ကန့်ဘလူတွင် စစ်တပ်က ပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာ ၁၂ ရွာကို မီးရှို့ဖျက်ဆီး၊ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်း ရှောင်နေရ
ရန်ကုန်၊ ဧပြီ ၂၈
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာ ၁၂ ရွာကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဧပြီ ၁၉ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်၏ ခမရ ၂၆၁ နှင့် တပ်မ ၈၈ လက် အောက်ခံတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သော ပဇီကြီး ကျေးရွာကို ဝင်ရောက် စီးနင်းပြီးနောက် ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်း ၂ ကြောင်းဖြင့် ဝင်ရောက် စီးနင်းနေခြင်းဖြစ်ကြောင်း သိရသည်။
ဧပြီလ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ မလည် တိုက်နယ်အတွင်းရှိ စကျင်ကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ကာ ကျေးရွာနေ ပြည်သူ ၁၀ ဦးကို လူသားဒိုင်း အဖြစ်ဖမ်းဆီးခဲ့ကြောင်း၊ လက်ရှိချိန်အထိ ဖမ်းဆီးထားသော ပြည်သူ ၁၀ ဦးကို စစ်ကြောင်းထိုးရာ နေရာများသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
“အခု စစ်ကြောင်းက တရော်ကိုင်းရွာကို ရောက်ပြီး မီးရှို့နေတယ်လို့ ကြားရတယ်၊ အတည်တော့ ပြုမရ သေးဘူး၊ ဖမ်းသွားတဲ့ရွာသား ၁၀ ဦးလည်း ပြန်မလွတ်သေးဘူး၊ တခြားရွာသားတွေလည်း ထွက်ပြေး နေကြရတုန်းပါ” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
စစ်တပ်က ပဇီကြီးကျေးရွာ၊ ချောင်းသာကျေးရွာ၊ မြေမွန်ကျေးရွာ၊ လေးတွင်း စဉ်ကျေးရွာ၊ ထန်းတောကျေးရွာ၊ မယ်ဇတောကျေးရွာ၊ ချောင်းရှည် ကျေးရွာ၊ မေတ္တာမွန်ကျေးရွာ၊ တရော်ကိုင်းကျေးရွာ၊ ရေရှင်ကျေးရွာ၊ ဘူးကုန်း ကျေးရွာ၊ ရွှေပြည်လင်းကျေးရွာ စသည့် ကျေးရွာများမှ ပြည်သူပိုင် နေအိမ်များ ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး လက်ရှိအချိန်အထိ လှည့်လည် စစ်ကြောင်းထိုးနေကြောင်း၊ စစ်ကြောင်းထိုးခံနေရသည့် ကျေးရွာများမှ ပြည်သူ ၁၀၀၀၀ ကျော်သည် လက်ရှိချိန်တွင် နေရပ် စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။