ပြင်ဦးလွင်၊ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းကို မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ လုပ်ပိုင် ခွင့်ရ၊ သားဖြစ်သူ လုပ်ခွင့်ရသည့် အပန်းဖြေစခန်းကို စည်ကားရေး မင်းအောင်လှိုင်က ဖိအားပေး
ရန်ကုန်၊ မေ ၁၀
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS) ကို မင်းအောင်လှိုင်၏သား အောင်ပြည့်စုံက အပြည့်အ၀ လုပ်ပိုင် ခွင့်ရထားပြီး သားဖြစ်သူ လုပ်ပိုင်ခွင့်ရသည့် အပန်းဖြေစခန်း စည်ကား ရေး အဖေဖြစ်သူ မင်းအောင်လှိုင်က ဖိအားပေးကြီးကြပ်လျက်ရှိကြောင်း စစ်တပ်သတင်းရင်းမြစ်က ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်က ပြင်ဦးလွင် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS)ကို နိုင်ငံတကာ အဆင့်မီ အပန်းဖြေ စခန်းတစ်ခုအဖြစ် အဆင့်မြှင့်တင်မည်ဟုဆိုကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်ကြောင်း၊ ယင်းနောက် ယင်းအပန်းဖြေစခန်း လုပ်ပိုင်ခွင့်များကို အောင်ပြည့်စုံ၏ ကုမ္ပဏီထံသို့ အပြည့်အ၀ လုပ်ပိုင်ခွင့် လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရှိရသည်။
” အပန်းဖြေစခန်းကို သူ့သားကို လုပ်ခွင့်ပေးတယ်။ သူ့သားကမှ တစ်ဆင့် ကုမ္ပဏီ တွေကို ကန်ထရိုက်ပြန်ချပြီး ခွဲပေးတယ်လို့ သိထားပါတယ်။ ဒီနှစ်သင်္ကြန်ကာလတုန်းက မင်းအောင်လှိုင်က အဲဒီပွဲကောက်ရေတံခွန်း အပန်းဖြေစခန်းကို သွားပြီး စည်ကားရေး အမြန်လုပ်ဖို့။ လုပ်ငန်းခွင် တည်ဆောက်ရေးတွေ အမြန်လုပ်ပြီး လက်စသတ်ဖို့ သွားစစ်တယ်။ သားက လုပ်ပိုင်ခွင့်ရတယ်။ အဖေက စည်ကားဖို့ လုပ်တယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။
ပြင်ဦးလွင်တွင် စစ်တပ် ကင်ဆာကုဆေးရုံကိုလည်း မင်းအောင်လှိုင်၏သား ဖြစ်သူ အောင်ပြည့်စုံ၏ ဆောက်လုပရေး ကုမ္ပဏီကို ချထားပေး ဆောက်လုပ်စေခဲ့ပြီး ယင်းလုပ်ငန်းခွင်ကို မင်းအောင်လှိုင်က သွားရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။
လက်ရှိ မင်းအောင်လှိုင်သား လုပ်ပိုင်ခွင့်ရရှိထားသော ပြင်ဦးလွင် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းတွင် အဆင့်မြင့်ခေတ်မီ 5D LED DIGITAL မှန်တံတား၊ ခေတ်မီ ကလေးကစားကွင်း၊ Jumping Cloud ၊ ကြိုးတံတား၊ အလှသစ်လုံးအိမ်၊ တောတွင်းလျှောက်လမ်း၊ အမှတ်တရ အလှဓာတ်ပုံရိုက်ကူး ရန်နေရာများ၊ အဆင့်မြင့်ကော်ဖီဆိုင်နှင့် စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ ဒေသထွက်ပစ္စည်း အရောင်းဆိုင်များနှင့် ဒေသထွက် အစားအစာ စားသောက်ဆိုင်များ စီစဉ်ထားသည့်အပြင် ဆင်လိမ္မာလေးများ၏ အလှပြကစားမှုများ၊ တေးဂီတ (Unplugged)ဖျော်ဖြေရေး အစီအစဉ်များကို စီစဉ်ထားရှိကြောင်း၊ အပန်းဖြေစခန်းအတွင်း လှည့်လည်ကြည့်ရှု အပန်းဖြေရာတွင် Buggy ယာဉ်ငယ်များဖြင့်လည်း လှည့်လည်ကြည့်ရှု အပန်းဖြေသည့် အစီအစဉ်များ ထည့်သွင်းထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယခုနှစ်သင်္ကြန်ကာလ သားဖြစ်သူ လုပ်ပိုင်ခွင့်ပေးထားသော ပွဲကောက် ရေတံခွန် အပန်းဖြေစခန်းကို သွားရောက် စစ်ဆေးနေသည့် အကြမ်း ဖက် မင်းအောင်လှိုင်။