26 C
Yangon

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကန့်ဘလူ ပြည်သူ ၁၆၈ ဦး သေဆုံးမှု စစ်ရာဇဝတ်မှု ကျူးလွန်မှုဖြစ်ပြီး မြန်မာစစ်တပ်က နိုင်ငံတကာ ဥပဒေများ ချိုးဖောက်

Must read

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကန့်ဘလူ ပြည်သူ ၁၆၈ ဦး သေဆုံးမှု စစ်ရာဇဝတ်မှု ကျူးလွန်မှုဖြစ်ပြီး မြန်မာစစ်တပ်က နိုင်ငံတကာ ဥပဒေများ ချိုးဖောက်

ရန်ကုန်၊ ဧပြီ ၁၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၆၈ ဦးသေဆုံးမှုသည် စစ်ရာဇဝတ်မှုမြောက်ပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေများ ချိုးဖောက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward နှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ ပူးတွဲ ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် အမေရိကန်စံတော်ချိန် ဧပြီလ ၁၃ ရက်နေ့ တွင် သံအမတ်ကြီး ၂ ဦးတို့ သတင်းစာပွဲ ပြုလုပ်စဉ် အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဧပြီလ ၁၁ ရက်နေ့ မြန်မာစစ်တပ်၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များသည် ပြည်သူများအပေါ် သေကြေပျက်စီးမှု ဆိုးဆိုးရွားရွားဖြစ်ပေါ်စေသည့် တိုက် ခိုက်မှု တစ်ရပ်ကို ကျူးလွန်ခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပဇီကြီးကျေးရွာ၌ ဒေသခံအသိုက်အဝန်း များမှ စုဝေးစဉ် စစ်တပ်၏ တိုက် လေယာဉ်များက ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး၊ အသက်ရှင်ကျန်ရစ်သူများနှင့် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားနေသူများအား စစ်ရဟတ်ယာဉ်များက ထပ်မံ၍ ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း၊ ယခုအချိန်အထိ သေဆုံးသူ (၁၆၈) ဦး ရှိပြီဖြစ်ကြောင်း ဗြိတိန်သံအမတ်ကြီးက ပြောသည်။

စစ်တပ်အနေဖြင့် အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ငြင်းဆန်ခြင်းမရှိဘဲ ယခုလူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ၎င်းတို့ ကျူးလွန်သည်ဟု ဝန်ခံခဲ့ ကြောင်း၊ ဗြိတိန်နိုင်ငံအနေဖြင့် ကလေးငယ်များနှင့် လက်နက်မဲ့ အရပ်သား ပြည်သူ များအပေါ် ထိုကဲ့သို့သော သရဲဘောကြောင်စွာ တိုက်ခိုက်ခြင်းအား ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချကြောင်း၊ ယင်းလုပ်ရပ်မှာ အပြည်ပြည် ဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး ယင်းပြစ်မှုအတွက် မည်သို့မျှ ခုခံချေပ နိုင်သည့် အကြောင်းအရင်းခံမရှိကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် ဖော်ပြပါ တိုက်ခိုက်မှုကို ရှုတ်ချကန့်ကွက်ရန်နှင့် လုံခြုံရေးကောင်စီမှ ချမှတ်ထားသည့် ဆုံးဖြတ်ချက်အဆို (၂၆၆၉) ကို စစ်တပ်က အပြည့်အဝ အကောင် အထည် ဖော်ရန် တောင်းဆိုရမည်ဟု ယုံကြည်ကြောင်း၊ သို့ရာတွင် လုံခြုံရေးကောင်စီ အနေဖြင့် ထိုသို့လုပ်ဆောင်နိုင်ခြင်း မရှိသေးသည့်အပေါ် စိုးရိမ်ကြောင်း၊ ဗြိတိန် နိုင်ငံ အနေဖြင့်မူ စစ်တပ်မှ မြန်မာပြည်သူများအပေါ် ဖိနှိပ်ခဲ့သည့် လုပ်ရပ် အားလုံးအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် ရရာနည်းလမ်းဖြင့် ဆက် လက် လုပ်ဆောင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် သံအမတ် ကြီးက ပြောဆိုသည်။

ဗြိတိန်အနေဖြင့် စစ်တပ် ခေါင်းဆောင်များနှင့် ၎င်းတို့မှ လက်နက်နှင့် စစ်ရေး ပစ္စည်းများ ရရှိခြင်းနေကို ပိတ်ဆို့ရန် ပစ်မှတ်ထား၍ စစ်တပ်မှ လူပုဂ္ဂိုလ် (၂၀) ဦး နှင့် အဖွဲ့အစည်း (၂၉) ခုတို့ကို အရေးယူပိတ်ဆို့မှုများ ချမှတ်ထားပြီးဖြစ် ကြောင်း၊ မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်၍ ၎င်းတို့၏ ဒီမိုကရေစီ တောင်းဆိုမှုများကို ထောက်ပံ့ပေးနိုင်ရန် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗြိတိန်သံအမတ်ကြီးက ပြောဆိုသည်။

သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောဆိုရာတွင် ​ ဧပြီလ (၁၁) ရက်နေ့သည် မြန်မာနိုင်ငံအတွက် နောက်ထပ်အမှောင်မိုက်ဆုံးနေ့တစ်နေ့ ဖြစ်ကြောင်း၊ ယင်းနေ့တွင် လူမဆန်သော စစ်တပ်သည် ပဇီကြီးကျေးရွာအတွင်းရှိ ပြည်သူ များ စုဝေးနေသည့် နေရာအပေါ် လေကြောင်းမှတဆင့် ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် MI-35 စစ်ရဟတ်ယာဉ်ဖြင့် ဝေဟင်မှ စက်သေနတ်ဖြင့် ပစ်ခတ်မှုတို့ကို မဆင် မခြင် အလွန်အကျွံပြုလုပ်ခဲ့ကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ညနေပိုင်း အချိန်တွင်လည်း ဖြစ်စဉ်ဖြစ်ပွားရာနေရာတွင် လိုအပ်သည့် ရှာဖွေမှုများနှင့် အရေးပေါ်ကူညီရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်နေစဉ် စစ်တပ်က လေ ကြောင်း တိုက်ခိုက်မှုကို ထပ်မံပြုလုပ်ခဲ့ကြောင်း လက်ရှိလက်ခံရရှိထားသည့် သတင်းအချက်အလက်များအရ စစ်တပ်၏ အလွန်ရက်စက် ကြမ်းကြုတ်သော လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသူရွာသား ၁၆၈ ဦး အသက်သေဆုံး ခဲ့ရကြောင်း၊ (၃၅) ဦးမှာ ကလေးငယ်များဖြစ်ပြီး (၆) လသား ရင်သွေးငယ်ပင် ပါဝင်ကြောင်း၊ အမျိုးသမီး (၂၇) ဦးတို့ ပါဝင်ကြောင်း၊ သေဆုံးသူများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့မှာ ဆိုးရွားစွာ မီးလောင်ပျက်စီးနေသဖြင့် အမြင် ဖြင့် မည်သူမည်ဝါဖြစ်သည်ကို ခွဲခြားရန်ပင် မဖြစ်နိုင်ကြောင်း၊ ရှင်းလင်း ပြောဆိုသည်။

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စု အပေါ် ကျူးလွန်သည့် ပြစ်မှုမြောက်သည်မှာ သိသာထင်ရှားကြောင်း၊ ယခု တစ်ကြိမ်ဖြစ်စဉ်သည် စစ်တပ်မှ ပထမဦးဆုံးအကြိမ် ပြစ်မှုကျူးလွန်ခြင်း မဟုတ်တော့ကြောင်း၊ ယင်းမှာ လူမဆန်သော အကြမ်းဖက်စစ်တပ်မှ ကျူးလွန် ထားပြီးဖြစ်သည့် မြောက်များစွာသော နိုင်ငံတကာပြစ်မှုများအနက် တစ်ခု အပါအဝင်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအတွင်း၌ စစ်တပ်မှ ကျူးလွန်ထားသည့် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း (၅၆) ခုရှိကြောင်း၊ တရားမဝင်စစ်အာဏာသိမ်းရန် ကြိုးပမ်းသည့် အချိန်မှစတင်၍ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၆) ကြိမ် ဖြစ်ပွားခဲ့ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုက်အဝန်းတို့က စစ်တပ် ကို အကြမ်းဖက်မှုများရပ်တန့်ရန် ကြိမ်ဖန်များစွာ တောင်းဆိုလျက် ရှိစေကာမူ စစ်တပ်သည် မြန်မာပြည်သူများ အပေါ် အကြမ်းဖက် စစ်မက် ပြုလုပ်ခြင်းကို ဆက်လက်အရှိန်အဟုန် မြှင့်တင်လျက်ရှိသည်ကို ၎င်းတို့ အစဉ် တစိုက်ကျူးလွန်လျက်ရှိသော တိုက်ခိုက်မှုများမှတဆင့် အတိအလင်း ပြသ နေကြောင်း၊ စစ်တပ်၏ ဤလုပ်ရပ်များသည် မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက် မှု အပြီးတိုင်ချုပ်ငြိမ်းရန် တောင်းဆိုထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆို ၂၆၆၉ (၂၀၂၂ ခုနှစ်) ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် နေခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဗြိတိန်နိုင်ငံ သံအမတ်ကြီး Ms. Barbara Woodward နှင့် ၎င်း၏ရုံးအဖွဲ့တို့မှ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ထုတ်ပြန်ချက်အား ထုတ်ပြန်နိုင်ရေးအတွက် အားထုတ် ကြိုးပမ်းပေးသည့် အပေါ် ကျေးဇူးတင်ရှိကြောင်း ဦးကျော်မိုးထွန်းက ဆက်လက်ပြောကြားသည်။

မြန်မာပြည်သူများကိုယ်စား နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် ကုလ သမဂ္ဂ လုံခြုံရေးကောင်စီအား မြန်မာပြည်သူများ၏ အသက်အိုးအိမ်များကို ကယ်တင်ပေးရန်၊ စစ်အာဏာရှင်၏ ပြစ်ဒဏ်ခတ်ခြင်း ကင်းလွတ်နေမှုကို အပြီးတိုင်ချုပ်ငြိမ်းရန်နှင့် ဒေသတွင်းမတည်ငြိမ်မှု ပိုမိုဆိုးရွားလာခြင်းမှ ကြို တင်ကာကွယ်နိုင်မည့် ထိရောက်သော အရေးယူဆောင်ရွက်ချက်များကို ချက်ချင်း ဆောင်ရွက်ပေးရန် ထပ်လောင်းတောင်းဆိုလိုကြောင်း သံအမတ်‌ကြီး ဦးကျော်မိုးထွန်းက ရှင်းပြသည်။

ကန့်ဘလူ ပဇီကြီးကျေးရွာတွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည် သူ ရာကျော်သေဆုံးခဲ့မှုအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ယနေ့ တံခါးပိတ်အစည်းအဝေး တစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article