ကန့်ဘလူ ၊ပဇီးကြီးရွာတွင် စစ်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူ ရုပ်အလောင်း ၈၀ ကို သဂြိုလ် ပြီးစီးပြီဖြစ်သော်လည်း ကျန်ရှိ အလောင်းများကို စစ်ရဟတ်ယာဉ် ဝဲနေ၍ ကောက်ယူ သဂြိုလ်နိုင်ခြင်းမရှိသေး
ရန်ကုန်၊ ဧပြီ ၁၂
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ၊ ပဇီးကြီးရွာတွင် စစ်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူ ပြည်သူများ၏ ရုပ်အလောင်း ၈၀ ကို သဂြိုလ်ပြီးစီးပြီဖြစ်သော်လည်း ကျန်ရှိ အလောင်းများကို စစ်ရဟတ်ယာဉ် ဝဲနေ၍ ကောက်ယူ သဂြိုလ်နိုင်ခြင်းမရှိသေးကြောင်း မြေပြင်ကယ်ဆယ်ရေးလုပ် နေသူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းက ကျန်ရှိနေသေးသော ရုပ်အလောင်းများကို ကောက်ယူပြီး ကောင်း မွန်စွာသင်္ဂြိုလ်ပေးနိုင်ရန် သွားရောက်ခဲ့ရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တပ်မှ ရဟတ် ယာဉ်တစ်စီးဖြင့် လာရောက်ပျံဝဲခဲ့သည့်အတွက် ကောက်ယူနိုင်ခြင်းမရှိပဲ ရှောင်တိမ်းနေခဲ့ရကြောင်း၊ ယမန်နေ့ ဧပြီလ ၁၁ ရက်ညနေပိုင်း ၅ နာရီ ၄၅ မိနစ်ခန့်က အဆိုပါနမခတပ်အတွင်းမှ ရဟတ်ယာဉ် က သေဆုံးရုပ်အလောင်းများကောက်ယူနေသည့်အဖွဲ့ကို ၃ ကြိမ်လှည်ပတ်ပျံဝဲကာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ဒီမနက် ကျန်တဲ့သေဆုံးရုပ်အလောင်းတွေကောက်ဖို့ ကျနော်တို့သွားတယ်၊ ရောက်သွားတဲ့ အချိန်မှာ မုံရွာ နမခတပ်ထဲကနေ ရဟတ်ယာဉ်တစ်စီးကလာဝဲလို့ ပြန်ဆုတ်လာခဲ့ရတာ၊ ပစ်တော့ မပစ် သွားဘူး၊ မနေ့က ညနေကတော့ ပစ်သွားတယ်၊ သေဆုံးရုပ်အလောင်းတွေကတော့ အဆောက် အအုံထဲမှာရော၊ အပြင်လမ်းမတွေပေါ်မှာရော ပျံ့ကျဲနေတုန်းပဲ၊ အဲနားမှာတွေ ခွေး သုံးလေးကောင်၊ ဆိတ်တစ်အုပ်နဲ့ နွား သုံးလေးကောင်ပဲတွေ့တယ်” ဟု မြေပြင် ကယ်ဆယ်ရေးလုပ်ဆောင်သူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
သေဆုံးရုပ်အလောင်းများကို သင်္ဂြိုလ်ပေးနိုင်သည်မှာ အလောင်းအားလုံး ၈၀ ကျော်ရှိပြီဖြစ်ကြောင်း၊ ရွာသားများမှာ တောထဲ၊တောင်ထဲထွက်ပြေးတိမ်းရှောင်နေရပြီး မည်သူမည်ဝါသေဆုံး၊ ပျောက်ဆုံး နေသည်ကို မသိရသေးကြောင်း၊ တောထဲတွင်ပုန်းရှောင်နေသော ရွာသား ၃ ဦးရိက္ခာပြန်လာ ယူသည် ကိုယနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့သဖြင့် မေးမြန်းခွင့်ရခဲ့ကြောင်း မြေပြင်ကယ်ဆယ်ရေးလုပ် ဆောင်နေ သူက ဆက်လက်ပြောကြား သည်။