34 C
Yangon

မြဝတီမြို့နယ်တွင် ၆ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂၈ ဦး သေဆုံးကာ ၃ ဦးအရှင်ဖမ်းမိပြီး တော်လှန်ရေး ရဲဘော် ၃ ဦးကျဆုံး

Must read

မြဝတီမြို့နယ်တွင် ၆ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂၈ ဦး သေဆုံးကာ ၃ ဦးအရှင်ဖမ်းမိပြီး တော်လှန်ရေး ရဲဘော် ၃ ဦးကျဆုံး

ရန်ကုန် ၊ ဧပြီ ၁၀

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ၆ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂၈ ဦး သေဆုံးကြောင်း Cobra Column စစ်ကြောင်း ထံမှသိရသည်။

ဧပြီလ ၄ ရက်နေ့တွင် မြဝတီ မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF စခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားကာ တိုက်ပွဲအတွင်း စစ်သား ၈ ဦး သေဆုံးပြီး ခလရ ၁၀၂ မှ ဗိုလ်ကြီး ၁ ဦးနှင့် အခြားအဆင့် ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် BGF ၁ ဦးနှင့် သတင်းပေး ၂ ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း ကျားသစ်နက် စစ်ကြောင်းမှ တော်လှန်ရေး ရဲဘော် ၃ ဦးပျောက်ဆုံးခဲ့ပြီး ၁ ဦးမှာ ပြန်လည် တွေ့ရှိခဲ့ကာ ၂ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၅ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများ၌ နယ်မြေ ရှင်းလင်းရေး ပြုလုပ်စဥ် နင်းမိုင်း ၂ လုံး၊ ၆၀ မမ ၁ လုံး ၊ ကပစ ကျည် ၂၀၀ တောင့်ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့ပြင် မဲကနယ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၆ ရက်နေ့တွင် လက်နက်ကြီးများနှင့် အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့ပြီး ပြည်သူပိုင် နေအိမ်များ ထိမှန် ပျက်စီး ခဲ့ကာ တော်လှန်ရေး တပ်ဖွဲ့များက အပြန်အလှန် ပစ်ခတ် ခဲ့ကြောင်း သိရသည်။

ဧပြီလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်နှင့် BGF များဘက်မှ မဲကနယ် ကျေးရွာကို အင်အား အလုံးအရင်းဖြင့် နေရာ ၃ နေရာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့​ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်နှင့် BGF ဘက်မှ ၆ ဦးသေဆုံးကာ ခလရ ၂၀၇ မှ ဒုတပ်ရင်းမှူး ၁ ဦးနှင့် အခြား အဆင့် ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၄ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဒရုန်း ၁ စီး ပျက်ကျခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၈ ရက်နေ့တွင်လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ လက်နက်ကြီးပစ်ကူ အကြိမ်ရေ ၁၀၀ အထက် ပစ်ခတ်ခဲ့ကာ အင်အား အလုံးအရင်းဖြင့် မဲကနယ်ကို စစ်ကြောင်း ထိုးလာသော​ကြောင့် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးကာ ခလရ ၂၀၇ ဗိုလ်ကြီး၊ ခလရ ၁၀၂ ဗိုလ်မှူးနှင့် အခြားအဆင့် ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ထို့ပြင် BGF ကျော်စိုး စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရဲဘော် ၁ ဦး ဒဏ်ရာရရှိခဲ့ကာ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၉ ရက်နေ့တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး အကြိမ်ရေ ၈၀ ခန့် ပစ်ကူပြီး စစ်ကြောင်းထိုး လာသောကြောင့် နယ်မြေစိုးမိုးမှု ယူထားသည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ တပ်စု တပ်ဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ လ ၈ တပ်ရင်းမှူးနှင့် အခြားအဆင့် ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

BGF ကျော်စိုးစခန်းကုန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့များဘက်မှ ဒရုန်း ၁ စီး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ယင်းစခန်းမှ AK ၁ လက်၊ ကျည်ပေါက် ၄ ပေါက်၊ လက်ပစ်ဗုံး ၃ လုံး၊ ၄၀ မမ ၂၀ လုံး၊ ၇.၆၂ အတောင့် ၂၀၀ ၊ ကာဘိုင်ကျည် အတောင့် ၂၄၀ ၊ ၅.၅၆ MA ကျည်အတောင့် ၄၀၀ ၊ AK ကျည် အတောင့် ၂၀၀ ၊ ဖုန်း Huawei ၁ လုံး သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ကော်ဘရာ စစ်ကြောင်း၊ တပ်မဟာ(၆) KNU/KNLA၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ ရောင်နီ၊ Federal Wings ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၄ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အတွင်း တိုက်ပွဲများ၌ အကြမ်းဖက် စစ်တပ်နှင့် BGF များက လက်နက်ကြီး အများအပြား အသုံးပြုပစ်ခတ်ခဲ့ပြီး ပြည်သူ့များ၏ နေအိမ်များ၊ ပိုင်ဆိုင်မှုများ ထိခိုက်ဆုံးရှုံးခဲ့ကာ နွား၊ ဝက် တိရစ္ဆာန်များ သေကျေပျက်စီးခဲ့ကြောင်း Cobra Column စစ်ကြောင်းက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article