28 C
Yangon

မြိုင်တွင် ကျေးရွာများကို မီးရှို့နေသည့် စစ်ကြောင်းများကို အကြိမ်ကြိမ် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ ထားဝယ်တွင် စစ်တပ် ဂိတ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်

Must read

မြိုင်တွင် ကျေးရွာများကို မီးရှို့နေသည့် စစ်ကြောင်းများကို အကြိမ်ကြိမ် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ ထားဝယ်တွင် စစ်တပ် ဂိတ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၄

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ကျေးရွာများကို မီးရှို့နေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများကို အကြိမ်ကြိမ် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးခဲ့​ကြောင်း မြိုင်-ပကဖ အဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မင်းကန်ရွာမှ စစ်သားနှင့် ပျူစောထီး ၈၀ ခန့်သည် ပကဖ စခန်း ၁ ခုကို မီးရှို့ ဖျက်ဆီးပြီး ထွက်ခွာလာစဥ် ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၁၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ဧပြီလ ၂၄ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပဒိုင်းတောအရှေ့ရွာ မှ ထွက်လာသည့် စစ်သားနှင့် ပျူစောထီး များသည် ညောင်တွင်း အနောက်ရွာသို့ ဝင်ခါနီးတွင် သေနတ်များ၊ လက်နက်ကြီးများ တရစပ် ပစ်ခတ်ပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ စစ်သားနှင့် ပျူစောထီးများသည် ကျေးရွာအတွင်း ၁၅ မိနစ်ခန့်သာ နေထိုင်ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ခဲ့ကြောင့် နေအိမ် ၃၂ မီးလောင် ဆုံးရှုံးခဲ့ကြောင်း၊ ပြည်သူပိုင် နေအိမ်များကို မီးရှို့နေစဉ် မြိုင် ပကဖ တပ်ရင်း ၁ မှ မိုင်း ၅ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး Drone ဖြင့် ဗုံးသီး ၂၉ လုံးကို Pakokku Thurain အဖွဲ့ ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ Earthquake People Defence Force၊ Royal Defence Force၊ Young Force နှင့် မြိုင် ပကဖ တပ်ရင်း ၁ တို့မှ ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်သား၊ ပျူသောထီးများ ထိခိုက် ဒဏ်ရာရမှုရှိသော်လည်း အရေအတွက် အတည် မပြုနိုင် သေးကြောင်း သိရသည်။

ဧပြီလ ၂၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြိုင်မြို့မ ရဲစခန်းကို ဘာမဏီပျောက်ကြားတပ်ဖွဲ့၊ GOE အဖွဲ့၊ မြိုင်မြို့နယ်တွင်း ပကဖများနှင့် မြိုင် ပကဖ တပ်ရင်း ၁ ခွဲ ၃ တို့က ပူးပေါင်းပြီး လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် မြို့ အတွင်းသို့ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း၊ ထို့ပြင် Well-2 ရေနံမြေ စခန်း မှ အင်အား ၁၀၀ ခန့်ဖြင့် ဖရံကိုင်း ရေနံမြေ စခန်း သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို မြိုင် ပကဖ တပ်ရင်း ၁ ခွဲ ၄ စိတ် ၂ နှင့် ပေါက်ကျေးရွာ ကာကွယ်ရေး အဖွဲ့များ ပူးပေါင်းကာ မြိုင်မြို့နယ် နှင့် ပေါက်မြို့နယ် အစပ် ကံသစ်ကျေးရွာ နှင့် ၁ မိုင် ခန့် အကွာတွင် မိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိကာ ဒရုန်းဖြင့် ဗုံးသီး ၂၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ပေါက်မြို့နယ် ပင်တောင်ပျူကျေးရွာ မှ စစ်ကောင်စီ တပ်သားများသည် လုံခြုံရေးချကာ ယောချောင်း အတွင်း ငါးရှော့ ထိုးနေစဥ် တော်လှန်ရေး အင်အားစုများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၄ ဦး ပွဲချင်းပြီး သေဆုံးကာ ပျူစောထီး ၁ ဦး လက်တွင် ကျည်ထိမှန်ပြီး ဒဏ်ရာများဖြင့် ထွက်ပြေးသွားကြောင်း၊ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် အလောင်းများကို လုံခြုံရေးဖြင့် လာရောက် ကောက်ယူပြီးနောက် စစ်သားများက သပြေအေးကျေးရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးကြောင်း၊ ယင်းတိုက်ခိုက်မှုကို ပေါက် ဗိုလ်တစ္ဆေအဖွဲ့၊ ခရိုင်တပ်ရင်း ၁၈ ခွဲ ၃ နဂါးမျိုးအဖွဲ့၊ ပေါက်ကျေးရွာကာကွယ်ရေး အဖွဲ့များနှင့် မြိုင်ပကဖတပ်ရင်း ၁ ခွဲ ၅ စိတ် ၁၊ ၄ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၈ မိနစ်ခန့် တွင် ပေါက်မြို့နယ် ဇီးပြားရဲစခန်းမှ ထွက်ခွာလာသည့် အင်အား ၁၀၅ ဦးပါ စစ်ကြောင်းသည် မင်းကိုင်းကျေးရွာ၊ ထန်းတောကျေးရွာ၊ ချောင်းညာကျေးရွာ တို့ရှိ ပြည်သူများ၏ ငွေနှင့် ရွှေထည် ပစ္စည်းများကို ခိုးယူ လုယက်ပြီး ပြည်သူ ၅ ဦးကို သတ်ဖြတ်ပြီးနောက် လယ်အို/လယ်မ ကျေးရွာဘက်သို့ ထွက်ခွာလာစဥ် ကာကွယ်ရေး တပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်ခဲ့ပြီး ပေါက်မြို့နယ် ဗိုလ်စကားအဖွဲ့နှင့် ဦးစွာ ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုနောက် ပေါက်ကျေးရွာ ကာကွယ်ရေး အဖွဲ့များ၊ တောင်ညိုနဂါးအဖွဲ့၊ မြိုင် ပကဖ တပ်ရင်း ၁ ခွဲ ၄ စိတ် ၁ နှင့် မြိုင် ကျေးရွာ ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းကာ လက်နက်ကြီး၊ လက်နက်ငယ်၊ Drone များဖြင့် တရစပ် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ အထိနာသော​ကြောင့် နံနက် ၁၀ နာရီ ၅၆ မိနစ် တွင် Jet Fighter ဖြင့် ပထမတစ်ကြိမ် အခင်းဖြစ်ပွားရာနေရာ သို့ ၃ ခါ လှည့်ပတ်ပျံသန်းကြောင်း၊ မွန်းလွဲ ၁၂ နာရီခန့်တွင် Mi-35 ဖြင့် ဒုတိယ အကြိမ် ၃၆ မိနစ်ကြာ ဝေဟင် မှ မနားတမ်း ပစ်ခတ် တိုက်ခိုက်ခဲ့​ကြောင်း သိရသည်။

ယင်းနေ့ ညနေ ၃ နာရီ ၂၈ မိနစ် တွင် Jet Fighter ဖြင့်် တတိယအကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လယ်အိုကျေးရွာ အနီး ပတ်ဝန်းကျင်ကို အခြေပြုလျက် တည်ရှိနေသောကြောင့် ပြည်သူများ အနေဖြင့် အချိန်မရွေးထိတွေ့တိုက်ပွဲ ဖြစ်လာ နိုင်ပြီး ဘေးလွတ်ရာသို့ ရှောင်ရှားကြရန် တောင်းဆိုကြောင်း တော်လှန်ရေး အင်အားစုများက မေတ္တာ ရပ်ခံထားသည်။

ဧပြီလ ၂၄ ရက်နေ့ ညနေ ၃ နာရီ ၁၀ မိနစ်ခန့်တွင် ဇီးပြား ရဲစခန်းနှင့် သရော်ကိုင်း ပျူရွာကို ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များ၊ ပခုက္ကူ မြို့ပြပြောက်ကြားတပ်ဖွဲ့ နှင့် မြိုင် ပကဖ တပ်ရင်း ၁ ခွဲ ၃ စု ၂ တို့ ပူပေါင်းကာ လက်နက်ကြီး အလုံးရေ ၄၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မဲချောင်းကျေးရွာရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ထားဝယ် စုပေါင်း စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ မဲချောင်းကျေးရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ထားဝယ် စုပေါင်း စစ်ကြောင်း (Dawei Collective Column)နှင့် ထားဝယ်ခရိုင် ပြည်သူ့ ကာကွယ်ရေး တပ်မတော် (တပ်ရင်း-၁) တို့ ပူးပေါင်းကာ ၄၀ မမ ၊ ၆၀ မမ ၊ ၈၀ မမ ဗုံးသီးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲသည် ၁ နာရီခန့် ဖြစ်ပွားခဲ့ပြီး ပကာရီကျေးရွာရှိ အကြမ်းဖက် စစ်တပ်မှ လက်နက်ကြီးများဖြင့် ပြန်လည် ပြန်ခတ်ခဲ့သော​ကြောင့် ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

” တိုက်ခိုက်မှုမှာ စစ်ခွေးတွေ ဘက်က ထိခိုက်မှု ရှိတယ်။ အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး။ တော်လှန်ရေး ရဲဘော်တွေကတော့ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ထားဝယ် စုပေါင်း စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article