ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရက္ခိုင့်တပ်တော်က ဆက်လက်ရပ်တည်မည်ဟု ကြေညာ
ရန်ကုန်| ဧပြီ ၂၆
အိမ်နီးနားချင်းကောင်း မိတ်ဖက်အဖွဲ့အစည်းအဖြစ် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)/ CDF-Mindat အတွက် အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ ဖေးမကူညီမှုများနှင့်အတူ ရက္ခိုင့်တပ်တော်မှ အကောင်းဆုံးရပ်တည်ပေးမည်ဟု သိရသည်။
ဧပြီလ ၂၄ ရက်နေ့တွင် ကျရောက်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၏ တည်ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနားသို့ ရက္ခိုင့်တပ်တော်၏ အာလဖာ (၃) စစ်ဒေသမှ ပေးပို့သော သဝဏ်လွှာတွင် ယင်းကဲ့သို့ ပြောထားသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) စတင်ဖွဲ့စည်းပြီးချိန်မှစ၍ ယနေ့အချိန်အထိ အိမ်နီးနားချင်း တော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းတစ်ခုအဖြစ် အကောင်းဆုံးရပ်တည်ပေးလျှက်ရှိကြောင်း သဝဏ်လွှာတွင် ပါရှိသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) သည် နွေဦးတော်လှန်ရေးနှင့်အတူ ရှေ့ဆင့်နောက်ဆင့် ပေါ်ပေါက်လာသော ချင်းဒေသနှင့် ချင်းလူမျိုးတို့ကို ကိုယ်စားပြု ခုခံကာကွယ်နေသော တပ်ဖွဲ့တစ်ခုဖြစ်သည်။
ယင်းအပြင် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး၊ စစ်မှန်သော ဖက်ဒရယ်ရရှိရေး၊ ပြည်သူလူထုကို ကာကွယ်ပေးနေပြီး စုစည်းမှုအားကောင်းကောင်းနှင့်အတူ ဖွဲ့စည်းပုံခိုင်မာကျစ်လစ်သော ချင်းအမျိုးသား ကာကွယ်ရေးတပ်တစ်ခုကို တော်လှန်ရေးလောကဓံအောက်တွင် အကောင်းဆုံးကြိုးစားနေသည်ကို တွေ့ရကြောင်း ရက္ခိုင့်တပ်တော်က ဆိုသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ၏ စုဖွဲ့မှုနှင့် ခေါင်းဆောင်ပိုင်း၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း တန်ဖိုးထား အသိအမှတ်ပြုကြောင်းနှင့် ချင်းပြည်သူလူထုအတွက် အားကိုးအားထားပြုနိုင်သော၊ အကာအကွယ်ပေးနိုင်သော တပ်ဖွဲ့တစ်ခုအဖြစ် ဆက်လက်ကြိုးစားဆောင်ရွက်ကြရန် ခွန်အားပေးလိုကြောင်း ရက္ခိုင့်တပ်တော်က ပြောသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG မှလည်း တန်းဖိုးထား အသိအမှတ်ပြုကြောင်းနှင့် အသက်စွန့်ခဲ့ကြသော ရဲဘော်များကိုလည်း အလေးပြုကြောင်း ထုတ်ပြန်ထားသည်။
၂ နှစ်တာကာလအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အသက်ပေးခဲ့ရသူ ၅၅ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့သလို မင်းတပ်နယ်မြေအတွင်းရှိပြည်သူများမှာလည်း အသက်အိုးအိမ်စည်းစိမ်းများ ဆုံးရှုံးခဲ့ရပြီး ပြည်သူ ၁၀၀ ကျော်လည်း စစ်ကောင်စီထံ ဖမ်းဆီးထိန်းသိမ်းခြင်း ခံနေရကြောင်း CDF-Mindat စစ်ဦးစီးချုပ်က ဆိုသည်။