By Siobhán Geets and Stefan Melichar
မြန်မာစစ်အာဏာရှင်များအတွက် ဩစတြီးယား၏ ရေအားလျှပ်စစ် အကူအညီ
By Siobhán Geets and Stefan Melichar
၂၀၂၁ ခုနှစ်တွင် ပြည်သူလူထု၏ စိတ်ဆန္ဒကို ဆန့်ကျင်ပြီး သွေးထွက်သံယိုများသော စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့လင့်ကစား ဩစတြီးယားနိုင်ငံ၊ ထီရိုး (Tyro) ပြည်နယ်မှ အင်ဂျင်နီယာလုပ်ငန်း ကုမ္ပဏီခွဲတစ်ခုသည် မြန်မာလျှပ်စစ် ဓာတ်အားစက်ရုံ စီမံကိန်းအတွက် ဝန်ဆောင်ခပမာဏ အမြောက်အများ ဆက်လက်တောင်းခံနေခဲ့သည်။ ဩစတြီးယား စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းသည် အာရှတိုက်မှ မြန်မာနိုင်ငံ၌ အန္တရာယ်ကြီးလှသော စွန့်စားခန်းကို ကြိုးတန်းလမ်းလျှောက်သည့်သဖွယ် ဆောင်ရွက်နေခဲ့ပြီးဖြစ်ကာ ၎င်းမှာ ဩစတြီးယားအစိုးရ၏ ထောက်ပံ့ကူညီမှု တစ်စိတ်တစ်ပိုင်းဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
——————
အနည်းဆုံးလူ ၂,၉၄၀ ဦးကို လုံခြုံရေးတပ်ဖွဲ့များက သတ်ဖြတ်ခဲ့သည်။ စုစုပေါင်း ၁,၇၅၇၂ ဦး ဖမ်းဆီးခံခဲ့ရပြီး စစ်တပ်က ထိန်းသိမ်းထားစဉ် ၉၂၀ ဦးသေဆုံးခဲ့သည်။ လေကြောင်းတိုက်ခိုက်မှု ၄၂၆ ကြိမ်နှင့် လက်နက်ကြီးပစ်ခတ်မှု ၁,၁၀၀ ကျော်ပြုလုပ်ခဲ့သည်။ လူနေအိမ်သောင်းနှင့်ချီ၍ မီးရှို့ သို့မဟုတ် ဖျက်ဆီးခံခဲ့ရသည်။ ၎င်းသည် ရက်အနည်းငယ်အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တင်ပြထားသည့် အနိဋ္ဌာရုံကိန်းဂဏန်း အချက်အလက်များ ဖြစ်သည်။
ထိုအစီရင်ခံစာသည် လူဦးရေသန်း ၅၀ ကျော်အနက် ၄၀ ရာခိုင်နှုန်းသည် ဆင်းရဲမွဲတေမှုမျဉ်းအောက်၌ နေထိုင်နေရသည့် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် အုပ်စိုးနေသော ၂ နှစ်တာကာလအတွက် တင်ပြထားသည့် အချက်အလက်များလည်း ဖြစ်သည်။
လွန်ခဲ့သည့် ၂ နှစ်ဖြစ်သော ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က နိုင်ငံ့အာဏာကိုသိမ်းယူခဲ့အပြီး မြန်မာနိုင်ငံသည် ပြည်တွင်းစစ် အပြင်းအထန် ဖြစ်ပွားနေသော နိုင်ငံတစ်ခုသဖွယ် အခြေအနေ ယိုယွင်းသွားခဲ့သည်။ ဆယ်စုနှစ်တစ်ခုသာသာ ရှင်သန်ပေါက်ဖွားခဲ့သော နုနယ်သည့် မြန်မာ့ဒီမိုကရေစီ မျှော်လင့်ချက်များသည်လည်း လေနီကြမ်းအဝှေ့တွင် တမဟုတ် လွင့်စင်ပျောက်ကွယ်ခဲ့ရသည်။ သို့သော် ပွင့်သစ်စ စီးပွားရေး အချိတ်အဆက် အများအပြားမှာမူ ဒီမိုကရေစီ အလားလာနှင့်အတူ ပျက်ပြယ်သွားခြင်းမရှိပေ။ အချို့လုပ်ငန်းများမှာ ဩစတြီးယားနိုင်ငံအထိပင် ခြေဆန့်လာကြောင်း တွေ့ရှိရသည်။
ဓာတ်အားပေးစက်ရုံ တည်ဆောက်သူများ
==============
ထီရိုးပြည်နယ်၏မြို့တော် အင်းစ်ဘရက် (Innsbruck) မြို့ ၏ အရှေ့ဖက်တွင် Rum ဟုခေါ်သော ဈေးမြို့ကလေး တည်ရှိသည်။ လယ်ကွင်းများအလယ်၌ ခေတ်ဆန်ဆန် စက်ဝိုင်းပုံ အဆောက်အအုံတစ်ခုကို တွေ့မြင်ရမည်ဖြစ်သည်။ ယင်းမှာ နိုင်ငံတကာစံချိန်မီ အင်ဂျင်နီယာလုပ်ငန်းနှင့် အတိုင်ပင်ခံကဏ္ဍ ဝန်ဆောင်မှုများ ပေးနေသော ILF ကုမ္ပဏီအုပ်စု၏ ရုံးချုပ်အဆောက်အအုံ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်၌ ဖွင့်လှစ်ထားသည့် ILF ရုံးခွဲ၏လိပ်စာကို အဆိုပါ ကုမ္ပဏီဝဘ်ဆိုဒ်တွင် ယနေ့တိုင်ဖော်ပြထားသည်။
ရန်ကုန်မြို့တွင် ILF ကုမ္ပဏီအနေဖြင့် မည်သည့်လုပ်ငန်းများ ဆောင်ရွက်နေသည်ကို Justice for Myanmar တက်ကြွလှုပ်ရှားသူများအဖွဲ့က လေ့လာဆန်းစစ်ခဲ့သော စာရွက်စာတမ်းများတွင် တွေ့ရှိရသည်။ ၎င်းစာရွက်စာတမ်းများမှာ နိုင်ငံ၏ အခွန်အာဏာပိုင်ထံမှ ပေါက်ကြားလာသော အချက်အလက်များဖြစ်ကာ လျှို့ဝှက်အချက်အလက် ပေါက်ကြားမှုများ စုဆောင်းထားသည့် ပလက်ဖောင်းဖြစ်သော Distributed Denial of Secrets (DDoS) ဝဘ်ဆိုဒ်က မျှဝေထားခြင်း ဖြစ်သည်။
နိုင်ငံ့ကိုယ်စား
=============
ရရှိထားသော စာရွက်စာတမ်းများမှာ ထိုင်းနိုင်ငံအခြေစိုက် ILF လက်အောက်ခံကုမ္ပဏီဖြစ်သော “ILF Consulting Engineers (Asia) Ltd.” ၏ မြန်မာရုံးခွဲက ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အကြား ထုတ်ဝေထားသည့် ငွေတောင်းခံလွှာ ဘောင်ချာများနှင့် ရငွေမှတ်တမ်းများဖြစ်ကြောင်း အထင်အရှား တွေ့ရှိရသည်။ ဩစတြီးယား ကူးသန်းရောင်းဝယ်ရေး မှတ်ပုံတင်စာရင်းတွင် ရရှိနိုင်သော ၂၀၂၁ ခုနှစ် ဒီဇင်ဘာ၃၁ ရက်နေ့ရှိ နောက်ဆုံးနှစ်စဉ်ဘဏ္ဍာရေးရှင်းတမ်းများအရ ဤအာရှကုမ္ပဏီခွဲကို ထီရိုးပြည်နယ်ရှိ ILF Group Holding GmbH က ၉၈ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။
ဖြတ်ပိုင်း စာရွက်များ၌ မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ်ဦးစီးဌာနကို “ဝယ်သူ” အဖြစ်ဖော်ပြထားသဖြင့် ၎င်းငွေတောင်းခံလွှာများသည် မြန်မာအစိုးရ ကန်ထရိုက်လုပ်ငန်းတစ်ခု အတွက်ဖြစ်သည်။ အထူးသဖြင့် ငွေတောင်းခံလွှာများ၌ “သူဌေး” ရေအားလျှပ်စစ်စီမံကိန်း၏ အတိုင်ပင်ခံလုပ်ငန်းအတွက်ဟု အတိအလင်း ဖော်ပြထားသည်။
မြစ်ရေကို သိုလှောင်မည့် ယခုဓာတ်အားစီမံကိန်း၏ ဆည်တစ်ခုသည် ၉၀ မီတာမြင့်ပြီး ၆၁၈ မီတာ ရှည်လျားသည်။ ILF သည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၉ ရက်နေ့၌ မြန်မာဝန်ကြီးဌာနနှင့် ကန်ထရိုက် စာချုပ်ချုပ်ဆိုခဲ့ပြီး နိုင်ငံတကာတင်ဒါ ခေါ်ယူပြီးနောက် “လက်ရှိလေ့လာမှုများကို သုံးသပ်ခြင်း၊ တင်ဒါစာရွက်စာတမ်းများ ပြင်ဆင်ခြင်းနှင့် အသေးစိတ်ဒီဇိုင်း ရေးဆွဲခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်း ကြီးကြပ်ရေးတွင် ကူညီခြင်းအပါအဝင် အင်ဂျင်နီယာဝန်ဆောင်မှု လုပ်ငန်းများ” အတွက် ကန်ထရိုက် လုပ်ငန်းအပ်နှင်းခြင်း ခံရကြောင်း ILF က ၎င်း၏ ဝဘ်ဆိုဒ် တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်နေ့က ဂုဏ်ယူစွာ ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသို့ကြေညာပြီးနောက် ၁၁ ရက်အကြာတွင် အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာ ၁ သန်းကျော်လုပ်ငန်း ဆောင်ရွက်မှု
==============
သို့သော် ၅၇ လကြာမြင့်မည်ဟု မူလခန့်မှန်းထားသော စီမံကိန်းသည် နိုင်ငံရေး မငြိမ်သက်မှုကြောင့် ရုတ်တရက် အဆုံးသတ်သွားခဲ့သလားဟု မေးမြန်းလာပါက “ရပ်တန့်သွားခြင်း မရှိပါ” ဟု ဖြေဆိုရပေမည်။ ရရှိသောအချက်အလက်များတွင် စုစုပေါင်း ငွေတောင်းခံလွှာ ၇ စောင်အတွက် လက်ခံဖြတ်ပိုင်းနှင့် ငွေရမှတ်တမ်းများပါဝင်သည်။ အစောဆုံးဖြတ်ပိုင်းမှာ ၂၀၂၁ ခုနှစ်၊ ဧပြီဖြစ်ပြီး နောက်အကျဆုံး ဖြတ်ပိုင်းမှာ အာဏာသိမ်းပြီး တစ်နှစ်အကြာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီဖြစ်သည်။ အချို့ ငွေတောင်းခံလွှာများကို ငွေအဝင်မှတ်တမ်းများအပေါ် မူတည်၍ နောက်ပိုင်းမှ ပြန်လည်ပြင်ဆင် ပေးပို့ထားပုံရသည်။
လက်ခံရရှိငွေသည် အခွန်အပါအဝင် စုစုပေါင်း ဒေါ်လာ ၁.၁ သန်းကျော်ရှိသည်။ စာရွက်စာတမ်းပါ အချက်အလက်များ မှန်ကန်မည်ဆိုပါက တိုင်းပြည်ပြိုလဲလုမတတ် နိုင်ငံရေး အခြေအနေ ဆိုးဝါးနေသည့်ကြားမှ ILF သည် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်အုပ်စုနှင့် ဆက်လက် အလုပ်လုပ်ကိုင်ခဲ့ဖွယ်ရှိပြီး ဆောင်ရွက်ပေးခဲ့သည့် လုပ်ငန်းများအတွက် ဒေါ်လာ သန်းဂဏန်းအထိ ငွေတောင်းခံထားဖွယ်ရှိကြောင်း တွေ့ရှိရသည်။
အခကြေးငွေအချို့ကို အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလက တောင်းခံထားပြီးဖြစ်သော ကြိုတင် ပေးချေရမည့်ငွေထဲမှ ခုနှိမ်ရန် ရည်ရွယ်ထားဖွယ် ရှိသည်။ ကြိုတင်ငွေပေးချေမှု လုပ်ငန်းစဉ်က လုပ်ငန်း၏ ငွေကြေးပမာဏ မည်မျှရှိသည်ကို ညွှန်ပြနေသည်။ ကြိုတင်ငွေပမာဏမှာ ဒေါ်လာ ၆၃၃,၄၈၂.၆၀ ဖြစ်ကာ ၎င်းသည် စုစုပေါင်း စီမံကိန်းတန်ဖိုး (“စုစုပေါင်း ဝန်ဆောင်မှုစရိတ်”) ၏ ဆယ်ရာခိုင်နှုန်းဖြစ်သဖြင့် မူလစီမံကိန်းတန်ဖိုးမှာ ဒေါ်လာ ၆,၃၃၄,၈၂၆ ဖြစ်သည်မှာ ထင်ရှားသည်။
ဆည်လှောင်ကန် ခိုင်ခံ့တည်ငြိမ်ရေး ဆောင်ရွက်နေသော ILF
===============
ယခုအခါ ILF သည် စစ်ကောင်စီထံမှ အမြတ်အစွန်း ရယူခဲ့သည်ဟု “Justice for Myanmar” အဖွဲ့က စွပ်စွဲမှုများ ပြုလုပ်လာသည်။ profil သတင်းဌာနမှ မေးမြန်းမှုကို ဖြေကြားရာတွင် “အဆိုပါ စီမံကိန်း လုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကိုအသုံးပြု၍ ဒေသစွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့် ရေအားလျှပ်စစ် စက်ရုံတစ်ခုအတွက် စီမံကိန်းရေးဆွဲရန်” ပါဝင်ကြောင်း ကုမ္ပဏီက ပြောဆိုသည်။
၎င်းလုပ်ငန်းနှင့် သက်ဆိုင်သည့် ကျွမ်းကျင်မှုများ မြန်မာနိုင်ငံတွင် မရှိကြောင်း၊ “လျှပ်စစ်ဓာတ်အား စက်ရုံအတွက် လိုအပ်သောဆည်သည် ရွံ့စေး အနားကွပ်ထားသည့် ကျောက်သားဖြည့် ဆည်အမျိုးအစားဖြစ်ပြီး ယင်းဆည်အမျိုးအစားမှာ တည်ဆောက်ရေး လုပ်ငန်းများ စတင်သည်နှင့်တစ်ပြိုင်နက် ဘေးကင်းလုံခြုံရေး အကြောင်းရင်းများအတွက် ချက်ချင်းရပ်တန့်၍ မရကြောင်း” ILF က ဆိုသည်။
“ကျွန်တော်တို့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို အချိန်အတန်ကြာကတည်းက ရပ်တန့်ထားပါတယ်။ လက်ရှိရေလျှံပေါက် လုပ်ငန်းအတွက် ဆည်သားတည်ငြိမ်ရေးနဲ့ နံရံတည်ငြိမ်ရေးတွေကို အလေးထား လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ကျွန်တော်တို့လုပ်ငန်းတွေကို သက်ဆိုင်ရာ ပိတ်ဆို့မှု/ အရေးယူမှုတွေကို အပြည့်အဝ လိုက်နာပြီး အမြဲဆောင်ရွက်ခဲ့သလို ဆက်လက်ပြီးလည်း လိုက်နာဆောင်ရွက်နေမှာ ဖြစ်ပါတယ်” ဟု ILF က ပြောကြားသည်။ ကုမ္ပဏီ၏လုပ်ငန်းများကို မည်သည့်အချိန်က ရပ်ဆိုင်းခဲ့ကြောင်း အတိအကျ မေးမြန်းမှုကိုမူ ILF က ပြန်လည်ဖြေကြားခြင်း မရှိပေ။
၂၀၂၁ ခုနှစ်၊ မတ်လမှ ယနေ့အထိ အီးယူက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု စုစုပေါင်း ၆ ကြိမ် ပြုလုပ်ခဲ့သည်။ သို့သော် ၎င်းအရေးယူမှုများမှာ အမှန်တကယ် အလုပ်ဖြစ်ရဲ့လားဟု မေးစရာရှိလာသည်။ အချက်အလက် စုံစမ်းစစ်ဆေးရေး နိုင်ငံတကာ သတင်းထောက်များအဖွဲ့ (ICIJ) ၏ ကမ္ဘာလုံးဆိုင်ရာ သုတေသနတစ်ခုဖြစ်သော “Deforestation Inc.” စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် profil က အစီရင်ခံရာတွင် ပိတ်ဆို့မှုများ ရှိနေလင့်ကစား တန်ဖိုးကြီးလှသော မြန်မာ့ကျွန်းသစ်များ အီးယူဒေသသို့ ဝင်ရောက်နေခဲ့ပြီး အာဏာပိုင်များက မစစ်ဆေးနိုင်မီ မည်သည့် တိုင်ကြားမှုမျှမရှိဘဲ နိုင်ငံအတွင်း ပြန်လည်ရောင်းချနေနိုင်ကြောင်း ဖော်ပြထားသည်။
လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ
==============
profil သတင်းဌာနသည် လူ့အခွင့်အရေးစောင့်ကြည်ရေးအဖွဲ့ (HRW) မှ မြန်မာစုံစမ်းရေးမှူး မန်နီမောင်နှင့် စကားပြောဆိုခဲ့သည်။ စစ်ကောင်စီ အာဏာရလာကတည်းက “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု အမြောက်အများ”ကို မောင်က မှတ်တမ်းပြုစုထားသည် ဟုဆိုသည်။
၎င်းတို့တွင် လူသတ်မှု၊ စစ်ကောင်စီ ဆန့်ကျင်သူများ၊ ဆန့်ကျင်သူ ဟုယူဆသူများကို ပြန်ပေးဆွဲခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်း၊ လိင်အကြမ်းဖက်ခြင်း၊ ထိန်းသိမ်းထားစဉ် ရှေ့နေ သို့မဟုတ် ဆွေမျိုးများနှင့် တွေ့ဆုံခွင့် မရရှိခြင်းတို့ ပါဝင်သည်။ “အကြမ်းဖက်ဖြစ်စဉ် အများအပြားကို ကျွန်မတို့ မှတ်တမ်းတင်ထားတာကြောင့် စစ်တပ်ရဲ့ ရက်စက်မှုတွေအတွက် သံသယဖြစ်စရာ မရှိပါဘူး” ဟု မောင်က ဆက်လက်ပြောဆိုသည်။
ယခင်က အချက်အလက်စုံစမ်းရေး သတင်းထောက်ဖြစ်ခဲ့ဖူးသည့် သူ့အနေဖြင့် “မြန်မာ့အရေး နိုင်ငံတကာ၏ ကိုင်တွယ်ဆောင်ရွက်နေမှုကို အလွန်အမင်း နားမလည်နိုင်အောင် ဖြစ်မိကြောင်း” ထုတ်ဖော်ပြောကြားသည်။ “မြန်မာနိုင်ငံအပေါ် ဖိအားပေးနိုင်စွမ်း မရှိခြင်းက ရက်စက်ကြမ်းကြုတ်မှုတွေအတွက် အကြီးမားဆုံး တွန်းအားဖြစ်နေတယ်” ဟု သူကဆိုသည်။ ဖေဖော်ဝါရီလအတွင်းကမူ အီးယူက မြန်မာနိုင်ငံအပေါ် ၆ ကြိမ်မြောက် အရေးယူပိတ်ဆို့မှု စာရင်းကို ချပြလာသည်။ အဆိုပါစာရင်းတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ အရေးယူလိုက်သော လူပုဂ္ဂိုလ် ၉၃ ဦးနှင့် စစ်ကောင်စီ အပါအဝင် အဖွဲ့အစည်း ၁၈ ခု ပါဝင်သည်။
စာရင်းပါပုဂ္ဂိုလ်များအား နိုင်ငံအတွင်း ဝင်ရောက်ခွင့် မပြုသလို အီးယူရှိ ၎င်းတို့၏ ပိုင်ဆိုင်ပစ္စည်းများကိုလည်း ရယူသုံးစွဲခွင့် မပြုတော့ပေ။ ထို့အပြင် အပြန်အလှန်အားဖြင့် အီးယူမှ လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများက ထိုသို့အရေးယူထားသော ပုဂ္ဂိုလ်များအား ငွေကြေးအကူအညီ ပေးအပ်ခြင်း မပြုရန် တားမြစ်ထားသည်။ စက်လက်နက်ပစ္စည်းများကို ပိတ်ပင်ထားပြီး အရပ်သားများကို စောင့်ကြည့်ရန်နှင့် ဖိနှိပ်ရန် အသုံးပြုနိုင်သည့် စက်ပစ္စည်းများတင်ပို့မှုကို တားမြစ်ကန့်သတ်ထားသည်။
စစ်တပ်ကို ချိုးနှိမ်နိုင်ခြင်းမရှိ
==============
အဆိုပါ ပိတ်ဆို့မှုများမှာ ထိရောက်လုံလောက်မှု ရှိရဲ့လားဟု မေးခွန်းထုတ်စရာဖြစ်သည်။ HRW ကျွမ်းကျင်သူ မောင်ကမူ နိုင်ငံအတွင်း ဆက်လက်နေထိုင်ကာ စစ်ကောင်စီနှင့် အလုပ်ဆက်လုပ်နေသည့် ဥရောပကုမ္ပဏီများ ရှိနေခြင်းကို ပြစ်တင်ဝေဖန်လျက် ရှိသည်။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံတွင် စစ်တပ်ကို အမှန်တကယ် ချိုးနှိမ်ဟန့်တားနိုင်ခြင်း မရှိကြောင်းလည်း သူကပြောဆိုသည်။
အရေးယူပိတ်ဆို့မှုများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်စေရန် ဘရပ်ဆဲလ်တွင် တာဝန်မရှိပေ။ ပိတ်ဆို့မှုအား ချိုးဖောက်နိုင်ချေရှိမှုများကို ထောက်ပြ၍ စုံစမ်းစစ်ဆေးရန်မှာ အဖွဲ့ဝင်နိုင်ငံများ အပေါ် မူတည်နေသည်။ “အဖွဲ့ဝင်နိုင်ငံများသည် မိမိတို့သိရှိသမျှနှင့် နားလည် ယုံကြည်သမျှ အကောင်းဆုံး အတိုင်းအတာအထိ ချိုးဖောက်မှုများကို စုံစမ်း၍ သတင်းပေးပို့ရန် တာဝန်ရှိသည်” ဟု ဘရပ်ဆဲလ်က ဆိုသည်။ အမှန်စင်စစ် မိမိတာဝန်ဝတ္တရာများအား ချိုးဖောက်သည့် အဖွဲ့ဝင်နိုင်ငံကို နောက်ဆုံးအဆင့်တွင် တရားစွဲဆိုနိုင်ပေသည်။
သို့သော် ယင်းသို့ တရားစွဲဆိုခြင်းမှာ မည်သည့်အခါကမျှ ဖြစ်ပွားခဲ့ခြင်း မရှိပေ။ ထို့အပြင် ILF ရေအားလျှပ်စစ် စီမံကိန်းကို တာဝန်ယူ ဆောင်ရွက်နေသော မြန်မာနိုင်ငံမှ စွမ်းအင်ဝန်ကြီးဌာနသည်လည်း ယနေ့အထိ မည်သည့်နိုင်ငံတကာ အရေးယူပိတ်ဆို့မှု စာရင်းတွင်မှ ပါဝင်ခြင်းမရှိသေးပေ။
ဩစတြီးယားမှ ဒုတိယဓာတ်အားပေးရုံတည်ဆောက်သူ
================
ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် စပ်လျဉ်း၍ ILF ထံမှ ရရှိသော ငွေတောင်းခံလွှာများတွင် ငွေကို အမှန်တကယ် ပေးချေခြင်းရှိ/ မရှိနှင့် ပေးချေခဲ့ပါက မည်သည့်အချိန်၌ ပေးချေခဲ့သည်တို့ကို ဖော်ပြမထားပေ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းတွင် ကုမ္ပဏီက ငွေကြေးမည်မျှ လက်ခံရရှိခဲ့ ကြောင်း profil ကမေးမြန်းခဲ့သော်လည်း ၎င်းမေးခွန်းအပြင် ငွေပေးချေမှု ပုံစံများအကြောင်း အခြားမေးခွန်းများနှင့် ပတ်သက်၍ ILF က နောက်ထပ်ရှင်းလင်းဖြေကြားခဲ့ခြင်း မရှိပေ။
မကြားသေးမီ နှစ်များအတွင်းကမှ မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ် စီမံကိန်းများအတွက် အလုပ်လုပ်ခဲ့သည့် ဒုတိယမြောက် ဩစတြီးယားကုမ္ပဏီမှာ စက်ရုံထုတ်လုပ်သည့် Andritz ကုမ္ပဏီဖြစ်သည်။ စတီရီယား (Styria) ပြည်နယ်အခြေစိုက် ယင်းကုမ္ပဏီသည် ၂၀၁၃ ခုနှစ်တွင် ရန်ကုန်၌ ကိုယ်စားလှယ်ရုံးပင် ဖွင့်လှစ်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ကုမ္ပဏီသည် အသေးစားရေအား လျှပ်စစ်စက်ရုံတစ်ခုအတွက် အမှာစာရရှိခဲ့ကြောင်း Andritz မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက profil ကို ပြောကြားသည်။
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မည့် အလားအလာ အများအပြားရှိသော်လည်း လူဦးရေ၏ သုံးပုံနှစ်ပုံကိုသာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်လျက် ရှိသည်။ စက်ရုံတပ်ဆင်ပြီးနောက် အဆိုပါ ရေအားလျှပ်စစ် စက်ရုံသည် ယခုအခါ ဝေးလံသော ကျေးလက်ဒေသများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိပြီး စီမံကိန်း၏ အာမခံသက်တမ်း ကာလသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီက ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ ဤကာလအတွင်း ပြင်ဆင်ရေး လုပ်ငန်းအချို့ ဆောင်ရွက်ခဲ့သည့်အပြင် အခြားဓာတ်အားပေး စက်ရုံများအတွက် အပိုပစ္စည်း ပေးသွင်းမှုများလည်း ရှိခဲ့ကြောင်း သိရှိရသည်။
အာဏာသိမ်းပြီးကတည်းက လုပ်ငန်းအသစ် မရှိကြောင်း Andritz ပြောဆို
==============
သို့ရာတွင် ကုမ္ပဏီသည် နောက်ထပ်အမှာစာတစ်ခုကို လက်ခံရရှိခဲ့ပြန်သည်။ ၎င်းမှာ ဂျပန်လုပ်ငန်းရှင်တစ်ဦးက ရင်းနှီးမြှုပ်နှံလုပ်ငန်း လည်ပတ်မည့် “အကြီးစားစီမံကိန်းတစ်ခု” ဖြစ်သည်ဟု Andritz ကဆိုသည်။ “အာဏာသိမ်းတဲ့အချိန်မှာ ဒီစီမံကိန်းက ကနဦးအဆင့်မှာပဲ ရှိသေးတယ်။ ပါမစ်အများစုကို တင်ပြထားဆဲဖြစ်ကာ ဘာဆောက်လုပ်ရေးလုပ်ငန်းမှ မစတင်ရသေးပါဘူး” ဟု ပြောကြားသည်။ အာဏာသိမ်းပြီးလျှင်ပြီးချင်းပင် Andritz နှင့် ဂျပန်လုပ်ငန်းရှင်တို့သည် လုပ်ငန်းအားလုံးကို ချက်ချင်းရပ်ဆိုင်းပြီး လက်ရှိ ရှေ့ပြေးစာချုပ်များကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးကဆိုသည်။ “ဆောင်ရွက်ဆဲ အသေးစားအပိုပစ္စည်း အမှာစာတွေကိုတော့ ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။
အဲ့ဒီအသေးစားလေးတွေ အပြီးမှာတော့ ဘာလုပ်ငန်းမှ ဆောင်ရွက်ခြင်း မရှိတော့ပါဘူး” ဟု သူကရှင်းပြသည်။ ရန်ကုန်မြို့ရှိ ကိုယ်စားလှယ်ရုံးကို ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းက ယာယီပိတ်သိမ်းခဲ့ပြီး “ပိတ်သိမ်းရေး နောက်ဆုံးအဆင့် တရားဝင် လုပ်ငန်းများ” ကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု Andritz က ဆိုသည်။ “အာဏာသိမ်းပြီးကတည်းက ဘာလုပ်ငန်းအသစ်မှ မလုပ်တော့ပါဘူး။ ရုံးပိတ်သိမ်းရေးကိုလည်း အဆင့်ဆင့် ဆောင်ရွက်လျက် ရှိပါတယ်။ ဒါကြောင့် Andritz ဟာ အရေးယူမှုအားလုံးကို လိုက်နာလျက်ရှိပြီး နိုင်ငံတကာ စည်းကမ်းချက်အားလုံးကိုလည်း ဆက်လက်လိုက်နာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု သူက ပြောကြားသည်။
၂၀၁၇ ကတည်းက ပေါ်ပေါက်နေသည့် မြန်မာအပေါ် ဝေဖန်မှုများ
=================
သို့ဖြစ်၍ Andritz သည် မြန်မာနိုင်ငံ၌ အာဏာသိမ်းချိန်အထိ အလုပ်လုပ်ကိုင်လျက်ရှိနေခဲ့သည်။ မွတ်ဆလင်လူနည်းစု ရိုဟင်ဂျာများကို တိုင်းပြည်မှ စွန့်ခွာထွက်ပြေးစေခဲ့သဖြင့် ၂၀၁၇ ခုနှစ် နှစ်လယ် လောက်ကတည်းက မြန်မာအစိုးရ ခေါင်းဆောင်များအပေါ် အပြင်းအထန် ပြစ်တင်ဝေဖန်မှုများ ရှိနေသည့်ကြားမှ ထိုသို့လုပ်ငန်းဆောင်ရွက်နေခြင်း ဖြစ်သည်။ ဒီမိုကရေစီရရှိရေး ပထမကြိုးပမ်းမှုများမှ ပေါ်ထွန်းလာသော အတိုက်အခံ ခေါင်းဆောင်ဟောင်းဖြစ်သည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် တိုင်းပြည်အကြီးအကဲဟောင်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ကျော်ကြားမှုများမှာလည်း အဆိုပါအရေးကြောင့် သိသိသာသာ မှေးမှိန်လာခဲ့သည်။
စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်သည်ဟူသော စွပ်စွဲချက်များဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) နှင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)တို့တွင် မြန်မာနိုင်ငံအပေါ် စွဲဆိုထားသည့်အမှုကို ကြားနာစစ်ဆေးနေဆဲဖြစ်သည်။
“အဲ့ဒီအချိန်က လူဘယ်လောက် အသတ်ခံခဲ့ရသလဲဆိုတာ ကျွန်မတို့မသိပါဘူး။ ဒါပေမဲ့ အရေအတွက် သောင်းနဲ့ချီပြီး ရှိပါလိမ့်မယ်” ဟု profil နှင့် အင်တာဗျူးတစ်ခုတွင် HRW မြန်မာစုံစမ်းရေးမှူး မောင်က ပြောသည်။ ဒုက္ခသည်စခန်းများသို့ ထွက်ပြေးလွတ်မြောက်လာသူများကို မေးမြန်း၍ မောင်က ထိတ်လန့်ဖွယ်ဖြစ်ရပ်များကို စာရင်းပြုစုထားသည်။ “မျက်မြင်သက်သေတွေ အဆိုအရ လူတွေကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တယ်။ ကလေးငယ်တွေကိုလည်းသတ်တယ်။ မိန်းမ၊ ယောကျာ်းနဲ့ ကလေးတွေကို ပစ္စည်းကိရိယာတွေနဲ့ အဓမ္မပြုကျင့်ကြတယ်” ဟု သူကဆိုသည်။
ထိုဖြစ်စဉ်များပေါ်ပေါက်နေစဉ်အတွင်း မြန်မာနိုင်ငံ၌ အစိုးရကန်ထရိုက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမှာ တရားဝင်မှုရှိပါရဲ့လား ဟုမေးစရာရှိသည်။ ထိုကာလအတွင်းမှာပင် စက်ရုံ ထုတ်လုပ်ရေး လုပ်ငန်းများမှာ “အနိမ့်ဆုံးအထိ အကန့်အသတ် ရှိခဲ့ကြောင်း” Andritz ကရှင်းပြသည်။ “ဒါ့အပြင် ရေအားလျှပ်စစ်နဲ့ အဲ့ဒီစီမံကိန်းကထုတ်လုပ်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ လျှပ်စစ်တို့ဟာ လူထုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြုလျက်ရှိတာကြောင့် တိုင်းပြည်တည်ငြိမ်ရေးကို ဦးတည်စေပါတယ်။ ဒါပေမဲ့ ကံအကြောင်းမလှစွာနဲ့ပဲ အာဏာသိမ်းမှုက ဒီတိုးတက်မှုလမ်းကြောင်းကို နောက်ပြန်လှည့်သွားစေခဲ့တယ်” ဟု သူကဆိုသည်။
အစိုးရအထောက်အပံ့များ သုံး၍ ကြိုးတန်းပေါ် လမ်းလျှောက်ခြင်း
==================
အခါနှောင်းမှ သိလာရလင့်ကစား ဩစတြီးယားနှင့် မြန်မာနှစ်နိုင်ငံအကြား စီးပွားရေးဆက်ဆံရေးမှာ မကြားသေးမီနှစ်များအတွင်း အလျော်အစား ချိန်ဆလုပ်ကိုင်ရမှုများ ရှိလာခဲ့သည်။ စီးပွားရေး အခွင့်အလမ်းနှင့် နံမည်ပျက်မည့် အန္တရာယ်အကြား အလျှော့အတင်း ရှိလာသလို ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်မှုနှင့် အထိန်းအကွပ်မဲ့ အာဏာရှင်ယန္တရားကို အထောက်အကူဖြစ်စေမှုအကြား ချိန်ဆလုပ်ကိုင်ရမှုများ ရှိလာသည်။ အာဏာမသိမ်းမီ ကတည်းကပင် ထိုသို့ချင့်ချိန်နေကြရခြင်း ဖြစ်သည်။ ဩစတြီးယား ကုမ္ပဏီများသာမက ဩစတြီးယားအစိုးရကပါ မြန်မာကြိုးတန်းအပေါ် စွန့်စွန့်စားစား လမ်းလျှောက်ရန် မဝံ့မရဲ ဖြစ်လာခဲ့သည်။
ဩစတြီးယားအစိုးရသည် အခက်အခဲ များပြားသည့်ဈေးကွက်ထဲမှ အရွယ်အစားကြီးမားသော စီမံကိန်းများအတွက် ပြည်တွင်းကုမ္ပဏီများအား Oesterreichische Kontrollbank (OeKB) ဘဏ်မှ တစ်ဆင့် အကူအညီပေးအပ်လျက်ရှိသည်။ ထိုအကူအညီများအတွက် အသုံးပြုသည့် နည်းလမ်း တစ်ခုမှာ “အတိုးသက်သာသော ချေးငွေ (Soft Loan)ထုတ်ချေးခြင်း” ဖြစ်သည်။ ဩစတြီးယား ကုမ္ပဏီ၏ ပြည်ပဝယ်ယူသူအတွက် ဘဏ်က စီမံကိန်းချေးငွေထုတ်ချေးစေရန် အစိုးရက အာမခံပေးသည့် နည်းလမ်းဖြစ်သည်။
ထိုအခါ ပို့ကုန်တင်ပို့သူအတွက် ငွေကြေးရရှိမည်မှာ သေချာသဖြင့် ဘဏ်၏ စွန့်စားရမှု လျော့ကျသလို ပိုမိုသက်သာကောင်းမွန်သည့် ချေးငွေ စည်းကမ်းချက်များ သတ်မှတ်ပေးနိုင်သောကြောင့် ဝယ်ယူသူအတွက်လည်း ထောက်ပံ့ကြေး ရရှိသည့်သဖွယ် ဖြစ်သည်။ ၎င်းမှာ ဖွံ့ဖြိုးရေးအကူအညီ ပေးအပ်သည့် အမျိုးအစားတစ်ခုဖြစ်ကာ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိသည်။
မြန်မာကို မျှော်လင့်ချက်ရှိသော ဈေးကွက်တစ်ခုအဖြစ် ယူဆခဲ့သော ဘဏ္ဍာရေးဝန်ကြီးဌာန
==============
ဤအတိုးသက်သာသော ချေးငွေ (Soft Loan)စနစ်ကို မြန်မာနှင့် ဆောင်ရွက်သော လုပ်ငန်းများအတွက် အချိန်အတန်ကြာအောင် အသုံးပြုနေခဲ့သည်။ “စစ်အာဏာ မသိမ်းမီနှစ်တွေတုန်းက မြန်မာကို နိုင်ငံရေးနဲ့ စစ်ရေးအရ အလားအလာရှိတဲ့ နိုင်ငံအဖြစ် ယူဆထားပြီး မျှော်လင့်ချက်ရှိတဲ့ ဈေးကွက်တစ်ခုအဖြစ် မှတ်ယူထားတယ်။ ဒါကြောင့်လဲ ဩစတြီးယားနိုင်ငံအပါအဝင် ကမ္ဘာတစ်လွှားကကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ စိတ်ဝင်စားခဲ့ကြပါတယ်” ဟု profil၏ မေးမြန်းချက်ကို ဘဏ္ဍာရေးဝန်ကြီးဌာနက ပြန်လည် ဖြေကြားသည်။
သို့သော် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုပြီးကတည်းက နိုင်ငံရေးနှင့်စီးပွားရေး အခြေအနေများကြောင့် မြန်မာနိုင်ငံရှိ စီမံကိန်းများအတွက် အတိုးသက်သာသော ချေးငွေ(Soft Loan) ကို ဩစတြီးယားက ခွင့်ပြုခြင်း မရှိတော့ပေ။ ထိုသို့ အစိုးရထောက်ခံမှုကို အသုံးပြုခဲ့သော စီမံကိန်းတစ်ခုမှာ ၂၀၁၉ ခုနှစ်က ဆောင်ရွက်ခဲ့သည့် ရည်မှန်းချက်ကြီးမားသော အိုင်တီစီမံကိန်း ဖြစ်သည်။ profil ၏ သုတေသနပြုချက်အရ ၎င်းမှာ ထိုအချိန်က မြန်မာအစိုးရအတွက် အလွန်အဆင့်မြင့်သော e-government စီမံကိန်းတစ်ခုဖြစ်ပြီး တစ်ဖက်တွင် အသုံးပြုသူ ၁ သောင်း အတွက် အီးမေးလ်ဝန်ဆောင်မှုပေးကာ အခြားတစ်ဖက်တွင် ဒစ်ဂျစ်တယ် အသိအမှတ်ပြု လက်မှတ်များ ပေးအပ်နိုင်မည့် အစီအစဉ်ဖြစ်သည်။
စီမံကိန်းတန်ဖိုးပမာဏ ယူရို ၅.၇ သန်း ရှိပြီး စီမံကိန်းကို UniCredit Bank Austria မှ (မြန်မာဘဏ္ဍာရေး ဝန်ကြီးဌာနက ကိုယ်စားပြုသည့်) မြန်မာအစိုးရသို့ ထုတ်ပေးသည့် ချေးငွေဖြင့် ဆောင်ရွက်ရန် ဖြစ်သည်။ ယင်းချေးငွေအတွက် “အတိုးနှုန်းသက်သာစေရန်” OeKB က အာမခံပေးထားသည်။ ဩစတြီးယား အိုင်တီကုမ္ပဏီဖြစ်သော Bechtle ၏ လက်အောက်ခံကုမ္ပဏီနှင့် ပုဂ္ဂလိကပိုင် Austrian State Printing Office (OeSD) တို့ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
profil ၏မေးမြန်းချက်ကို Bechtle Austria က ဖြေကြားရာတွင် “၂၀၁၉ ခုနှစ်က ဈေးကွက်လေ့လာရေး ဆောင်ရွက်ရာမှာ ခင်ဗျားတို့မေးလာတဲ့ စီမံကိန်းအတွက် အိုင်တီ အခြေခံ အဆောက်အအုံ ပေးသွင်းဖို့ ကျွန်တော်တို့ကုမ္ပဏီကို OeSD က ထည့်သွင်း စဉ်းစားခဲ့ပါတယ်။ ကျွန်တော်တို့သိရသလောက် စီမံကိန်းကို အကောင်အထည် မဖော်ဖြစ်ခဲ့ဘဲ ၂၀၂၀ ပြည့်နှစ် နွေဦးရာသီမှာရပ်ဆိုင်းခဲ့တယ်။ Bechtle IT system house Austria က ဘာပစ္စည်းပေးသွင်းမှု၊ ဝန်ဆောင်မှုပေးအပ်ခြင်းမှမပြုလုပ်ခဲ့ဘူး။ ကျွန်တော်တို့ သိသလောက် OeKB ရဲ့ အရေးကြီးတဲ့ အကဲဖြတ်ချက်တစ်ခုအရ ရည်ရွယ်ထားတဲ့ စီမံကိန်းကို အတည်မပြုခဲ့ဘူး။ ဒါကြောင့်ပဲ ပြင်ဆင်ဆောင်ရွက်ထားမှု အားလုံးကို ရပ်ဆိုင်းခဲ့ပါတယ်” ဟု ပြောကြားသည်။ State Printing Office ၏ အပိုင်းတွင်မူ မြန်မာအစိုးရနှင့် မည်သည့်အချိန်ကမျှ ကန်ထရိုက်ချုပ်ဆိုထားသည့် အခြေအနေ မရှိကြောင်း အလေးအနက်ပြောဆိုသည်။ “လက်ရှိအချိန်မှာတောင် ဘယ်လိုကန်ထရိုက်စာချုပ် ချုပ်ဆိုမှုမျိုးမျှ ကျွန်တော်တို့နဲ့ ပြုလုပ်ထားတာ မရှိဘူးလို့ ပြောလိုပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
ယူရိုသန်းပေါင်းများစွာ
=================
သို့ဖြစ်၍ ယင်းစီမံကိန်းကို အမှန်တကယ် အကောင်အထည်ဖော်ခဲ့ခြင်း မရှိပေ။ သို့သော် အနည်းဆုံး အခြားစီမံကိန်းတစ်ခုကိုမူ အကောင်အထည်ဖော်ခဲ့သည်။ “၂၀၁၈ ခုနှစ် အတိုးသက်သာသော ချေးငွေ (Soft Loan) ပေးအပ်မှုအစီရင်ခံစာ” အရ ၎င်းနှစ်အတွင်း ပေးအပ်ခဲ့သော အတိုးသက်သာသည့် ချေးငွေ စုစုပေါင်း ယူရို ၈၃.၄ သန်း၏ ၁ ရာခိုင်နှုန်းခန့်ကို မြန်မာနိုင်ငံအတွက် သုံးစွဲခဲ့ကြောင်း ဖော်ပြထားသည်။
ယင်း ၁ ရာခိုင်နှုန်းမှာ ယူရို ၈ သိန်းခန့် ရှိမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင်လည်း စုစုပေါင်းချေးငွေ ယူရို ၁၀၀.၉ သန်း၏ ၃ ရာခိုင်နှုန်းခန့်၊ တစ်နည်းအားဖြင့် ယူရို ၃ သန်းခန့်ကို မြန်မာနိုင်ငံအတွက် သုံးစွဲခဲ့ပြန်သည်။ ၂၀၂၀ ပြည့်နှစ် နှစ်ပတ်လည် အစီရင်ခံစာ၌ လက်ရှိဆောင်ရွက်ဆဲ မြန်မာစီမံကိန်း တစ်ခုရှိကြောင်း ဖော်ပြထားပြီး ၎င်းမှာ သယ်ယူပို့ဆောင်ရေးကဏ္ဍ၏ အခြေခံအဆောက်အအုံ လုပ်ငန်းတစ်ခုဟူ၍ သိရှိရသည်။
သို့ဖြစ်၍ အာဏာမသိမ်းမီ ဖြစ်သော်လည်း ရိုဟင်ဂျာများ နှိပ်စက်ညှင်းပန်းခံနေရသည့် အချိန်ကတည်းက ဩစတြီးယားသည် မိမိအခွန်ထမ်းပြည်သူများ၏ ငွေကြေးဖြင့် မြန်မာနိုင်ငံတွင် အန္တရာယ်ရှိသော စီးပွားဆက်ဆံရေး လုပ်ငန်းများအတွက် အကူအညီပေးအပ်နေခဲ့သည်။
မည်သို့ပင်ဆိုစေ နောက်ကြောင်းပြန်ကြည့်၍ သေချာပေါက်ပြောဆိုနိုင်မည့် အချက်တစ်ချက်ရှိသည်။ ၎င်းမှာ မြန်မာနိုင်ငံအတွက် ဆောင်ရွက်ခဲ့သည့် ရေရှည်တည်တံ့သော အပြုသဘော ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်ကိုမူ အကြီးအကျယ် လွဲချော်သွားခဲ့ရပြီဟူသော အချက်ပင်ဖြစ်သည်။
(Profil သတင်းမဂ္ဂဇင်းတွင် ဖော်ပြထားသည့် Siobhán Geets နှင့် Stefan Melichar တို့၏ “Hydropower Made in Austria for a Sanctioned Military Dictatorship” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)။