အကြမ်းဖက်မြန်မာစစ်ကောင်စီ ၂၀၂၂ ခုနှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံထံမှ စစ်လက်နက်တွေ တိတ်တဆိတ် ဝယ်ယူခဲ့
ဧပြီ ၁၄၊ ၂၀၂၃
အကြမ်းဖက်မြန်မာစစ်ကောင်စီဟာ ၂၀၂၂ ခုနှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံဆီကနေ စစ်လက်နက်တွေ တိတ်တဆိတ် ဝယ်ယူခဲ့တယ်လို့ NK News က ကြည့်ရှုခဲ့တဲ့ ကုလသမဂ္ဂ ကျွမ်းကျင်ပညာရှင်များအဖွဲ့ရဲ့ အစီရင်ခံစာကို အခြေခံပြီး Justice for Myanmar (JFM) အဖွဲ့က ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတဲ့ Korea Mining Development Trading Corporation ကနေ အမျိုးအစား အတည်ပြုနိုင်ခြင်းမရှိတဲ့ စစ်လက်နက်တွေကို စစ်ကောင်စီက ဝယ်ယူခဲ့တာဖြစ်ပြီး၊ အဲ့ဒီဝယ်ယူမှုတွေမှာ မြန်မာကုမ္ပဏီ Royal Shune Lei Compnay က ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့တာ ဖြစ်တယ်လို့ JFM ကဆိုတာပါ။
Justice For Myanmar အဖွဲ့အနေနဲ့ Royal Sune Lei ကုမ္ပဏီကို မြန်မာစစ်တပ်အတွက် ရုရှားနဲ့ ဆားဘီးယားနိုင်ငံတွေကနေ စစ်လက်နက်ဝယ်ယူမှုတွေမှာ ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးနေကြောင်း ထုတ်ဖော်ခဲ့ပြီး၊ ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ တောင်းဆိုခဲ့ပေမဲ့ အခုအချိန်အထိ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခြင်း မရှိသေးဘူး လို့လည်း ဆိုပါတယ်။
Royal Shune Lei ကုမ္ပဏီ အုပ်စုဟာ စင်ကာပူနိုင်ငံမှာ မြန်မာစစ်တပ်အတွက် စစ်လက်နက်ပွဲစားအဖြစ် ဆောင်ရွက်နိုင်ဖို့အတွက် စင်ကာပူမှတ်ပုံတင်ကုမ္ပဏီ Triple Phoenix Pte Ltd ကိုတည်ထောင်ကာ လုပ်ငန်းတွေတိုးချဲ့ခဲ့ပါတယ်။ ဒါကို Justice For Myanmar က ရှာဖွေဖော်ထုတ်နိုင်ခဲ့တာကြောင့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ (၂၀၂၂ ခုနှစ်အတွင်း) အဆိုပါ ကုမ္ပဏီကို ပိတ်သိမ်းခဲ့ပါတယ်။
ဒါပေမဲ့ Triple Phoenix ကုမ္ပဏီကို မြန်မာနိုင်ငံမှာ ဆက်လက် မှတ်ပုံတင်ထားဆဲ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်အတွင်း Royal Shune Lei ကုမ္ပဏီရဲ့ ဆက်နွှယ် စင်ကာပူကုမ္ပဏီ TRD ရဲ့ ဒရုန်းဖျက်လက်နက်ကို မြန်မာစစ်အုပ်စု ရဲတပ်ဖွဲ့က အသုံးပြုနေကြောင်း JFM ကပဲ ထုတ်ဖော်အပြီးမှာတော့ TRD က မြန်မာနိုင်ငံကို ၎င်းတို့ရဲ့ရောင်းချမှုတွေ ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။
Triple Phoenix နဲ့ TRD တို့ရဲ့ ပူးတွဲ ပိုင်ဆိုင်သူ Ong Soon Huat Sam ဟာ စင်ကာပူစစ်တပ်မှာ ကာလရှည်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ အမေရိကန် မရိန်းတပ်ဖွဲ့ဆိုင်ရာ စင်ကာပူဆက်ဆံရေး အရာရှိတစ်ဦးအဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
ဒီတွေ့ရှိချက်ဟာ နိုင်ငံတကာဥပဒေကို စစ်ကောင်စီက အကြိမ်ကြိမ် လိမ်လည်ချိုးဖောက်နေမှုတွေရဲ့ နောက်ထပ် သက်သေ အထောက်အထားဖြစ်ပြီး၊ ဒါတွေကို ရပ်တန့်ရပါမယ်လို့ ဆိုပါတယ်။ အထူးသဖြင့် စစ်ကောင်စီအတွက် ဘဏ္ဍာငွေနဲ့ စစ်လက်နက်ရလမ်းတွေကို ဖြတ်တောက်နိုင်ဖို့အတွက် ညီညွတ်အားကောင်းတဲ့ နိုင်ငံတကာအရေးယူ ဆောင်ရွက်မှုတခု လုပ်ဆောင်ဖို့ လိုအပ်နေတာပါ။။
မြန်မာစစ်အုပ်စုထံ စစ်လက်နက်ရောင်းချဖို့အတွက် စင်ကာပူနိုင်ငံရဲ့ အချုပ်အခြာနယ်မြေနဲ့ ငွေကြေးစနစ်တို့ကို အသုံးပြုခြင်း မရှိစေဖို့အတွက် အရေးယူဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ စင်ကာပူအစိုးရကို ဆက်လက်တိုက်တွန်းကြောင်း Justice for Myanmar ကဆိုပါတယ်။ Royal Shune Lei ကုမ္ပဏီရဲ့ ဒါရိုက်တာတွေ၊ ရှယ်ယာရှင်တွေနဲ့ ဆက်စပ်စီးပွားရေး လုပ်ငန်းတွေကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့အတွက် JFM က ထပ်မံတောင်းဆိုထားပါတယ်။
