28 C
Yangon

ဟောင်ကောင်တွင် အလုပ်ရမည်ဟု မက်လုံးပေးကာ Great Synergy Manpower ကုမ္ပဏီက လူပေါင်း ၂၀၀၀ ကျော်ထံမှ ငွေပေါင်း သိန်းသောင်းချီ လိမ်လည်ပြီး နိုင်ငံကူးလက်မှတ်များပါ သိမ်းဆည်း

Must read

ဟောင်ကောင်တွင် အလုပ်ရမည်ဟု မက်လုံးပေးကာ Great Synergy Manpower ကုမ္ပဏီက လူပေါင်း ၂၀၀၀ ကျော်ထံမှ ငွေပေါင်း သိန်းသောင်းချီ လိမ်လည်ပြီး နိုင်ငံကူးလက်မှတ်များပါ သိမ်းဆည်း

ရန်ကုန်၊ ဧပြီ ၂၆

ပြည်တွင်းတွင် Great Synergy Manpower ကုမ္ပဏီက ဟောင်ကောင်တွင် ဘိုးဘွားပြုစုစောင့်ရှောက်ရေးနှင့် အလုပ်လုပ်ရမည်ဆိုကာ လူတစ်ဦးလျှင် ၁၈ သိန်းကျပ် အနည်းဆုံးတောင်းခံပြီး လူပေါင်း ၂၀၀၀ ကျော်ထံမှ ကျပ်ငွေ သိန်းသောင်းချီ လိမ်လည်ခဲ့ကြောင်း ကိုယ်တိုင်လိမ်လည်ခံထားရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဟောင်ကောင်ရှိ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးစင်တာများတွင် အလုပ်လုပ်ကိုင်ရမည်ဟူ၍ ၂၀၂၂ ခုနှစ်နိုဝင်ဘာလအတွင်းမှ စတင်၍ အလုပ်ခေါ် လူစုဆောင်းရေး လုပ်ဆောင်ခဲ့သော်လည်း လက်ရှိအချိန်အထိ တစ်ဦးမှ ပို့ဆောင်ပေးခြင်းမရှိသကဲ့သို့ နိုင်ငံကူးလက်မှတ်များကိုပါ သိမ်းဆည်းထားကြောင်း သိရှိရသည်။

“အလုပ်အပ် သင်တန်းတက်ရမယ်ဆိုတာနဲ့ စာအုပ်ပါ ယူထားတာ။ ၂၀၂၂ နိုဝင်ဘာလကတည်းက ခုထိတစ်ယောက်မှ မပို့ပေးသေးဘဲနဲ့ အခုထိ လူထပ်ခေါ်နေတုန်းပဲ။ ကိုယ်မလုပ်ချင်တော့လို့ ပြန်တောင်းတာ လူအစားထည့်ပေးရမယ်လို့ ပြောနေတာ ။ လစာမက်လုံးပေးပြီး အမြန်ပို့ပေးမယ်ဆိုပြီး လိမ်နေကြတာ” ဟု ကိုယ်တိုင် လိမ်လည်ခံရသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရာတွင် PJ Passport အလုပ်အကိုင် နိုင်ငံကူးလက်မှတ် ဖြင့်သာ စေလွှတ်ရန် စစ်ကောင်စီက သတ်မှတ်ထားသော်လည်း ဟောင်ကောင်အတွက် အလုပ်သမားပို့ဆောင်သည့်ကုမ္ပဏီက PV Passport အလည်အပတ် နိုင်ငံကူးလက်မှတ်စာအုပ်နှင့်မှသာ ရမည်ဟု ပြောင်းပြန်ပြောဆိုကြောင်း၊ ငွေကြေးပေးသွင်းထားရသူများက မသင်္ကာ၍ အလုပ်သမားဝန်ကြီးဌာနသို့ အဆိုပါ အလုပ်နှင့် ပတ်သက်၍ စုံစမ်းသည့်အခါတွင်လည်း ဟောင်ကောင်က ခေါ်ယူခြင်းမရှိ သိရှိရကြောင်း လိမ်လည်ခံရသူများက ဆိုကြသည်။

ဟောင်ကောင်သို့ သွားလိုသူများကို Great Synergy Manpowerက Yangon Vocational College of Technology တွင် သင်တန်းတက်ရောက်ခိုင်းကြောင်း၊ ယင်းကျောင်းတက်ရောက်ခဲ့သူ လူပေါင်း ၆၂၅ ဦးမှာလည်း လက်ရှိအချိန်အထိ ဟောင်ကောင်သို့ သွားရောက်နိုင်ခြင်း မရှိသေးဘဲ နောက်ထပ်လည်း လူများ ထပ်မံခေါ်ယူ လိမ်လည်နေကြောင်း သိရှိရသည်။

“ အလိမ်ခံရသူတွေက အများကြီးပဲ။ ပွဲစားတွေက ဟောင်ကောင်သွားရမယ်ဆိုပြီး အဲဒီကုမ္ပဏီဆီကို အပ်တယ်။ ဝန်ဆောင်ခအဖြစ် ၂၁ သိန်းကနေ သိန်း ၅၀ အထိ အမျိုးမျိုးတောင်းနေကြတာ။ လူပေါင်းထောင်ကျော်နေပြီ။ သင်တန်းပေးပြီးတော့ ခေါ်ပြီးလိမ်နေတာ။ ပွဲစားအချုပ်က မောင်လွင်ကို သူက လူစုတာ။ စစ်တပ်နဲ့ အပတ်အသက်ရှိလို့ လုပ်ရဲတယ် ထင်တာပဲ”ဟု ၂၀၂၂ နိုဝင်ဘာလကတည်းက အလုပ်အပ်ထားပြီး လက်ရှိအချိန်အထိ သွားရောက်လုပ်ကိုင်နိုင်ခြင်း မရှိသူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဟောင်ကောင်တွင် အလုပ်လုပ်ရမည်ဟုဆိုကာ သွားရောက်လိုသူများကို တရုတ်စာနှင့် သူနာပြုသင်တန်းများ ပေးကြောင်း၊ သင်တန်းကာလ ၄၅ ရက်တွင် တရုတ်စကားနှင့် သူနာပြုနည်းကို အဖြစ်သာ သင်ကြားပေးကြောင်းသင်တန်းပြီးသည်နှင့် ဟောင်ကောင်ထွက်ရမည်ဟု မက်လုံးပေးခဲ့ကြောင်း ၊ သို့ရာတွင် လက်ရှိအချိန် ငွေသာဆုံး၍ မည်သူမှ ဟောင်ကောင် မသွားရကြောင်း သိရှိရသည်။

“ဟောင်ကောင်လည်း မသွားရဘူး။ ကျနော်တို့ နိုင်ငံကူးလက်မှတ်တွေလည်း သူတို့တွေက သိမ်းထားတာ ။ အတော်ကိုဆိုးတဲ့သူတွေ။ ငွေလည်းဆုံး။ နိုင်ငံကူးလက်မှတ်လည်း ဆုံးဖြစ်နေတယ်” ဟု အလိမ်ခံရသူက ဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် ငွေကြေးလိမ်လည်သည်ဟု ပြည်သူများက ပြောဆိုနေသည့် Great Synergy Manpowerကို ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး လက်ရှိအချိန်အထိ အဆက်အသွယ် မရရှိသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article