ကြို့ပင်ကောက်မြို့တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ပျုစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဧပြီ ၂၆
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့ရှိ ဘော်ဘင်ဆည်အမှတ် ၁ ဆည်တော်ဦး ရွာတွင် နေထိုင်သည့် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ပျုစောထီး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီ ခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။
ဧပြီလ ၂၅ ရက်နေ့ ညနေ ၇ နာရီအချိန်ခန့်တွင် ကြို့ပင်ကောက်မြို့ရှိ ဘော်ဘင်ဆည်အမှတ် ၁ ဆည်တော်ဦး ရွာတွင် နေထိုင်သည့် အကြမ်းဖက် စစ်တပ် သတင်းဟု သတ်မှတ်ခံရသူ ပျုစောထီး မောင်မျိုးကို တပ်ရင်းအမှတ် ၃၈၀၁ နတ်စစ်သည် လက်အောက်ခံ တပ်ရင်း အမှတ် ၃၈၀၁ တပ်ခွဲ ၃ Black Dragon (GBK PDF) နှင့် Black Wolf ပြောက်ကျားတပ်ဖွဲ့တို့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
” အိမ်ကိုဝင်တော့ ကိုမောင်မျိုးရှိလား မေးတော့ ရှိတယ်ဆိုပြီး လှမ်းအပြောမှာ သူ့ကိုတွေ့တော့ မလှုပ်ရှားဖို့ ပြောပါတယ်။ သူက သူ့ လက်နက်ထားတဲ့ နေရာထင်တယ် အဲဒီကို ထအပြေးမှာ ပစ်ခတ်လိုက်တာ လဲကျပြီး အိမ်ကို ကွယ်ထားတော့ ထပ်ပြီး ၂ ချက် ပစ်ခတ်တာမှာ ထပ်ထိပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်။ သူ့ဆီက ဖုန်းတစ်လုံး သိမ်းဆည်းရမိပြီး ပျူတွေနဲ့ ချိတ်ဆက်သတင်းတချို့ ရရှိထားပါတယ်။ စစ်ကောင်စီဆီ သတင်းပို့ထားတဲ့ အထောက်အထားတချို့လည်း ရထားပါတယ်” ဟု Black Dragon (GBK PDF) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Black Dragon (GBK PDF) အဖွဲ့အနေနှင့် စစ်ကောင်စီလက်အောက်ခံ သတင်းပေးဒလန်များနှင့် ပျူစောထီးများကို နုတ်ထွက်ရန် ယခင်ကဲ့သို့ ကြေညာချက်များ ထုတ်ပြန်၍ ထပ်မံ သတိပေးမည် မဟုတ်ကြောင်း၊ စစ်ကောင်စီထောက်တိုင်များဖြစ်သည့် သတင်းပေးဒလန်၊ ပျူစောထီး၊ အုပ်ချုပ်ရေးမှူးများကို နယ်မြေရှင်းလင်းရေးအဖြစ် ရှင်းလင်းလုပ်ဆောင်တော့မည်ဖြစ်ကြောင်း Black Dragon (GBK PDF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်လက် ပြောကြားသည်။