တရားဝင်မှု အလျင်းမရှိသည့် တန်းမဝင် ဘောင်မဝင် မြန်မာအကြမ်းဖက် စစ်ကောင်စီ
By လမ်းသစ်
Conference Room Paper အားမိတ်ဆက်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အခမ်းအနားတခုအတွင်း စစ်ကောင်စီ၏ တရားမဝင်မှုကို ရှင်းလင်းထောက်ပြ ဆွေးနွေးခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အန်ဒရူး (Tom Andrews) ၏ဆွေးနွေးတင်ပြချက်များကို ဒုတိယအပိုင်းအနေနှင့် ဆက်လက်တင်ဆက်လိုက်ပါသည်။
ဆက်လက်ပြီး တရားဝင်မှု၊ အထူးသဖြင့် ဒီမိုကရေစီနည်းကျ တရားဝင်မှုဆိုင်ရာ စံနှုန်းတွေနဲ့ ပတ်သက်ပြီး ဆက်လက်ဆွေးနွေးသွားပါမယ်။
ဒီနေရာမှာ သေချာတာ တခုကတော့ စစ်ကောင်စီဟာ ဒီမိုကရေစီနည်းကျ တရားဝင်မှုရှိတယ်လို့ ဘယ်တော့မှ ပြောနိုင်မှာ မဟုတ်ဘူး။
နောက်တစ်နည်းပြောရရင်.. ရွေးကောက်ပွဲတွေကတဆင့် ပြည်သူလူထုရဲ့ ထောက်ခံရွေးချယ်မှုနဲ့ ကိုယ်စားပြုနိုင်စွမ်း စစ်ကောင်စီမှာ လုံးဝမရှိပါဘူး။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အစိုးရခေါင်းဆောင်အဖြစ် ပြည်သူလူထုက ဘယ်တုန်းကမှ မသတ်မှတ်ခဲ့သလို၊ မြန်မာပြည်သူတွေက မြန်မာစစ်တပ်ကို လုပ်ပိုင်ခွင့် အာဏာ ဘယ်တုန်းကမှ မပေးအပ်ခဲ့ဖူးပါဘူး။
တနည်းပြောရရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေက မဲဆန္ဒရလဒ်တွေကို ကြည့်ရင် စစ်ကောင်စီ ဒါမှမဟုတ် စစ်ကောင်စီရဲ့ ကိုယ်ခွဲပါတီတွေကို တိုင်းပြည်အုပ်ချုပ်ဖို့ ပြည်သူတွေက ဘယ်တုန်းကမှ အဆိုမပြုခဲ့ပါဘူး။
ဒါကို မြန်မာစစ်တပ်ရဲ့ ကိုယ်ခွဲ နိုင်ငံရေးပါတီ တနည်းအားဖြင့် စစ်တပ် ကျောထောက်နောက်ခံပြု ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီအနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာ ၄၇၆ နေရာမှာ ၃၃ နေရာသာ ရရှိခဲ့တာကို ကြည့်ရင် တွေ့မြင်နိုင်မှာပါ။။
ပြီးခဲ့တဲ့ ၁၂ နှစ်ကျော် ကာလတွေတုန်းကမှ မြန်မာနိုင်ငံမှာ အတိုက်အခံပါတီတွေကို ပြည်သူလူထုရဲ့ တရားဝင် ကိုယ်စားပြုသူတွေအဖြစ် စတင် အသိအမှတ်ပြုခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး နိုင်ငံတစ်ဝှမ်းက အခြေအနေတွေကို စတင်လေ့လာသုံးသပ်ခဲ့ကြပြီး အတိုက်အခံအုပ်စုတွေကို တရားဝင် ကိုယ်စားလှယ်တွေအဖြစ် စတင် အသိအမှတ်ပြုပေးခဲ့ကြတာပါ။
အချုပ်ပြောရရင် (တရားဝင်မှု ရရှိဖို့) အချက် ၄ ချက် နဲ့ ကိုက်ညီဖို့ လိုပါတယ်။ ဒါတွေကတော့
၁။ လက်ရှိအစိုးရ (တာဝန်ထမ်းဆောင်ဆဲအစိုးရ) မှာ တရားဝင်မှု မရှိတော့ဘူး။ (ဒါကတော့ အားလုံးနားလည်ထားတဲ့ အချက်ပါပဲ)
၂။ အတိုက်အခံအဖွဲ့တွေကလည်း ပြည်သူတွေကို ကိုယ်စားပြုနိုင်သူတွေ ဖြစ်ရမယ်။
၃။ ပြည်သူအများကို လွှမ်းခြုံ ကိုယ်စားပြုနိုင်ခွင့် ရှိရမယ်။
၄။ သူ့မှာ ရေရှည် တည်တံ့နိုင်ခြေ ခိုင်ခိုင်လုံလုံ ရှိရမယ်။
စစ်ကောင်စီမှာ ဒီအချက် ၄ ချက်လုံး မရှိပါဘူး။ တာဝန်ထမ်းဆောင်ဆဲ NLD ဦးဆောင်တဲ့ အစိုးရကို ဖြုတ်ချလိုက်ပေမဲ့ ပြည်သူတွေရဲ့ အမြင်မှာ သူတို့ကို(NLD) တရားဝင်အစိုးရအနေနဲ့ မှတ်ယူထားဆဲပါ။
တကယ်တမ်းမှာလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းမှုကို NLD အစိုးရက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် အများကြီး ပိုရခဲ့တာပါ။
အခြေခံအားဖြင့် စစ်ကောင်စီဟာ ပြည်သူအများစုကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားမပြုနိုင်ခဲ့သလို အားလုံးပါဝင် ကိုယ်စားပြုနိုင်တဲ့ အဖွဲ့အစည်းတခုလည်း မဟုတ်ပါဘူး။ ဒါကြောင့် သူတို့မှာ မြန်မာပြည်သူလူထုကို ကိုယ်စားပြုနိုင်စွမ်း လုံးဝ လုံးဝ မရှိပါဘူး။
စစ်ကောင်စီရဲ့ အဓိက ရည်မှန်းချက်က နိုင်ငံအတွင်းမှာ စစ်တပ်ကသာ အာဏာအရှိဆုံး အဖွဲ့အစည်းတစ်ခုအဖြစ် ထာဝစဥ် ရပ်တည်ရေးအတွက် အများအမြင်မှာ ဗုဒ္ဓဘာသာကို ထိန်းသိမ်းစောင့်ရှောက်တဲ့အသွင်အနေနဲ့ ဗမာလူမျိုးကြီးဝါဒ ခိုင်မာအမြစ်တွယ် သွတ်သွင်းရေး တို့ပဲ ဖြစ်ပါတယ်။
သူတို့ကို (စစ်ကောင်စီ) နောက်ထပ်စံနှုန်းတစ်ခုဖြစ်တဲ့ တိုင်းပြည်ကို ထိထိရောက်ရောကိ ထိန်းချုပ်နိုင်စွမ်း (effective control) ရှိသလား ဆိုတာနဲ့ ချိန်ထိုး ဆန်းစစ်ကြည့်ရအောင်…
ဒီစံနှုန်းအရ
၁။ အစိုးရတစ်ရပ်ဟာ နိုင်ငံအတွင်းမှာရှိတဲ့ နယ်မြေအားလုံးနီးပါးကို ထိရောက်တဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့အခါ
၂။ အဲဒီနယ်မြေတွေရဲ့ ဒေသခံအများစုက ဒီအစိုးရရဲ့ ဦးဆောင်မှုကို ပုံမှန်လိုက်နာဆောင်ရွက်တဲ့အခါ
၃။ သူ့မှာ ရေရှည် တည်တံ့နိုင်တဲ့ အလားအလာ အခိုင်အမာ ရှိတဲ့အခါ…..
အဲ့ဒီအစိုးရကို တရားဝင် အသိအမှတ်ပြုသင့်ပါတယ်။ ဒီအချက် ၃ ချက်နဲ့ တိုင်းတာ စစ်ဆေးလို့ ရပါတယ်။
နယ်မြေစိုးမိုးနိုင်မှု…. စစ်ကောင်စီဟာ မြန်မာနိုင်ငံအတွင်းက နယ်မြေအများစုကို စိုးမိုးထိန်းချုပ်နိုင်စွမ်း မရှိပါဘူး။ တနည်းပြောရရင် လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို စီမံအုပ်ချုပ်နိုင်တဲ့ တစ်ဦးတည်းသော အဖွဲ့အစည်းလည်း မဟုတ်ပါဘူး။
တကယ်တော့ မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ NUG ရဲ့ ထိန်းချုပ်မှုအောက်မှာ အများစု ရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF တွေနဲ့ လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေဖြစ်ကြတဲ့ ERO တွေဟာ မြန်မာစစ်တပ်ကို အားကြိုးမာန်တက် တော်လှန်နေကြသလို တချိန်တည်းမှာပဲ သူတို့ရဲ့ ခြေကုပ်နယ်မြေတွေကို အဆက်မပြတ် တိုးချဲ့နေကြတာပါ။
ဒီကနေ့မှာ စစ်ကောင်စီဟာ အရင် ရန်ကုန် နဲ့ နေပြည်တော် အခြေစိုက်အစိုးရ တွေထက် နယ်မြေစိုးမိုးနိုင်မှု သိသိသာသာ ကျဆင်းလာပါတယ်။
လက်ရှိမြန်မာ့နယ်မြေ အများစုကို ထိန်းချုပ်ထားတဲ့ အဖွဲ့တွေကို အုပ်စုခွဲကြည့်မယ်ဆိုရင်
၁။ SAC ကို ဆန့်ကျင်တော်လှန်နေတဲ့ ERO အဖွဲ့တွေနဲ့ ဒီမိုကရေစီအရေး ဦးဆောင်လှုပ်ရှားနေကြတဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေ ထိန်းချူပ်ရာဒေသ
၂။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အုပ်ချုပ်ရာဒေသ
၃။ SAC နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူထားတဲ့ ERO အဖွဲ့တွေနဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေ စိုးမိုးရာဒေသ
၄။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PDF တွေ ခြေကုပ်ယူထားတဲ့နေရာ
၅။ တိုက်ပွဲပြင်းထန်တဲ့ ဒေသတွေ…..စသဖြင့် အုပ်စုတွေ ထွက်ပေါ်လာပါတယ်။
ERO အခြေစိုက်နေရာဌာနတွေနဲ့ ပတ်သက်တဲ့ ပဋိပက္ခလေ့လာချက်တွေအရ အာဏာသိမ်းပြီးကတည်းက ERO အများအပြားဟာ သူတို့ရဲ့ စစ်ဆင်ရေးနယ်ပယ်တွေကို ချဲ့ထွင်နိုင်ခဲ့တယ်လို့ အခိုင်အမာ ဖော်ပြကြပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မကြာသေးမီက ပေါက်ကြားလာတဲ့ မှတ်တမ်းတစ်ခုဖြစ်တဲ့ စစ်ကောင်စီရဲ့ အရာရှိကြီးများသာ တက်ရောက်နိုင်တဲ့ (တံခါးပိတ်) လုံခြုံရေး အစည်းအဝေးမှတ်တမ်းမှာ သူတို့ကိုယ်တိုင် ဝန်ခံထားပြီးသား ဖြစ်ပါတယ်။
တံခါးပိတ်အစည်းအဝေး ဆိုတာကတော့ စစ်ကောင်စီ အရာရှိတွေချည်း သီးသီးသန့်သန့် ပြုလုပ်တဲ့ နိုင်ငံတော်အဆင့် အခမ်းအနားမျိုး ဖြစ်ပါတယ်။
အဲဒီ့မှာ သူတို့ရဲ့ နယ်မြေအုပ်စိုးမှု ယိုယွင်းပျက်ပြားလာရုံတင်မကဘဲ တော်လှန်ရေး အင်အားစုတွေရဲ့ အောင်မြင်မှုတွေကြောင့်ပါ စိုးရိမ်သောကရောက်နေကြပြီး ပိုမိုထိတ်လန့်လာတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် သူတို့တွေက (စစ်ကောင်စီ) PDF တွေရဲ့ လုပ်နိုင်စွမ်းအားတွေ နဲ့ စစ်ဆင်ရေးမှာ ထိန်းချုပ်နိုင်စွမ်း အားကောင်းလာတာနဲ့အမျှ ၂၀၂၃ မှာလည်း PDF တွေရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ အရှိန်မလျှော့ဘဲ ဒီနှုန်းအတိုင်း ဆက်လက်သွားနေအုန်းမယ်လို့ ခန့်မှန်းကြတယ်လို့လည်း သိရပါတယ်။
တဖက်မှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သပိတ်မှောက်ခြင်း၊ ဆန္ဒပြခြင်း၊ လက်နက်စွဲကိုင် တော်လှန်ခြင်း စတဲ့ ပြည်သူတစ်ရပ်လုံးရဲ့ အာဏာဖီဆန်မှုကို ခံနေရတဲ့ စစ်ကောင်စီဟာ အစိုးရတစ်ရပ်မှာ ရှိရမယ့် ပြည်သူလူထုရဲ့ နာခံမှု ဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့လည်း လုံးဝ မကိုက်ညီပါဘူး။
အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီကို ဆန့်ကျင်တွန်းလှန်ကြတဲ့ တိုက်ပွဲပေါင်း တစ်သောင်းနီးပါး ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ ဆန္ဒပြမှုတွေနဲ့ လက်နက်ကိုင်တော်လှန်မှုတွေ အရှိန်ကောင်းနေဆဲ ဖြစ်ပါတယ်။
စစ်ပွဲတွေနဲ့ ဆန္ဒပြပွဲတွေကလည်း စစ်ကောင်စီရဲ့ ကြောက်မက်ဖွယ် ဖိနှိပ်မှုအောက်မှာ တိုက်ရိုက်အချိုးကျစွာ အားအကောင်းဆုံး အနေအထားနဲ့ ဆက်တိုက် ပြောင်းလဲဖြစ်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ ၆ လတာ ကာလအတွင်းမှာတောင် စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ၁,၄၀၀ ထက်မနည်း ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလိုလှုပ်ရှားမှုတွေကို အန္တရာယ်တွေကြားကပဲ မရမက လုပ်ဆောင်နေတာပါ။
ဒီအချက်အလက်တွေကို ကြည့်မယ်ဆိုရင် စစ်ကောင်စီ ရဲ့ ရေရှည်တည်မြဲနိုင်ခြေဟာ အတော်လေး မသေချာတဲ့ အနေအထားမှာ ရှိနေပြီး သူ့ရဲ့ တိုင်းပြည်ကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်စွမ်းကိုလည်း သူ့ဘာသာ သံသယဝင်စ ပြုလာတယ်လို့ သုံးသပ်ချင်ပါတယ်။
ဆက်လက်ပြီး စိတ်ဝင်စားဖွယ် အဖြစ်သနစ်တချို့ကို အချက်အလက်နဲ့တကွ တင်ပြပါရစေ…
မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းနေအရွယ် ကလေး တစ်ဝက်တိတိဟာ သမားရိုးကျ ပညာသင်ကြားခွင့်ကို ငြင်းပယ်ခဲ့တာ နှစ်နှစ်ပြည့်ပါပြီ။ .
ပြည်သူ ၁ ဒဿမ ၂ သန်းဟာ အာဏာသိမ်းမှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အခုအချိန်မှာဆိုရင် မြန်မာမှာ စစ်ဘေးရှောင် လူဦးရေဟာ ၁ ဒဿမ ၅ သန်း အထိ ရှိနေပါပြီ။ မြန်မာ့လူဦးရေရဲ့ တစ်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှု အခြေပြမျဥ်းရဲ့ အောက်ကို ရောက်နေပါတယ် (ဆင်းရဲမွဲတေနေကြပါတယ်)။
၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီလိုအပ်သူ ဦးရေ ၁၇ ဒဿမ ၆ သန်း အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ပြည်သူ ၁၇ ဒဿမ ၆ သန်း ပါ။
ဒီပမာဏဟာ သိပ်ကို များပြားပါတယ်။ အာဏာသိမ်းမှု မတိုင်ခင်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်သူ ၁ သန်းသာရှိခဲ့ပြီး အခုအချိန်မှာတော့ အဆမတန် ခုန်တက်သွားပါတယ်။
တစ်သန်းသာ ရှိခဲ့ရာက အာဏာသိမ်းမှုကြောင့် ပြည်သူ ၁၇ ဒဿမ ၆ သန်း အရေးပေါ် အကူအညီ လိုအပ်သွားတာပါ။
အချုပ်ဆိုရရင် စစ်ကောင်စီဟာ ကျွန်တော်တို့ မြင်ချင်တဲ့ အစိုးရတစ်ရပ်အနေနဲ့ ရှိသင့်ရှိထိုက်တဲ့ ဘယ်လို စံချိန်စံညွှန်းမျိုးမှ မရှိတဲ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို အထင်အရှား မျက်ကွယ်ပြုထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့ကို အာဏာသိမ်းပြီးကတည်းက ပေးအပ်ထားတဲ့ ကတိကဝတ်တွေအတိုင်း လိုက်နာမယ်လို့ မျှော်လင့်ကောင်း မျှော်လင့်နေသူတွေ ရှိနိုင်ပါတယ်။
ဆိုလိုတာက အကောင်းဆုံး ဥပမာတစ်ခုအနေနဲ့ အာဏာသိမ်းမှု စတင်ချိန်က အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ ခေါင်းဆောင်အသီးသီးက အတူတကွ စုဝေးပြီး ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ နည်းလမ်းတစ်ချို့ ဖော်ထုတ်ခဲ့တာ ရှိပါတယ်။
ဒါကို အာဆီယံ ဘုံသဘောတူညီမှု မူ ၅ ရပ် လို့ အားလုံးသိကြပြီး ဖြစ်မှာပါ။
ဒီထဲက အရေးအကြီးဆုံးလည်းဖြစ်တဲ့ ပထမဆုံး အချက်ကတော့ မင်းအောင်လှိုင်အနေနဲ့ အကြမ်းဖက်မှု အားလုံးကို ရပ်တန့်လိုက်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီ့အာဆီယံအစည်းအဝေးမှာ မင်းအောင်လှိုင်ကိုယ်တိုင်က ဒီအချက်အားလုံးကို လိုက်နာမယ်လို့ သဘောတူ လက်ခံခဲ့ပါတယ်။
ဒါပေမဲ့ ဒီအစည်းအဝေးကနေ မြန်မာပြည်ကို ပြန်ရောက်လာတဲ့အခါ မင်းအောင်လှိုင်က ဒီမူ ၅ ရပ်ဟာ ကတိကဝတ်တွေ မဟုတ်ဘဲ အကြံပြုချက် သတ်သတ်သာ ဖြစ်တယ်လို့ (မျက်နှာပြောင်တိုက်) ပြန်လည် ပြောကြားခဲ့ပါတယ်။
ပြီးတော့လည်း သူ့အနေနဲ့ တိုင်းပြည် တည်ငြိမ်မှု ရရှိပြီးမှသာ ဒီအချက်အလက်တွေအတိုင်း လိုက်နာနိုင်မယ်လို့လည်း ခပ်တည်တည် ကြေညာခဲ့ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ယခုဆောင်းပါး၏ ပထမအပိုင်းကို ဖတ်ရှုလိုပါက အောက်ဖော်ပြပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။