ကရင်နီနှင့် ရှမ်းပြည်နယ်အစပ်တွင် ဖြစ်ပွားသော ဧပြီ ၁ လတာတိုက်ပွဲများအတွင်း စစ်သား ၇၀ ဦး သေဆုံးပြီး လက်နက် ၅၉ လက် သိမ်းဆည်းရမိ
ရန်ကုန်၊ မေ ၃
ကယားပြည်နယ်နှင့် ရှမ်း ပြည်နယ် အစပ်တို့တွင် ဧပြီလ ၁ လတာ တိုက်ပွဲများအတွင်း စစ်သား ၇၀ ဦးသေဆုံးပြီး လက်နက် ၅၉ လက် သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားသည်။
ဧပြီလအတွင်း တိုက်ပွဲပေါင်း ၅၀ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သား ၇၀ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပြီး ၃ ဦး အရှင်းဖမ်းဆီး ရမိခဲ့ကြောင်း၊ တိုက်ပွဲများ အတွင်း စစ်ကောင်စီထံမှ လက်နက်ကြီး ၇ လက်၊ လက်နက်ငယ် ၅၂ လက် နှင့် ခဲယမ်းများကို ကရင်နီ ပူးပေါင်းတပ်များမှ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် စစ်မျက်နှာ အသီးသီးတွင် ထိခိုက် ကျဆုံးမှုများပြားခဲ့သောကြောင့် ဧပြီလ အတွင်း လေကြောင်းဖြင့် ၁၀၈ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်း၊ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အတူ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း၊ စစ်တပ်၏ ဖမ်းဆီး သတ်ဖြတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှု နှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် လူနေအိမ်ပေါင်း ၂၀ ကျော်ပျက်စီးခဲ့ရပြီး ပြည်သူ့ဆေးရုံ နှင့် ကိုယ်ထူကိုယ်ထ ဆေးရုံ ၂ ရုံ၊ ကျေးရွာ ဆေးပေးခန်း ၂ ခန်းနှင့် ခရစ်ယာန် ဘုရားကျောင်း ၁ ကျောင်း တို့ ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧပြီလ အတွင်း အကြမ်းဖက် စစ်တပ်က ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်၊ ရှားတောမြို့နယ်၊ ဘောလခဲ-ဒီးမော့ဆိုမြို့နယ်တို့နှင့် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်း-ဖယ်ခုံမြို့နယ်တို့တွင် စစ်ကြောင်းများ ထိုးလျက် ရှိပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် နေ့စဥ် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှစ၍ ယနေ့ အထိ ပင်လောင်းမြို့နယ်မှ ဖယ်ခုံမြို့နယ် အနောက် ကယန်းဒေသဘက်ကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းကညပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှ စစ်ကြောင်းထိုးခဲ့ရာ တောင်မဲတင်းနှင့် မြောက်စလုံးအထိ ရောက်ရှိခဲ့ပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။
ရှမ်း-ကယား နယ်စပ်ရှိ ကျေးရွာများနှင့် မိုးဗြဲမြို့အနီးဖြစ်ပွားခဲ့သော တိုက်ပွဲများ အတွင်း စစ်တပ် ဘက်မှ စစ်ကြောင်း တစ်ကြောင်းလုံးနီးပါး သေဆုံးခဲ့ကြောင်း၊ ဧပြီလ အတွင်း ပင်လောင်း-ဖယ်ခုံ နယ်စပ်တိုက်ပွဲတွင်လည်း အကြမ်းဖက် စစ်တပ်မှ ၃၀ ကျော် သေဆုံးခဲ့ပြီး တိုက်လေယာဥ်များ၊ ရဟတ်ယာဥ်များ အသုံးပြု တိုက်ခိုက်ခဲ့သည့်အပြင်၊ ဖယ်ခုံမြို့အခြေစိုက်တပ်ရင်းများမှ လက်နက်ကြီးများ အဆမတန် ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ဘောလခဲနှင့် ဖားဆောင်းမြို့နယ်များကို လွိုင်ကော်မြို့နယ်မှ စစ်ကူ၊ လက်နက်ခဲယမ်း၊ ရိက္ခာများ ဖြည့်တင်းရာတွင် အရေးပါသော လွိုင်ကော်-ဒီးမော့ဆိုမြို့-ဘောလခဲ လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းသို့ လွိုင်ကော်မြို့နယ်နှင့် ဘောလခဲမြို့နယ်တို့မှ စစ်မျက်နှာစာ နှစ်ဖက်ဖွင့်ပြီး စစ်ကြောင်းထိုးလျက်ရှိကြောင်း၊ လွိုင်ကော်မြို့မှ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်မှ တဆင့် ဒေါတငူး နှင့် တနီးလားလဲကျေးရွာရှိ တောင်ကြောများပေါ်အထိ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကရင်နီ ပူးပေါင်းတပ်များက နှစ်လကျော်ကြာ ခုခံတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ဘောလခဲမြို့နယ်မှ ဒီးမော့ဆိုမြို့နယ် ဒေါညေးခူရွာ သို့ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်သောကြောင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များမှ ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ စစ်ကြောင်း ၃ ကြောင်းလုံး တပ်ပျက်ကာ ဘောလခဲမြို့နယ်မှ စစ်ကူများ ထပ်မံ ဖြည့်တင်း တိုက်ခိုက်လျက်ရှိကြောင်း၊ ဘောလခဲမြို့နယ်မှ ဒီးမော့ဆိုမြို့နယ်သို့ စစ်ကူသွားသော စစ်တပ်၏ စစ်ကြောင်းများကိုလည်း ကရင်နီ ပူးပေါင်းတပ်များမှ ဖြတ်တောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လွိုင်ကော်-မိုးဗြဲ လမ်းမကြီးတလျှောက် တပ်စွဲထားသော စစ်တပ်၏ ကင်းပုန်းစခန်းများနှင့် ကင်းစခန်းများကို KNDF မှ ရှောင်တခွင် ဝင်ရောက် တိုက်ခိုက်သောကြောင့် စစ်သားများ ထိခိုက်ဒဏ်ရာရရှိမှု များပြားခဲ့ပြီး ရှားတောမြို့နယ် ပွန်ချောင်း ကျေးရွာအနီးရှိ စစ်တပ်စခန်းကိုလည်း KNDF က ရှောင်တခွင် ဝင်ရောက် တိုက်ခိုက်သောကြောင့် စစ်သားများ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ရှားတောမြို့နယ် အတွင်း ရှမ်းပြည်နယ် နယ်စပ်မှတဆင့် သံလွင်မြစ် အရှေ့ဘက်ခြမ်းသို့ စစ်ကြောင်းထိုး လျက်ရှိကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ခုခံတိုက်ခိုက်ရင်း ပင်လောင်း-ဖယ်ခုံ နယ်စပ် မြောက်စလုံးတိုက်ပွဲ အတွင်း KNDF/B02 မှ ရဲဘော် ၁ ဦးနှင့် KNDF/B11 မှ ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း၊ ထို့အတူ ဒီးမော့ဆိုမြို့နယ် တနီးလားလဲကျေးရွာအနီးရှိ တောင်ပေါ်တွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ခုခံတိုက်ခိုက်ရင်း KNDF/B06 မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း၊ အထက်ပါတိုက်ပွဲများ အတွင်း ဖက်ဒရယ် ဒီမိုကရေစီ အရေးအတွက် အသက် ပေးသွားသော ရဲဘော် ၃ ဦးအား KNDF က ကရင်နီ အမျိုးသား အာဇာနည်အဖြစ် မှတ်တမ်းတင် အလေးပြုကြောင်း ထုတ်ပြန်ထားသည်။