အကြမ်းဖက် စစ်တပ်၏ ဝါဇီစက်ရုံနှင့် ကပစ စက်ရုံတို့ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဧပြီ ၁၇
မကွေးတိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ငွေစက္ကူ ရိုက်ထုတ်သည့် ဝါဇီစက်ရုံနှင့် ကပစ စက်ရုံ တို့ကို ဧပြီလ ၁၆ ရက်နေ့တွင် ရှော့တိုက်ဒုံး ၅ လုံးပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း Black Hawk Seinkphyu Revolution Front အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
“နံနက် ၆ နာရီဝန်းကျင်က အဖွဲ့ ၃ ဖွဲ့ခွဲလှုပ်ရှားခဲ့ပါတယ်။ ထိခိုက်မှုတော့ ရှိတယ်ဗျ။ အခြေအနေအတိအကျတော့ မသိရပေမယ့် ရှော့တိုက်ဒုံးပစ်တဲ့နေရာကိုတော့ ဝါဇီတပ်က စစ်ခွေးတွေ လာရောက်စစ်ဆေးတာတော့ရှိတယ်” ဟု Black Hawk Seinkphyu Revolution Front အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ထို့ပြင် ဆိပ်ဖြူ အနောက်ပိုင်း အုပ်ချုပ်ရေးမှူး အောင်မိုးဝင်း အိမ်ကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သင်္ကြန် လုံခြုံရေး ယူနေသည့် စစ်သားနှင့် ရဲများ ရောက်လာသည့်အတွက် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Black Hawk Seinkphyu Revolution Front အဖွဲ့နှင့်အတူ စလေမြို့အခြေစိုက် OAK AWE UG အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။