Breaking News- ထန်းတပင်မြို့နယ်၊ ဘုံးမ္မတီးကျေးရွာကို စစ်တပ်က တိုက် လေယာဉ်ဖြင့် ပစ်ခတ်မှု ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးပြီး အမျိုးသမီး ၁ ဦး ဦးခေါင်းပြတ်သေဆုံး၊ နေအိမ်များ မီးလောင်နေ
ရန်ကုန်၊ မေ ၂
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဘုံးမ္မတီးကျေးရွာကို စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ယနေ့ ညနေပိုင်း ပစ်ခတ်ရာ ပြည်သူ ၁၀ ဦးထက်မနည်းထိခိုက်သေဆုံးပြီး အမျိုးသမီး ၁ ဦးမှာ ဦးခေါင်းပြတ် သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
မေလ ၂ ရက်နေ့တွင် ထန်းတပင်မြို့နယ် ဘုံးမ္မတီးကျေးရွာအနီးတွင် စစ်ကောင်စီတပ်များနှင့်KNLA PDFပူးပေါင်းအဖွဲ့များ စစ်ရေးတင်းမာပြီး တိုက်ပွဲဖြစ်ပွားမှု တချို့ရှိခဲ့ကြောင်း၊ မေလ ၂ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ဂျက်ဖိုက်တာ၂စီးဖြင့် ၇ ကြိမ် ဗုံးကျဲချကြောင်း၊ အရပ်သားပြည်သူများ နေထိုင်သော ကျေးရွာများကို ဗုံးကျဲချခြင်း ဖြစ်ပြီး ပြည်သူများ ထိခိုက်သေဆုံးမှု များပြားကြောင်း သိရှိရသည်။
“စစ်တပ်က တိုက်လေယာဉ်နဲ့ သရက်တန်းကျေးရွာ ကျွဲလမ်းကျေးရွာ ဘုံးမ္မတီးကျေးရွာတွေကို ဗုံးကျဲချတယ်။ စစ်ကောင်စီ တပ်ရဲ့ ဘုံးမတီးစခန်းနားကိုလည်းကျဲချတယ်။ PDF ပူးပေါင်းအဖွဲ့တွေ အဲ့စခန်းကိုဝိုင်းထားတာ။ ပြည်သူတွေအများ အပြားထိထားတယ်ပြောပါတယ်။ သရက်တန်းနေအိမ်တွေမီးလောင်နေတာတွေ့နေရတယ်။ လက်ရှိတော့ ပြည်သူ ၁၀ ဦးဝန်းကျင် ထိခိုက်သေဆုံးမှုရှိတယ်။ ကျွဲလမ်းကျေးရွာမှာ ပြည်သူ ၃ ဦးထိထားတယ်။ စစ်တပ်က လက်နက် ကြီး ပစ်ကူအနေနဲ့ ၇၃တပ်ရင်း သပြေညွန့်စစ်တပ်က လက်နက်ကြီးတွေ ပစ်ကူပေးနေတယ်” ဟု ဒေသကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိအချိန်အထိ စစ်ရေး ဆက်လက် တင်းမာနေဆဲဖြစ်ပြီး တောင်ငူလေတပ်မှ တိုက်လေယာဉ် ၂ စီးဖြင့် လေကြောင်း ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုများ လုပ် ဆောင်နေကြောင်း၊ ပြည်သူများကို ထွက်ပြေး တိမ်းရှောင်ခြင်း မပြုရန် စစ်တပ်က တားဆီးထားသည့်အတွက် ပြည်သူအများစု မပြေးနိုင်ကြကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်တပ်၏ မီးရှို့မှုကြောင့် မီးလောင်နေသည့် စစ်ကိုင်းတိုင်းမှ ကျေးရွာတစ်ခု။ (ပုံအဟောင်းဖြစ်သည်။)