ဒီးမော့ဆိုရှိ စစ်ဘေးရှောင် စခန်းများကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်နေသဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
ရန်ကုန်၊ မေ ၃
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ဘေးရှောင် စခန်းများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် စစ်ဘေးရှောင် ပြည်သူများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၃ ရက်နေ့ နံနက် အစောပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးဖြင့် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ဘေးရှောင် စခန်းများကို ပစ်ခတ်နေသောကြောင့် စစ်ဘေးရှောင် ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
” နံနက်ပိုင်း တောက်လျှောက် လက်နက်ကြီးတွေနဲ့ ထုနေတာ ၁၀ လုံးကျော်ပြီ စစ်ရှောင်တွေနေတဲ့ နေရာကိုထုနေတာ ဒီးမော့ဆို အနောက်ဘက်ခြမ်းကိုပါ အထိအခိုက်မသိရသေးဘူး။ စစ်ခွေးတွေက လူနေထူတဲ့ နေရာတွေကို ပစ်မှတ်ထားနေတာ လောလောဆယ် အထိတော့ နေအိမ်ထိခိုက်တာတွေ မရှိသေးဘူး။ စစ်ရှောင်စခန်းတွေဆီလည်း ရောက်တယ်ကြားတယ် အခုပြည်သူတွေပြေးကုန်ပြီ” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။
လက်ရှိတွင် ကရင်နီပြည်နယ်အတွင်းသို့ စစ်တပ်က လေကြောင်းပစ်ကူများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် မြေပြင်တွင် ကြည်းတပ် အင်အားများကို အဆင်သင့်ပြင်ထားကာ အချိန်မရွေး ဝင်ရောက်နိုင်ရန် ကြိုးစားလျက်ရှိ ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခု။