27 C
Yangon

အင်းတော်နှင့် ဒီးမော့ဆိုတို့တွင် စစ်ဘေးရှောင်ပြည်သူနှင့် အရပ်သား ၁၀ ဦးကို စစ်တပ်က ရက်ရက် စက်စက် သတ်ဖြတ်

Must read

အင်းတော်နှင့် ဒီးမော့ဆိုတို့တွင် စစ်ဘေးရှောင်ပြည်သူနှင့် အရပ်သား ၁၀ ဦးကို စစ်တပ်က ရက်ရက် စက်စက် သတ်ဖြတ်

ရန်ကုန်၊ ဧပြီ ၂၅

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ဖမ်းဆီး ခေါ်ဆောင်သွားသည့် မံဟဲရွာသား ၅ ဦး၏ ရုပ်အလောင်းများ ပြန်လည်တွေ့ရှိခဲ့​ကြောင်း Indaw Revolution – IR အဖွဲ့ထံမှ သိရသည်။

မတ်လ ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မံဟဲ‌ ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး မံဟဲရွာသား ၅ ဦးဖြစ်သည့် အသက် ၂၅ နှစ်အရွယ် ကိုညီညီ၊ အသက် ၂၅ နှစ်အရွယ် ကိုလောရှုပ်၊ အသက် ၃၈ နှစ်အရွယ် ကိုအောင်မင်းသိုက်နှင့် ကိုနေလင်းထွန်း၊ အသက် ၄၈ နှစ်အရွယ်ကိုဖိုးရှမ်းတို့ကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

အဆိုပါ ပြည်သူ ၅ ဦး၏ ရုပ်အလောင်းများကို ၁ လကျော်အကြာ မော်လူးမြို့တောင်ဘက် ၄ မိုင်ခန့်ရှိ တောထဲတွင် အပိုင်းပိုင်း ခုတ်ဖြတ်ကာ မီးရှို့ထားသည့် အနေအထားဖြင့် ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း Indaw Revolution – IR အဖွဲ့ထံမှ သိရသည်။

အလားတူ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ကျေးရွာအတွင်း အသုံးအဆောင် ပစ္စည်း ပြန်ယူသည့် ပြည်သူ ၅ ဦး ကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း Union Of Karenni State Youth – UKSY အဖွဲ့ထံမှသိရသည်။

ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင် ကျေးရွာမှ ပြည်သူ ၃ ဦးနှင့် ဇီးဖြူကုန်းကျေးရွာရှိ ပြည်သူ ၂ ဦးသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဒီးမော့ဆို မြို့နယ် စံပြ ၆ မိုင် ကျေးရွာရှိ ဒေါ်မာတိတယ်၏ ခင်ပွန်းဖြစ်သူ ဦးမာရိနိုသည် စစ်ဘေးရှောင်နေရာမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ရွာထဲဝင်ရှိ သမီးဖြစ်သူအတွက်‌ ကျောင်းသုံးစာအုပ်၊ အရေးကြီးစာရွက်စာတမ်းများ၊ စားနပ်ရိက္ခာအနည်းငယ်ကို အခြား ကျေးရွာသား ၂ ဦးနှင့် အတူ ပြန်ယူရာတွင် အကြမ်းဖစ်စစ်ကောင်စီမှ ၃ ဦး လုံးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

“ ရက်ရက်စက်စက် သတ်သွားတာ ၃ ယောက်စလုံးကိုတစ်နေရာတည်းမှာ သူများ အိမ်သာကျင်းထဲမှာ ပစ်ချထားခဲ့တာ။ သူတို့ပျောက်နေတာ တစ်လလောက်ရှိမှပဲ သေတယ်ဆိုတာသိရတယ် ။ လူငယ်တွေက ပြန်ရှာပေးကြတယ်။ တွေ့တဲ့ အချိန်က အရိုးတွေပဲကျန်တယ်။ ချက်ချင်းတော့ ဆယ်ထုတ်လို့မရသေးဘူး ။ စစ်တပ်ဘက်က သေနတ်ကြီးတွေ ဆက်တိုက်ပစ်လာလို့ နောက်တစ်လလောက်နေမှ ပြန်တူးဖော်ပြီး မြှုပ်ရတယ်။ တစ်ယောက်နဲ့ တစ်ယောက်က ခန့်မှန်းလို့ မရတော့ဘူး။ တခြားရွာမှာပဲ ဖြစ်သလို မြှုပ်နှံခဲ့ရတယ်။ ကိုယ်တိုင်လည်း မမြင်တွေ့လိုက်ရဘူး” ဟူ၍ ဦးမာရိနို၏ ဇနီးဖြစ်သူ ဒေါ်မာတိတယ်၏ ပြောကြားချက်ကို Union of Karenni State Youth – UKSY ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ဒေါ်မာတိတယ်တို့ မိသားစုသည် စစ်ဘေးရှောင်နေဆဲ ဖြစ်ပြီး သားသမီးများမှာလည်း အရွယ်မရောက်သေးသည့်အတွက် အခက်အခဲများ ရှိကာ အလှူရှင်များကိုသာ အားကိုးနေရကြောင်း၊ နိုင်ငံတကာအနေနှင့် အမှတ်တရားဘက်မှ ရပ်တည်ပေးရန် လိုအပ်ပြီး စစ်ကောင်စီဝင်များ အမြစ်ပြုတ်မှသာ ရမည်ဖြစ်ကြောင်း၊ ပြည်သူများအနေနှင့် စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် အရှုံးပေးခဲ့လျှင်လည်း ယခုထက်ပိုမို ရက်စက်မည်သာဖြစ်၍ ၎င်းတို့ မရှိတော့သည်သာ အကောင်းဆုံးဖြစ်ကြောင်း ဒေါ်မာတိတယ်က ပြောကြားသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဦးမာရိနိုတို့ ၃ ဦးအပြင် ဇီးဖြူကုန်းကျေးရွာရှိ မောင်ကလာတီးနိုနှင့် မောင်ဖရန်စ္စကိုတို့ကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

မောင်ကလာတီးနိုနှင့် မောင်ဖရန်စစ္စကိုတို့ ၂ ဦးသည် ညီအစ်ကိုများ ဖြစ်ကြပြီး အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာမှုနှင့် ကြုံတွေ့ခဲ့ရပြီး စစ်ကောင်စီဝင်များက ဖမ်းဆီးချုပ်နှောင်၍ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း Union of Karenni State Youth – UKSY မှ သတင်းထုတ်ပြန်သည်။

“ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဇီးဖြူကုန်းမှာ ညီလေးနှစ်ယောက်စလုံးက ရိက္ခာပြန်ယူတော့ စစ်သားတွေကလည်း ရွာထဲကိုဝင်လာတယ် ရွာကနေ ညီလေးတို့က ပြန်ထွက်မမီလို့ စစ်တပ်က စံပြ -၆ မိုင် ရွာဘက်ကို ခေါ်သွားပြီး သတ်လိုက်တယ်။ ပြီးတော့ ရေတွင်းထဲကိုပစ်ချထားခဲ့တယ် ။ ဘယ်အချိန်မှာ သတ် သွားတာလဲဆိုတာတော့ မသိရဘူးပေါ့။ အဲ့တုန်းက ကျွန်တော်တို့လည်း စုံစမ်းလို့မရတော့ဘူး။ ဧပြီလမှ အချိန်ကြာသွားတော့မှ ရုပ်အလောင်းကိုပြန်ရတယ်၊ ပြန်တွေ့ရတယ်” ဟု သေဆုံးသူတို့၏ အစ်ကိုဖြစ်သူ ဦးမားရ်ကို၏ ပြောကြားချက်ကို Union of Karenni State Youth – UKSY တွင် ဖော်ပြထားသည်။

လက်ရှိအချိန်အထိ သေဆုံးသွားသူ ညီအစ်ကို နှစ်ဦးအတွက် ဆုတောင်းပွဲ မလုပ်ဆောင်ရသေးကြောင်း၊ နေအိမ်သို့ ပြန်လိုသော်လည်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများ လေယာဉ်များ လာမည်ကို စိုးရိမ်နေရ၍ စစ်ဘေးရှောင်နေရကြောင်း ဦးမားရ်ကိုက ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article