မြန်မာနိုင်ငံမသွားရောက်ခင် တရုတ်နိုင်ငံခြားရေးဝန်ကြီး က ကုလအတွင်း ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံ
■ မြန်မာ့အကျပ်အတည်းကို အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲမှ တစ် ဆင့် အသွင်ကူးပြောင်းရေး စတင်သင့်ဟု တရုတ်ပြောဆို
ရန်ကုန်၊ မေ ၁
မြန်မာနိုင်ငံမသွားရောက်ခင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang က ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer နှင့်တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးကြောင်း တရုတ်အစိုးရ သတင်းများအရ သိရှိရသည်။
ယနေ့ မေလ ၁ ရက်နေ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang နှင့် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzerတို့ တွေ့ဆုံကြရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာသင့်ကြောင်း၊ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲမှတစ်ဆင့် နိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ် ငန်း စဉ် ပြန်လည် စတင်သင့်ကြောင်း ပြောဆိုသည်။
တရုတ်နိုင်ငံသည် အခြားနိုင်ငံများထက် ပိုမိုရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံသည် တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိရန် မျှော်လင့်ကြောင်း ၊ မြန်မာနိုင်ငံတွင် ကွဲပြားမှုများကို ပေါင်းစပ်နိုင်ရန် အားလုံးပါဝင်သော ဆွေးနွေးပွဲမှတစ်ဆင့် နိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ကို ပြန်လည်စတင်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
အာဆီယံ၏ ကြားဝင်ဖျန်ဖြေရေး ကြိုးပမ်းမှုများကို နိုင်ငံတကာ လူ့အဖွဲ့အစည်းအနေဖြင့် လေးစားလိုက်နာသင့်ပြီး အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးတို့ကို တရုတ်က ထောက်ခံကြောင်း ပြောဆိုသည်။
“နှစ်ဖက်တင်းမာမှုတွေ များပြားလာပြီး အကျပ်အတည်းပိုဖြစ်လာတာကို တား ဆီးဖို့ သတိနဲ့ လက်တွေ့ကျကျ လုပ်ဆောင်ဖို့ လိုပါတယ်” ဟု Qin က ပြောဆိုပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ် Heyzer ၏ ကြားဝင်စေ့စပ်ရေးကို တရုတ်နိုင်ငံက ပံ့ပိုးကူညီရန် ဆန္ဒရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
မြန်မာ့ပြဿနာဖြေရှင်းရေးကို နိုင်ငံသားများက ဦးဆောင်သင့်ပြီး ပြည်သူများ၏ ဆန္ဒကို လေးစားသင့်ကြောင်း၊ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုသည် အတိတ်ကို မပြောင်းလဲနိုင်သော်လည်း အနာဂတ်တွင် ပေါင်းစည်းမှုကို ဖန်တီးနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးရရှိရန် ကုလသမဂ္ဂက တက်ကြွသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပြီး အာဆီယံကိုလည်း ထောက်ခံကြောင်း Heyzer က ပြောဆိုသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် လာမည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
