ကန့်ဘလူမြို့နယ်၊ ထောက်ရှာအိုင်ရွာသား ၁၅ ဦးခန့်ကို စစ်တပ်က ဖမ်းဆီးသွားပြီး နေအိမ် ၆၀ ကျော်ကို မီးရှို့ ဖျက်ဆီး
ရန်ကုန်၊ မေ ၇
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထောက်ရှာအိုင်ရွာသား ၁၅ ဦးခန့်ကို စစ်တပ်က ဖမ်းဆီးသွားပြီး နေအိမ် ၆၀ ကျော်ကို မီးရှို့ ဖျက်ဆီးသွားကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ကန့်ဘလူမြို့ယ်၊ ထောက်ရှာအိုင်ရွာကို အကြမ်းဖက် စစ်တပ်၏ ခြေမြန်တပ်ရင်း- ၃၆၁ မှ ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၆၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တိုးသည့် ထောက်ရှာအိုင်ရွာသား စစ်ဘေးရှောင် ပြည်သူ ၁၅ ဦးခန့်ကိုလည်း စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။
“ထောက်ရှာအိုင်က စစ်ဘေးရှောင်ဖို့ တိမ်းရှောင်လာတဲ့ခန့်မှန်းခြေ ပြည်သူ ၁၅ ဦးလောက်ကို စစ်တပ် စစ်ကြောင်းက ဖမ်းဆီးသွားတယ်။ စစ်တပ် စစ်ကြောင်းက မီးရှို့သွားလို့ ပြည်သူပိုင် နေအိမ် ၆၀ လောက် ပြာကျသွားတယ်။ အရေအတွက် အတိအကျတော့ မသိရသေးဘူး” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။