နိုင်ငံတကာက မြန်မာ့အရေး အဖြေရှာရန် ဆွေးနွေးပွဲများ ကျင်းပနေချိန် စစ်တပ်က ပြည်သူပေါင်း ၁၆၈ သေဆုံးစေသော လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုကို လုပ်ဆောင်ပြ
■ ကုလသမဂ္ဂနှင့်နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် မြန်မာပြည်သူများကို ဆန္ဒကိုလေးစားရန် လိုအပ်
ရန်ကုန်၊ မေ ၂
နိုင်ငံတကာက မြန်မာ့အရေး အဖြေရှာရန် ဆွေးနွေးပွဲများ ကျင်းပနေချိန် စစ်တပ်က ပြည်သူပေါင်း ၁၆၈ သေဆုံးစေ သော လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုအပါအဝင် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ပြသနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။
ယနေ့ ကျင်းပပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၇ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလအထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
နိုင်ငံတကာအနေဖြင့် မြန်မာ့အရေး ကြားဝင် ဆောင်ရွက်ရေး လုပ်ဆောင်ရာတွင် မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားကြရန် လိုအပ်ကြောင်း သမ္မတက ပြောသည်။
“မြန်မာ့အရေးအပေါ် ကြား၀င်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီးပြောချင်ပါတယ်။ Track 1.5 Dialogue အစည်း အဝေးဟာ ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်မှာ ပြီးခဲ့တဲ့ မတ်လတုန်းက တကြိမ်ပြုလုပ်ခဲ့တဲ့ အစည်းအ၀ေးဖြစ်ပြီး မြန်မာ့အရေးကို ဝိုင်းဝန်းဖြေရှင်းကြမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ နယူးဒေလီမှာ ထပ်မံကျင်းပကြတာ ဖြစ်တယ်လို့ သိထားပါတယ်။ ဒါပေမဲ့ အကြမ်းဖက် စစ်ခေါင်းဆောင်ကတော့ သူမလုပ်ရဲတာ မရှိဘူးလို့ပြောခဲ့တဲ့အတိုင်း ဒေလီမှာ ကျင်းပမယ့် Track 1.5 Dialogue အစည်းအဝေး မတိုင်ခင်မှာပဲ လူပေါင်း ၁၆၈ ယောက် သေဆုံးခဲ့တဲ့ အကြီးမားဆုံး လူသတ်ပွဲကြီးကို အားရပါးရ လုပ်ခဲ့တာ နိုင်ငံတကာက သိရှိပြီးဖြစ်မှာပါ။ အကြမ်းဖက် စစ်အုပ်စုဟာ နေ့စဥ်နှင့်အမျှ အပစ်မဲ့ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ် နေပါတယ်။ ပြည်သူတွေရဲအိုးအိမ်စည်းစိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ အရပ်သား ပြည်သူတွေ စုရုံးနေတဲ့ အခမ်းအနားတွေနဲ့ ပြည်သူလူထုတွေရှိတဲ့ ကျေးရွာတွေမှာလည်း တိုက်လေယာဥ်/ စစ်လေယာဥ်တွေနဲ့ နေ့စဥ်ဗုံးကြဲပြီး သတ်ဖြတ်နေတာဆိုရင် နှစ်နှစ်တာ ကာလကို ရောက်ရှိနေပြီဖြစ်ပါတယ်” ဟု သမ္မတက ပြောသည်။
မြန်မာပြည်သူများသည် စစ်တပ်၏ အုပ်ချုပ်မှုအောက်တွင် တစ်ရက်ကလေးမှ ပင် မနေနိုင်ကြကြောင်း၊ အသက်၊ အိုးအိမ်စည်းစိမ်း ဆုံးရှုံးရသည့် ပြည်သူအရေအတွက်လည်း တိုးပွားလာနေကြောင်း သမ္မတက ဆက်ပြောသည်။
“ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းကို ကျွန်တော်ဒီနေရာကနေ ပြောချင်တာကတော့ ကျွန်တော်တို့ ပြည်သူတွေအများစုဟာ ဒီအကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်မှုလက်အောက်မှာ တရက်လေးမှကို ဆက်လက်နေထိုင်လိုတဲ့ ဆန္ဒမရှိကြပါဘူး။ အကြမ်းဖက်စစ်တပ်ရဲ့ ဖိနှိပ်မှုကို တရက်ထပ်ခံရရင် အသက်၊ အိုးအိမ်၊ စည်းစိမ်ဆုံးရှုံးနေရတဲ့ ပြည်သူအရေအတွက်ကလည်း ထပ် ထပ်ပြီး တိုးလာနေမှာဖြစ်တယ် ဆိုတာပါပဲ။ ဒါကြောင့် နိုင်ငံတကာက အသိုင်းအ၀ိုင်းအနေနဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ ခံစားချက်နဲ့ နာကျင်မှုတွေကို လျစ်လျူရှုမထားကြပါနဲ့။ ဆွေးနွေးပွဲတွေမှာ ကျနော်တို့ ပြည်သူတွေရဲ့ ဆန္ဒတွေကို ဦးစားပေး အလေးထားလျက် မမေ့မလျော့ထည့်သွင်း ဆွေးနွေးကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု သမ္မတက တိုက်တွန်းသည်။