မန္တလေး၊ မတ္တရာမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် စစ်သား ၁၄ ဦးသေဆုံး
ရန်ကုန်၊ ဧပြီ ၁၂
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် စစ်သား ၁၄ ဦးသေဆုံးကြောင်း နတ်ဆိုး မြေအောက် တော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မတ္တရာမြို့နယ်၊ ကျောက်ဆည်လေး ကျေးရွာဘက်မှ ဒဏ်ရာရ၊ သေဆုံး စစ်သား အလောင်းများကို သယ်ဆောင်ပြီး ကင်းကျေးရွာကို ပြန်လာသည့် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ပြီး ဒရုန်း ၄ စီးဖြင့် တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၅ ဦး သေဆုံးခဲ့ကာ ၁၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဧပြီလ ၇ ရက်နေ့ကလည်း မတ္တရာမြို့နယ် ကျောက်ဆည်လေးရွာရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
” ၁၁ ရက်နေ့ တိုက်ခိုက်မှုမှာ စစ်ခွေး ၅ ဦး ပွဲချင်းပြီးသေတယ်။ ၁၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်။ ဗိုလ်တစ်ဦးကတော့ ခြေထောက် ပြတ်သွားတယ်လို့ သိရတယ်။ ဧပြီလ ၇ ရက်နေ့ ကျောက်ဆည်လေးကျေးရွာက စစ်ခွေးတွေကို တိုက်ခိုက်တာ ၉ ကောင်သေတယ်” ဟု နတ်ဆိုး မြေအောက် တော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို နတ်ဆိုး (မြေအောက် တော်လှန်ရေး တပ်ဖွဲ့)၊ တိုက်သိမ်း (မြေအောက်တော်လှန်ရေး တပ်ဖွဲ့)၊ Mahar Revolution Force (MRF)၊ နဂါး ညီနောင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (မတ္တရာ) ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့မှပူပေါင်းတိုက်ခိုက် ခဲ့ကြောင်း သိရသည်။