ကြာအင်းဆိပ်ကြီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄၀ ဦးကျော်သေဆုံးကာ စစ်တပ်က အလောင်းများကို ဖြစ်သလို စွန့်ပစ်သွား
ရန်ကုန်၊ မတ် ၁၇
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် အကြမ်းဖက် စစ်တပ်နှင့် ကာကွယ် ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄၀ ဦးကျော် သေဆုံးကြောင်း Lion Battalion Commando Special Force စစ်ကြောင်း ထံမှ သိရသည်။
မတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန် ကြာအင်းဆိပ်ကြီးမြို့၊ မကျည်း ကလပ်ကျေးရွာနှင့် ကော့ကမာကျေးရွာ အကြားတွင် ဝင်ရောက် လာသည့် အကြမ်းဖက် စစ်တပ်မှ ဒုဗိုလ်မှူးကြီး ကျော်ဇေယျ ဦးဆောင်သော အင်အား ၂၀၀ ခန့်ပါဝင်သည့် စစ်ကြောင်းကို Lion Battalion Commando Special Force အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၄၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။
တိုက်ပွဲ ဖြစ်ပွားချိန်မှာ ညနေ ၄ နာရီ ၁၅ မိနစ်မှ ညနေ ၆ နာရီ ၃၀ မိနစ် အထိ ကြာမြင့်ခဲ့ပြီး သေဆုံးသွားသော စစ်သား ၄၀ ကျော်၏ ရုပ်အလောင်းများကို မြစ်၊ ချောင်းများနှင့် ကျေးရွာများအတွင်း စွန့်ပစ်ခဲ့ကြောင်း၊ စစ်သား ၃၀ ကျော်မှာ လည်း ထိခိုက်ဒဏ်ရာများဖြင့် တပ်ပျက်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Lion Battalion Commando Special Force စစ်ကြောင်း၊ KNU/KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းများ၊ ARMS (Army Representing Myanmar Society) Drone တပ်ဖွဲ၊ SDDF (Saw Dragon Drone Force) တပ်ဖွဲ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသောကြောင့် ကော်သူး လေ အုပ်ချုပ်ရေးနယ်မြေအတွင်းမှ ပြည်သူများအနေဖြင့် ခရီးသွား လာခြင်းများကို အထူးဂရုပြု၍ သွားလာကြပါရန်နှင့် ကရင့်တော်လှန်ရေး တပ်များ မှ နယ်မြေ လုံခြုံရေးအတွက် အထူးကြပ်မတ် ဆောင်ရွက် လျက်ရှိ ပါကြောင်း Lion Battalion Commando Special Force စစ်ကြောင်းက ထုတ်ပြန်ထားသည်။
