စလင်းမြို့နယ်၊ သရက်တောရွာ ရဲစခန်းကို PDF တပ်ဖွဲ့ ဝင်ရောက် တိုက်ခိုက်၊ ဖားကန့်တွင် စစ်တပ်စစ်ကြောင် မိုင်းမိပြီး စစ်သား ၂ ဦးသေဆုံး
ရန်ကုန်၊ မေ ၁၀
မကွေးတိုင်း၊ စလင်းမြို့နယ်၊ သရက်တောရွာရှိ ရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၁၀ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်နှင့် ရဲများ တပ်စွဲထားသော စလင်းမြို့နယ်၊ သရက်တောရွာရှိ ရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး သတင်းဖောက်ကြားမှုကြောင့် အကြမ်းဖက် စစ်တပ်ဘက်က ကြိုတင်ပြင်ဆင်ချိန်ရသွားသောကြောင့် စခန်းသိမ်းပိုက်နိုင်ခြင်း မရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ ရမ်းသမ်း ပစ်ခတ်မှုကြောင့် နေအိမ်အတွင်း ကလေးထိန်းနေသည့် သရက်တောကျေးရွာသူ မမေရီခိုင် ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။
“စလင်းမြို့နယ် သရက်တော ရဲစခန်းကို PDF တပ်ဖွဲ့က ဒီနေ့ အစောပိုင်း နံနက် ၃ နာရီလောက်မှာ ဝင်ရောက် တိုက်ခိုက်တယ်။ လာတိုက်မယ်ဆိုတာ သတင်းပေါက်ကြားသွားလို့ စခန်း မသိမ်းနိုင်လိုက်ဘူးလို့ သိရတယ်။ ကုန်းခြားရွာက အုပ်ချုပ်ရေးမှူး တပည့်တွေ ဖားကောက်နေတုန်း စခန်းကို လာတိုက်တဲ့ PDF တွေနဲ့တွေ့ပြီး ဖမ်းဆီးခံရတယ်။ ဖမ်းဆီးခံရတဲ့ထဲက အုပ်ကြီး တပည့် ၃ ဦး ထွက်ပြေးလွတ်မြောက်သွားပြီး စခန်းကို ဖုန်းဆက်ပြောတယ် ကြားတယ်။ အဲ့ဒါ နဲ့တစ်ဖက်က ညတွင်းချင်း ရဲခွေး၊ စစ်ခွေး မိသားစုတွေ နေရာပြောင်းပြီး အသင့်အနေထားနဲ့ ပြင်ဆင်ချိန် ရသွားတယ်လို့ သိရတယ်။ PDF တွေ ပြန်သွားတာတောင် စစ်ခွေးတွေက နံနက် ၇ နာရီအထိ ပစ်နေတုန်းပဲ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း စလင်းမြို့နယ် သရက်တော ရဲစခန်းမှ စခန်းမှူး ပေါင်ကို ကျည်ထိမှန်ပြီး PDF ရဲဘော် ၁ ဦး ကျဆုံးကြောင်း သိရှိရသော်လည်း အတည်မပြုနိုင်သေးကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။
အလားတူ မေလ ၉ ရက်နေ့ ညနေပိုင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်တွင် ကင်းလှည့် ပြန်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင်း၊ အလောင်းကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။
“ကင်းလှည့်ပြန်လာတဲ့စစ်ကြောင်းကို မိုင်းဆွဲလိုက်တာ စစ်သားတွေ အကုန်မြောက်တက်သွားတယ်။ မျက်မြင်အရတော့ ၂ ဦးသေတယ်။ ဒီနေ့ မနက်အထိ မိုင်းဆွဲခံရတဲ့နားမှာ သွေးကွက်ကြီးတွေ တွေ့တယ်” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောဆိုသည်။