ခရမ်းမြို့နယ်ရှိ စစ်တပ်၏ သစ်တော စစ်ဆေးရေးဂိတ်ကို ၈၁ မမ ရှော့တိုက်ဒုံးဖြင့် ဒုတိယ အကြိမ် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဧပြီ ၁၂
ရန်ကုန်တိုင်း ခရမ်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ သစ်တော စစ်ဆေးရေးဂိတ်ကို ၈၁ မမ ရှော့တိုက်ဒုံးဖြင့် ဒုတိယ အကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Khayan) ထံမှ သိရှိရသည်။
ယနေ့ ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၄ မိနစ်ခန့်တွင် ခရမ်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ သစ်တော စစ်ဆေးရေးဂိတ်ကို ၈၁ မမ ရှော့တိုက်ဒုံးဖြင့် ဒုတိယ အကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
“သစ်တောဂိတ်ကို ၈၁ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဂိတ်တည့်တည့်ကို ကျသွားတယ်။ ထိခိုက်မှု အခြေအနေ မသိရှိရသေးပါဘူး။ ခရမ်း-PDF ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့ပါတယ်” ဟု ခရမ်း-PDFက ပြောကြားသည်။
အကြမ်းဖက် စစ်တပ်က ခရမ်းမြို့ သစ်တောဂိတ်ကို ယနေ့ နေ့လယ် ၂ နာရီခွဲခန့်အချိန်တွင် ယာယီပိတ်ဆို့ထားကြောင်း၊ ခရမ်းမြို့မရဲစခန်းရှေ့တွင် နှစ်ရှည်လများ ပိတ်ဆို့ထားသည့်အတားအဆီးများကို ဖယ်ရှား၍ အဆိုပါအတားအဆီးများကို ဗိုလ်တဲလမ်းအတွင်းတွင် ပြန်လည်ပိတ်ဆို့လိုက်ကြောင်း သိရသည်။
အဆိုပါ သစ်တောဂိတ်ကို ဧပြီလ ၃ ရက်နေ့ကလည်း ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် ပထမအကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။