31 C
Yangon

နိုင်ငံရေး ထွက်ပေါက်ပိတ်နေသည့် မင်းအောင်လှိုင်က ဘန်ကီမွန်း နေပြည် တော် လာရောက်ရန် အထူးလျှို့ဝှက် အချိန်ယူ စီစဉ် ဖိတ်ကြား

Must read

နိုင်ငံရေး ထွက်ပေါက်ပိတ်နေသည့် မင်းအောင်လှိုင်က ဘန်ကီမွန်း နေပြည် တော် လာရောက်ရန် အထူးလျှို့ဝှက် အချိန်ယူ စီစဉ် ဖိတ်ကြား

■ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ဘန်ကီမွန်း တွေ့ခွင့်ရမလား

By ရန်ကုန်ခေတ်သစ်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း ဧပြီလ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၅ မိနစ်အချိန်တွင် နေပြည် တော် လေဆိပ်သို့ ရောက်ရှိလာပြီး ဘန်ကီမွန်း ရောက်ရှိလာသည့်သတင်းက စစ်တပ် အသိုင်းအဝိုင်းအတွင်းတွင်ပင် ဂယက် ရိုက် ခတ်သွားခဲ့သည်။

နိုင်ငံရေးထွက်ပေါက်ပိတ်နေသည့် မင်းအောင်လှိုင်သည် အာဏာသိမ်းပြီး ချိန်မှစတင်၍ ကုလသမဂ္ဂ၊ အာဆီယံ အစရှိသော အပြည်ပြည်ဆိုင်ရာ သံတမန်များကို ငြင်းပယ်ခဲ့သော်လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းကိုမူ မင်းအောင်လှိုင်၏ အထူးဖိတ်ကြားချက်ဖြင့် နေပြည်တော်သို့ ခေါ်ယူလိုက်ခြင်းဖြစ်သည်။

ထိုသို့ ဘန်ကီမွန်း ကို နေပြည်တော်သို့ လာရောက်ရန် မင်းအောင်လှိုင်က ဖိတ်ကြားရာတွင်လည်း အထူး လျှို့ဝှက်စွာဖြင့် အချိန်ယူ လုပ်ဆောင်ခဲ့ပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် ဘန်ကီမွန်း လာရောက်မည့်သတင်းကို ရက်အနည်းငယ်အလိုမှသာ သတင်းရရှိခဲ့ခြင်းဖြစ်သည်။

“ဘန်ကီမွန်းလာမယ်ဆိုတဲ့ သတင်းကြိုတင် မသိရှိခဲ့ပါဘူး။ ရောက်လာမှ ရောက် တဲ့ သတင်းကို ကြားရတာ။ ဒီတစ်ခုကတော့ တပ်ဘက် အသိုင်း အဝိုင်း မှာတောင် ကြိုတင် မသိခဲ့ပါဘူး” ဟု ရန်ကုန်ခေတ်သစ်၏ စစ်တပ် သတင်း ရင်းမြစ်က ပြောသည်။

အထူးစင်းလုံးငှား လေယာဉ်ဖြင့် ရေဒါပိတ် လာရောက်ခြင်း

===============================

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းနှင့် အဖွဲ့ဝင် ၅ ဦးသည် ဧပြီလ ၂၃ ရက်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ စင်းလုံးငှား လေယာဉ်ဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံထဲသို့ ဝင်ရောက်ချိန်တွင် လေယာဉ်ကို ရေဒါပိတ်ထားခဲ့သည်။

ဘန်ကီမွန်းနှင့်အဖွဲ့ဝင် ၅ ဦးကို သယ်ဆောင်လာသော အထူးစင်းလုံး ငှားလေယာဉ် HS-CPA (B350)၊ Beech 300 Super King Air 350 သည် ဘန်ကောက်မှ နေပြည်တော်လေဆိပ်သို့ လာစဉ် ခရီးစဉ် တစ်လျှောက်လုံး ရေဒါကို ပိတ်ထားခဲ့သည်။

ဧပြီလ ၂၃ ရက်နေ့ ညနေ ၆ နာရီကျော်အချိန်တွင် နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ဘန်ကီမွန်းသည် ဧပြီလ ၂၄ ရက်နေ့ ညနေ ပိုင်းတွင် မြန်မာနိုင်ငံမှ အထူးစင်းလုံး ငှားလေယာဉ်ဖြင့် ပင် ပြန်လည် ထွက် ခွာမည်ဖြစ်သည်။

ဘန်ကီမွန်းမလာခင် တရုတ်နှင့်ထိုင်းသံတမန်များ လာရောက်ခြင်း

====================================

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း မြန်မာနိုင်ငံသို့ မလာ ရောက်မီ တရုတ် ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေး ညွှန်ကြား ရေးမှူးချုပ် Peng Xiubin က ဧပြီလ ၁၈ ရက်နေ့ စစ်ခေါင်းဆောင်ဟောင်း သန်းရွှေ၊ သမ္မတဟောင်း သိန်းစိန်တို့နှင့်တွေ့ဆုံခဲ့ကြသည်။

ဧပြီလ ၂၁ ရက်နေ့တွင် ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Mr. Don Pramudwinai နေပြည်တော်သို့ နေ့ချင်းပြန် လာရောက်ပြီး အကြမ်း ဖက် မင်း အောင်လှိုင်နှင့်တွေ့ဆုံခဲ့ကြသည်။

ယင်းခရီးစဉ်များ ဖြစ်ပေါ်လာပြီးမှသာ ဘန်ကီမွန်းလာရောက်ခြင်းဖြစ်ပြီး ဘန် ကီ မွန်း အနေဖြင့်လည်း မြန်မာ့အရေးကို ကြားဝင်ပေးရန် ယခင်ကတည်းက ကမ်းလှမ်းခဲ့သူလည်းဖြစ်သည်။

ဘန်ကီမွန်းနှင့်ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရမည်လား

================================

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းသည် မြန်မာ့နိုင်ငံတွင် NCA ပွဲ၊ ပင်လုံညီလာခံတို့တွင် အသိသက်သေ အဖြစ် တက်ရောက်ဖူးရာ မြန်မာ့ အရေး နှင့်ပတ်သက်ပြီး အလွန်ရင်းနှီးကျွမ်းဝင်သူလည်းဖြစ်သည်။

လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးအကျပ်အတည်းတွင် ဒေါ်အောင်ဆန်းစု ကြည် အပါအဝင် နိုင်ငံ့ခေါင်းဆောင်များကို စစ်တပ်က မတရား ဖမ်းဆီး ထား ခြင်း၊ ပြည်သူထောင်ပေါင်းများစွာကို စစ်တပ်က သတ်ဖြတ်နေခြင်း အခြေ အနေ များကို သိရှိမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

ထိုသို့ သော အခြေအနေတွင် လူသတ် အကြမ်းဖက်စစ်တပ်ကို ထိတွေ့ ဆက် ဆံ ခြင်း၏ နောက်ကွယ်တွင် နိုင်ငံရေးအရ ဝင်ရောက်ဖြေရှင်းညှိနှိုင်းခွင့်မရလျှင် မြန်မာနိုင်ငံကို လာရောက်နိုင်မည်မဟုတ်ဟု စစ်တပ်အသိုင်းအဝိုင်းက ဆိုသည်။

” ကုလသမဂ္ဂအတွင်းရေးမှူးချုပ် လုပ်ခဲ့တဲ့သူအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေ အနေ ကို သူသိနေမှာပဲ။ ဒီအချိန်မှာတော့ နိုင်ငံရေးအရ ဖြေရှင်းညှိနှိုင်းခွင့် မရဘဲ တော့ သူ လာမယ်မထင်ပါဘူး။ အခုဒီတစ်ခေါက် ခရီးစဉ်မှာ ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ခွင့်ရနိုင်သလို၊ တွေ့ခွင့် မရရင်လည်း နောက်အခေါက် တွေမှာ တွေ့ခွင့်ရနိုင်မယ်ထင်တယ်။ စစ်တပ်ကို အသိအမှတ်ပြု ရုံတစ်ခုတည်း နဲ့တော့ မစ္စတာဘန်ကီမွန်းက ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံ လာတာမျိုး တော့ လုပ်မယ်မထင် ပါဘူး” ဟု နေပြည်တော်စစ်တပ်အသိုင်းအ၀ိုင်းက ဆိုသည်။

မမျှော်လင့်သော ဘန်ကီမွန်းခရီးစဉ်

====================

မည်သို့ပင်ဆိုစေကာမူ ဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်သည် မည်သူကမှ မမျှော်လင့်ဘဲ ရုတ်တရက် ဖြစ်ပေါ်လာသော ခရီးစဉ်ဖြစ်ရာ ယနေ့ ဘန်ကီမွန်း မည်သူနှင့်တွေ့ဆုံမည်၊ ခရီးစဉ်အပြီးတွင် မည်သည့် ကြေညာချက်ကို ထုတ်ပြန် မည်ကို မျက်ခြေမပြတ် စောင့်ကြည့်ရမည်ဖြစ်သည်။

ဘန်ကီမွန်းသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း တစ်ဦးဖြစ်ရာ သူ၏ သိက္ခာနှင့်ရပ်တည်ချက်ကို ကျဆင်းစေသည်အထိ မြန်မာအကြမ်းဖက် စစ်တပ် ကို ပလူးပလဲ လုပ်ပြမည့် နိုင်ငံတကာခေါင်းဆောင်တစ်ဦး မဟုတ်သည်က အသေအချာပင်ဖြစ်သည်။

သို့ရာတွင် မြန်မာနိုင်ငံ၏ စစ်အာဏာရှင် တော်လှန်ရေးသည် ခရီးအတော် ပေါက်နေပြီဖြစ်ပြီး စစ်တပ်၏ ယုတ်မာ ရက်စက်မှုများကလည်း ပြည်သူများ လုံး၀ လက်မခံနိုင်တော့သည့် အလွန် နာကျဉ်း မုန်းတီးသည့် အခြေအနေသို့ ရောက်ရှိနေပြီးဖြစ်ရာ ဘန်ကီမွန်း၏ စေ့စပ်ညှိနှိုင်းမှုများ အလုပ်မဖြစ်နိုင်ဟု သုံးသပ်မှုများလည်းရှိနေသည်။

လက်ရှိတွင် မင်းအောင်လှိုင်သည် နိုင်ငံရေးထွက်ပေါက်ပိတ်နေပြီး ၎င်း၏ ရက်စက်ယုတ်မာ သတ်ဖြတ်မှုများကြောင့် တစ်ချိန်တွင် အရေးယူခံရမည်ဖြစ် ရာ ဘန်ကီမွန်းသည် မင်းအောင်လှိုင်အတွက် ရေနစ်နေချိန် ကောက်ရိုးတစ်မျှင် လှမ်းဆွဲခြင်းဟု ဆိုနိုင်သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article