ်ပေါင်း ၂၅နှစ်ကြာ အထူးပြု ရေးသားလျက်ရှိသူ ဖြစ်သည်)။